ရိုးရှင်းသောအပြုံးတစ်ခုကဘယ်လောက်အထိတာသွားပါသလဲ။

လူတစ်ယောက်ရဲ့အပြုံးကို မြင်လိုက်ရတာနဲ့တင် အခြားလူတစ်ယောက်က ပျော်ရွှင်ကျေနပ်သွားတာမျိုး၊ ရယ်မာသွားနိုင်တာမျိုး ဖြစ်စေနိုင်ပါတယ်။ သိပ္ပံပညာရှင်အချို့ကတော့ ပြောထားပါသေးတယ်။ အပြုံးက သင့်ကို စွမ်းအင်တွေတိုးစေနိုင်ပါတယ်။ သင့်ပတ်ဝန်းကျင်ကိုလည်း ဆွဲဆောင်နိုင်ပါသေးတယ်တဲ့။ ပြုံးခြင်းနဲ့ အသက်ရှည်ခြင်း ကျန်းမာခြင်းက ဆက်စပ်နေတယ်လို့ ပြောတတ်ကြပါတယ်။ ပြောရရင် ပြုံးတယ်ဆိုတာ ပျော်ရွှင်ခြင်းရဲ့အခြေခံပါပဲ။ အဲဒါကြောင့် ပြုံးခြင်းက ကျန်းမာရေးနဲ့ပတ်သက်တဲ့ကောင်းကျိုးတွေ အများကြီးရနိုင်တာပေါ့။


၁) ပြုံးခြင်းက သင့်ကို စွဲဆောင်မှုရှိစေပါတယ်။
သင့်မျက်နှာမှာ ပြုံးရွှင်နေတဲ့အခါ သင့်ရဲ့ပတ်ဝန်းကျင်ကလူတွေအတွက် သင်က ရုပ်ပိုင်းဆိုင်ရာအရလည်း စွဲဆောင်မှုရှိနေစေပါတယ်။ မျက်မှောင်ကျုံ့ခြင်း၊ မျက်နှာက ဒေါသအရိပ်အယောင်ထင်နေခြင်း၊ စသဖြင့် အပြုံးနဲ့ဆန့်ကျင့်ဘက်မျက်နှာအမူအယာက သင့်အနားမှာ ရှိနေတဲ့လူတွေကို အဝေးကိုထွက်သွားစေနိုင်ပါတယ်။

၂) ပြုံးခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။
ပြုံးလိုက်ခြင်းက သင့်ရဲ့စိတ်ဖိစီးမှု၊ ပင်ပန်းမှု၊ စိတ်ဓာတ်ကျမှု စတဲ့ ဖိစီးမှုတွေကိုပြေလျော့စေနိုင်ပါတယ်။

၃) စိတ်အာရုံကို လှုံ့ဆော်ပေးနိုင်ပါတယ်။
နောက်တစ်ခါ သင့်အနေနဲ့ စိတ်ဓာတ်ကျနေသလိုခံစားနေရတယ်ဆိုရင် အပြုံးတစ်ခုဆင်မြန်းဖို့ ကြိုးစားကြည့်ပါ။ သင့်ရဲ့စိတ်အာရုံတွေကိုပါ ပြောင်းလဲသွားစေတာကို သင်တွေ့ရမှာပါ။ ပြုံးလိုက်ခြင်းက သင့်ရဲ့ဦးနှောက်က အာရုံကြောတွေကိုပါ လှုံ့ဆော်ပေးနိုင်ပါတယ် ။

၄) ပြုံးခြင်းက ခန္ဓာကိုယ်က ခုခံနိုင်စွမ်းကို တိုးစေပါတယ်။
ပြုံးခြင်းက သင့်ရဲ့ကျန်းမာရေးအလုံးစုံကို တိုးတက်စေနိုင်ပါတယ်။ ပြုံးခြင်းက ခုခံနိုင်စွမ်းကို တိုးစေတဲ့လုပ်ဆောင်ချက်တွေကို အကျိုးသက်ရောက်မှုရှိစေပါတယ်။ သင်ပြုံးလိုက်တဲ့အခါ သင်ပိုပြီး သက်တောင့်သက်သာဖြစ်သွားစေပြီး ခုခံစွမ်းအားတိုးစေပါတယ်။
စတဲ့အချက်တွေအပြင် ပြုံးခြင်းက လူမှုလက်တွေ့ဘဝမှာလည်း အများကြီးသက်ရောက်မှုရှိပါတယ်။ လူမှုဆက်ဆံရေးမှာဆိုလည်း ဘယ်လိုပဲ တစ်ယောက်နဲ့တစ်ယောက်အဆင်မပြေပါစေ၊ အပြုံးလေးတစ်ခုကြားခံလိုက်တဲ့အခါ တင်းမာနေတဲ့ဆက်ဆံရေးက ပြေလျော့သွားနိုင်ပါသေးတယ်။ လုပ်ငန်းခွင်မှာဆိုလည်း အတူူတူပါပဲ။

ဘာမှ တန်ကြေးမရှိဘူးထင်ရတဲ့ အပြုံးလေးတစ်ခုက ဘယ်လောက်တာသွားလဲဆိုရင် လူတစ်ယောက်ရဲ့အသက်အန္တရာယ်ကို ကယ်ဆယ်ပေးနိုင်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
အက်မင်ဖတ်ဖူးတဲ့စာတစ်ပုဒ်ထဲမှာဆိုရင် အလုပ်ခွင်တစ်ခုမှာ မိန်းကလေးတစ်ယောက်က အလုပ်တက်ချိန်၊ အလုပ်ဆင်းချိန်တိုင်း လုံခြုံရေး ဦးလေးကြီးကို အမြဲပြုံးပြနှုတ်ဆက်လေ့ရှိပါသတဲ့။ လုံခြုံရေးဦးလေးကြီးက အစကတော့ မမှတ်မိပေမယ့် နေ့တိုင်းလိုလိုဆိုတော့ ထိုကဲ့သို့အမြဲပြုံးပြနှုတ်ဆက်တတ်တဲ့ကောင်မလေးကို မျက်မှန်းတန်းမိနေပါတယ်။ တစ်နေ့တော့ အလုပ်ဆင်းလို့ အလုပ်ခွင်ထဲကလူတွေ အားလုံး ခန်းမကြီးထဲကနေ ထွက်သွားကြတာတောင် လုံခြုံရေးဦးလေးကြီးကို နှုတ်ဆက်နေကျ
ကောင်မလေးက ထွက်မလာခဲ့ပါဘူး။ ဦးလေးကြီးကလည်း မနက်က အလုပ်ခွင်ထဲဝင်တုန်းကတော့
နှုတ်ဆက်သွားသေးတာ မှတ်မှတ်ရရပဲမို့ အလုပ်ဆင်းတဲ့အချိန် ကောင်မလေးထွက်မလာတာကို
စဉ်းစားစရာဖြစ်နေပါလေရော။ ပြီးတော့ သူတို့အလုပ်က အလုံခန်းတွေဖြစ်နေပြီး
အအေးဓာတ်တွေ လွှတ်ထားတဲ့အအေးခန်းလို အခန်းမျိုးတွေလည်း ရှိနေတာမို့ ကောင်မလေး ကျန်ခဲ့ရင်တောင် ဘယ်သူမှသိလိုက်မှာမဟုတ်ပါဘူး။ အဲဒါကို သိနေတဲ့ လုံခြုံရေးဦးလေးကြီးက
ကောင်မလေးအတွက် စိတ်ပူပြီး အခန်းသော့တွေအကုန်ဖွင့်လို့ လိုက်ရှာပါလေတော့တယ်။
အဲဒီ့အခါကျမှ လူမရှိတော့ဘူးထင်ပြီး အခြားသူတွေပိတ်သွားတဲ့အအေးခန်းတစ်ခုထဲမှာ ကောင်မလေးကို
လဲကျလျက်တွေ့လိုက်ရပါတယ်။ နောက်ဆုံးမှာတော့ လုံခြုံရေးဦးလေးကြီးကို အလုပ်တက်၊
အလုပ်ဆင်း မှန်မှန်ပြုံးပြတတ်တဲ့ကောင်မလေးရဲ့အသက်အန္တရာယ်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ အဲဒါက ဘာကိုပြောလဲဆိုရင် အမြဲလို မျက်နှာပြုံးရွှင်နေခြင်းက သင့်ပတ်ဝန်းကျင်က အခြားသူများကိုပါ သတိပြုမိစေပြီး ချစ်ခင်စိတ်ဖြစ်ပေါ်စေနိုင်ပါသေးတယ်။ အမြဲလို ပြုံးရွှင်နေတတ်တဲ့ သူတစ်ယောက်အတွက် မိတ်ဆွေအပေါင်းအသင်းလည်း မရှားနိုင်ပါဘူး။ မျက်နှာမြင် ချစ်ခင်ပါစေ….ဆိုတဲ့စကားက ထိုကဲ့သို့ ပြုံးနေတတ်သူတွေအတွက်ဖြစ်မှာပါ။
(အကြောင်းရင်းမရှိဘဲ ပြုံးနေတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူးနော်) လူတွေနဲ့
ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ မျက်နှာထားတင်းတင်းနဲ့ ဆက်ဆံတတ်တဲ့သူနဲ့ အမြဲပြုံးရွှင်ပြီး အဆင့်အတန်းမခွဲခြားဘဲ ဆက်ဆံတတ်တဲ့သူက သိသိသာသာကွာခြားသွားပါတယ်။ လူမှုပတ်ဝန်းကျင်မှာဆိုလည်း အပြုံးတစ်ခုနဲ့ လူတွေအားလုံးကို ချစ်ခင်လာအောင် ဆွဲဆောင်နိုင်သလို အလုပ်ခွင်မှာလည်း အားလုံးနဲ့အဆင်ပြေတဲ့လူတစ်ယောက်ဖြစ်လာစေနိုင်ပါတယ်။ အဲဒါအပြင် စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး ကျန်းမာစေနိုင်တာမို့ စိတ်ကျန်းမာဖို့အတွက်ကော၊ ကိုယ်ကျန်းမာဖို့အတွက်ကော အပြုံးကို လိုအပ်ပါတယ်။
အားလုံးလည်း စိတ်ညစ်စရာတွေကို ပြုံးပြုံးလေး ရင်ဆိုင်လိုက်ပြီး ကျော်လွှားနိုင်ကြပါစေ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။