ဦးနှောက်ကို ဘယ်လိုအနားပေးမလဲ။

တစ်နေ့တာ လှုပ်ရှားမှုမှန်သမျှ၊ တွေးခေါ်မှုမှန်သမျှ၊ ဖိစီးမှုမှန်သမျှကို ကျွန်တော်တို့ရဲ့ဦးနှောက်က သယ်ပိုးပေးထားရပါတယ်။ အဲဒီ့အတွက် ဦးနှောက်က အခြားသောအဂါၤရပ်များထက်ကို ပိုပြီး ဖိစီးမှုခံရပါတယ်။ ဦးနှောက်ကဖိစီးမှုတွေများလာတဲ့အခါ ခေါင်းကိုက်ခြင်း၊ စိတ်မကြည်ခြင်း၊ စိတ်တိုဒေါသထွက်လွယ်ခြင်းစသည့် ဆိုးကျိုးတွေဖြစ်ပေါ်လာပြီး ကျန်းမာရေးနဲ့မညီညွတ်နိုင်တော့ပါဘူး။ အဲဒါကြောင့် တစ်နေ့တာ လှုပ်ရှားရုန်းကန်ပြီးတဲ့အခါ ဦးနှောက်ကို ဘယ်လိုအနားပေးမလဲဆိုတဲ့အချက်လေးတွေဖော်ပြပေးလိုက်ပါတယ်။ ၁) တရားထိုင်ပါ။ အားလုံးကို ရပ်တန့်ပစ်လိုက်ပြီးတဲ့နောက်မှာ တရားထိုင်လိုက်ပါ။ တရားထိုင်ခြင်းက သင့်ရဲ့စိတ်ကို တည်ငြိမ်သွားစေပြီး သင့်ဦးနှောက်ကိုလည်း တည်ငြိမ်စေပါတယ်။ ထိုင်ခါစမှတော့ အာရုံလွှင့်နေအုံးမှာဖြစ်ပေမယ့် နာရီဝန့်ခန့်ထိုင်လိုက်တဲ့အခါ အားလုံးတည်ငြိမ်သွားနိုင်ပါပြီ။ အဲဒါက သင့်ဦးနှောက်ကို အနားပေးခြင်းတစ်မျိုးပါပဲ။ ၂) အလုပ်ကို အလုပ်မှာပဲထားခဲ့ပါ။ အလုပ်မှာ မပြီးမသတ်သေးတဲ့ အလုပ်အကြောင်းတွေးတဲ့ အတွေးတွေက သင့်ဦးနှောက်ကို ဖိစီးစေပါတယ်။ တစ်ယောက်တည်းပူပန်နေတာက သင့်ကိုစိတ်ဖိစီးမှုတွေဖြစ်စေပါတယ်။ အလုပ်ရောက်မှ အလုပ်အကြောင်းကို ဆက်စဉ်းစားတာက အကြောင်းဆုံးပါ။ အိမ်ရောက်တဲ့အခါ အလုပ်အားလုံးကို အလုပ်မှာထားခဲ့ပြီးတော့ လွတ်လပ်စွာနေပါ။ အဲဒါက သင့်ဦးနှောက်ကို ငဲ့ညှာပြီး အနားပေးခြင်းတစ်မျိုးပါပဲ။ ၃) သီချင်းနားထောင်ပါ။ ပူပန်မှုတွေက သင့်ဦးနှောက်ကိုအနှောင့်အယှက်ပေးနိုင်ပါတယ်။ အဲဒီ့တော့ ပူပန်မှုတွေကို မတွေးတော့ဘဲ အိမ်မှုကိစ္စတွေ၊ အိမ်မှာလုပ်စရာရှိတာတွေကို သီချင်းအေးအေးလေးဖွင့်ထားပြီး လုပ်စရာရှိတာတွေလုပ်ရင်း နားထောင်ပါ။ သီချင်းအေးလေးတွေက သင့်ဦးနှောက်ကို အနားယူတဲ့အချိန်မှာ နားထောင်သင့်ပါတယ်။ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့သီချင်းလေးတွေ နားထောင်တာမျိုးကလည်း သင့်အတွက် ပူပန်မှုတွေကို လျော့စေနိုင်ပါတယ်။ ၄) တစ်နေ့တာလုံးကို ပြန်သုံးသပ်ပါ။ ကဖင်းဓာတ်များတဲ့ကော်ဖီ၊ လက်ဖက်ရည်တွေအများကြီးသောက်မိနေလား၊ ခွန်အားဖြည့်အချိုရည်တွေအများကြီးသောက်မိနေလား၊ အဲဒါတွေက သင့်ကိုခေါင်းကိုက်စေတာမျိုးတွေဖြစ်စေပါတယ်။ ပြီးတော့ဘာအကြောင်းအရာတွေက သင့်ကိုပူပန်နေစေတာလဲ၊ ဘာအကြောင်းတွေက စိတ်ဖိစီးစေတာလဲ၊ မကြာခဏ စိတ်တိုဒေါသထွက်လွယ်နေမိလား၊ ဖိစီးမှုတွေဖြစ်လာတိုင်း ဘာကိုမှ တည်ငြိမ်အောင်ဆောက်တည်လို့မရလောက်အောင် စိတ်တွေ ကယောက်ကယက်ဖြစ်နေမိလား စသည်ဖြင့် ပြန်ပြီး သုံးသပ်ကာ အဲဒါတွေကို လျော့ချနိုင်သလောက် လျော့ချဖို့ ဆုံးဖြတ်ပါ။ အဲဒီ့လိုဖိစီးမှုမှန်သမျှကို လက်ခံထားပြီး သင့်ဦးနှောက်ကမခံမရပ်နိုင်တဲ့အခါ ဖြစ်လာမယ့် အကျိုးဆက်တွေက အဲဒါတွေထက်ပိုဆိုးဝါးပါတယ်။ အဲဒီ့တော့ အနားယူနေတဲ့အချိန်မှာ အေးဆေးသုံးသပ်ပါ။ သင့်ရဲ့ဦးနှောက်ကို ဒီထက်မဖိစီးခင် ဒီထက်မထိခိုက်အောင် လျော့ချပစ်လိုက်ပါ။ မေ့ပစ်လိုက်ပါ။ အဲဒါကလည်း သင့်ဦးနှောက်ကို အနားပေးနိုင်မယ့်နည်းလမ်းတစ်မျိုးပါပဲ။ ၅) ရေနွေးနဲ့ရေချိုးပါ။ ရေနွေးက သင့်ကိုကောင်းစွာအိပ်ပျော်စေပါတယ်။ ရေနွေးလေးနဲ့ရေချိုးပြီးတဲ့အခါ အားလုံးကို မေ့နိုင်သွားမှာပါ။ ပြီးမှ လုပ်ချင်တာလေးတွေ ဆက်ပြီးလုပ်ပါ။ မနက်ဖြန်ရုံးတက်မယ့် အဝတ်အစားတွေပြင်ဆင်ထားတာမျိုး၊ ဒိုင်ယာရီရေးတာမျိုးလေးတွေ လုပ်ပါ။ အဲဒါတွေက ဦးနှောက်အတွက်ပေါ့ပေါ့ပါးပါးဖြစ်စေတဲ့ အရာလေးတွေပဲမို့ ဦးနှောက်ကို အနားပေးသလိုပါပဲ။ ၆) အားလုံးကို ရပ်ပစ်လိုက်ပါ။ အိပ်စက်ချိန်မတိုင်မီ နာရီဝက်ခန့်အလိုလောက်မှာ ကတည်းက သင့်ရဲ့စာအုပ်၊ ဖုန်း၊ ရေဒီယို၊ တီဗီ စသည်တို့ကို အားလုံးရပ်ပစ်လိုက်ပါ။ အဲဒါတွေက သင့်ရဲ့အာရုံကြောကို လှုံ့ဆော်နေတာကြောင့်ပါ။ နာရီဝက်ခန့်ကြိုနားခြင်းက သင့်ဦးနှောက်ကို အနားပေးဖို့ အရှိန်ယူလိုက်တာပါပဲ။ ၇) အိပ်ရာကို အိပ်စက်တဲ့အချိန်မှသာ အသုံးပြုပါ။ တစ်ချို့က အိပ်ရာထဲမှာ စာဖတ်တာမျိုး၊ အိပ်ရာထဲမှာ လုပ်လက်စအလုပ်ကို လက်တော့နဲ့ဆက်လုပ်နေတတ်တာမျိုးလုပ်တတ်လို့ပါ။ အဲဒါမျိုးက သင့်ရဲ့အာရုံကြောတွေကို လှုံ့ဆော်ပေးစေပါတယ်။ အဲဒီ့တော့ ဦးနှောက်ကို အနားပေးသလိုမဖြစ်ပါဘူး။ တီဗီကြည့်မယ်၊ ကွန်ပျူတာကြည့်မယ်၊ စာဖတ်အုံးမယ်ဆိုရင် အိပ်ခန်းရဲ့အပြင်ဘက်မှာသာ လုပ်သင့်ပြီး အိပ်ရာဝင်မယ်ဆိုမှသာ အိပ်ရာမှ လဲလျောင်းအိပ်စက်ခြင်းက သင့်ရဲ့ဦးနှောက်ကို အနားပေးသလိုဖြစ်ပြီး သင်လည်း ကောင်းစွာအိပ်ပျော်စေမှာပါ။ သင့်ဦးနှောက်ကို သင်အနားပေးလိုက်တဲ့အခါ နောက်တစ်နေ့မနက်မှာ သင်လန်းဆန်းစွာနိုးထနိုင်မှာပါ။ ကြိုတင်ပူပန်ပြီး ဖိစီးမှုတွေဖြစ်နေတာက နောက်နေ့အလုပ်တွေကို အကောင်းဆုံးဖြစ်အောင်လည်း စွမ်းဆောင်နိုင်မှာမဟုတ်တော့ပါဘူး။ အဲဒီ့တော့ အလုပ်ကိုအလုပ်မှာထားခဲ့ပြီးအိမ်ပြန်ပါ။ နောက်တစ်နေ့အလုပ်ကို တက်ကြွစွာသွားပြီး အလုပ်တွေအမြန်ဆုံးပြီးဆုံးအောင်လုပ်နိုင်ဖို့ ဦးနှောက်ကိုမဖိစီးစေပါနဲ့တော့။#BAWA101


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။