တကယ်လို့များ ကိုယ့်ကလေး ( Bully) လုပ် အနိုင်ကျင့်ခံခဲ့ရတယ်ဆိုရင် ကိုယ့်ကလေးကို ဘယ်လိုလုပ်ပေးသင့်သလဲ.။

ကိုယ့်ကလေးကိုတော့ အခြားလူတွေကို အနိုင်မကျင့်ရဘူးနော်....လို့ သင်ထားပေမယ့် အခြားလူတစ်ယောက်ယောက်က ကိုယ့်ကလေးကို အနိုင်ကျင့်တာခံလာခဲ့ရတာမျိုးလည်း ကြုံနိုင်ပါတယ်။ ဘာလို့ဆို အချို့မိဘတွေက (မိဘတိုင်းကိုမဆိုလိုပါ) ကိုယ်ကလက်ဦးအောင်ပြန်ချခိုင်းတာမျိုး၊ အနိုင်ကျင့်တာကို သာမန်လုပ်ရိုးလုပ်စဥ်တစ်ခုလို ကျွမ်းဝင်နေတဲ့ မိသားစုက လူမျိုးတွေကြောင့် ကလေးတွေကလည်း နီးစပ်ရာကနေ သင်ယူတတ်ကြပါတယ်။ အဲဒီ့အတွက် နိုင်ကျင့်လို့ ကျင့်နေမှန်းတောင်မသိဘဲ တဖက်သားကို ပြုမူအနိုင်ကျင့်တာမျိုးတွေလုပ်တတ်ကြပါတယ်။


တချို့ခံရသူဘက်က မိဘတွေရဲ့ ရင်ဖွင့်စကားအအချို့အရ တဖက်ကအနိုင်ကျင့်သူတွေမှာ အနိုင်ကျင့်လိုက်တယ်ရယ်လို့ ခံစားချက်မျိုး မသိကြဘဲ ပုံမှန်လုပ်ရိုးလုပ်စဥ်လို ပြုမူနေကြတာကို တွေ့ရတတ်ပါတယ်။ ကလေးချင်းဆိုရင်တော့ ကလေးတွေဟာ လူကြီးတွေဆီကနေ သင်ယူတာမို့ ကလေးရဲ့ပတ်ဝန်းကျင်က လူကြီးတွေရဲ့အပြုအမူက မှန်ကန်နေဖို့အရေးကြီးပါတယ်။ လူကြီးတွေကပြုမူတယ်ဆိုရင်တော့ ကလေးအစား မိဘက ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းပေးသင့်ပါတယ်။
စျေးသွားရင်း ကလေးမလေး အသက် ၄နှစ်ခန့်ကလေးမလေးရဲ့ တင်ပါးကို လူကြီးတစ်ယောက်က တဖတ်ဖတ်နဲ့ရိုက်ပြီး စတယ်လို့လုပ်တာကို မြင်ခဲ့ဖူးပါတယ်။ မြန်မာလူမျိုးတွေရဲ့ထုံးစံအရ ချစ်လို့စတာ.....ဆိုတဲ့စကားနဲ့တင် မိဘလုပ်သူက မျက်နှာမကောင်းပေမယ့် တဖက်လူကြီးကို ဒီအပြုအမူမကြိုက်ကြောင်း မဟန့်တားဘဲ ၄နှစ်ကလေးကိုသာ “သမီးကလည်း စိတ်မဆိုးရဘူးလေ....သမီးကို ဦးကချစ်လို့စတာ....”ဆိုတဲ့စကားနဲ့ ကလေးက စိတ်ဆိုးတာကို တားဆီးတတ်ကြတာ မျက်မြင်ကြုံဖူးပါတယ်။ တကယ်တော့ ဒီလိုအခြေအနေမျိုးမှာ ဘာမှ မတုံ့ပြန်နိုင်တဲ့ကလေးအစား မိဘက ဒီအပြုအမူကို မနှစ်သက်ကြောင်း၊ မပြုမူသင့်ကြောင်း တားဆီးဟန့်တားလိုက်ရမှာပါ။ တခါတလေကျရင် ကလေးကို Bully လုပ်လွယ်ကူရခြင်းဟာ အုပ်ထိန်းသူမိဘတွေကြောင့်လည်း အများကြီး သက်ဆိုင်ပါတယ်။ တကယ်လို့များ ကိုယ့်ကလေးကို တခြားတစ်ယောက်ယောက်က ဖြစ်စေ၊ အုပ်စုဖွဲ့ဖြစ်စေ Bully လုပ် အနိုင်ကျင့်ခြင်းကြုံလာခဲ့ရင် အောက်ပါအချက်တွေ ပြောြပပေးပါ။

၁) ဘာတွေဖြစ်လာပါစေ.....မိဘတွေက အမြဲအနားမှာရှိကြောင်းအားပေးပါ။
ဘာတွေပဲကြုံကြုံ ကလေးဟာ တစ်ယောက်တည်းမဟုတ်ကြောင်း၊ ကလေးအတွက် မိဘတွေက အားပေးမှာဖြစ်ကြောင်း၊ ကလေးကို အမြဲချစ်ခင်နေမှာဖြစ်ကြောင်း ပြောပြပေးပါ။ ကလေးကို မေတ္တာဖြင့် ဆက်ဆံ‌ပေးပါ။ ကလေးပြောပြသမျှ ခံစားရသမျှကို စိတ်ရှည်စွာ နားထောင်ပေးပါ။

၂) အနိုင်ကျင့်သူတွေကသာ အမှားဖြစ်ကြောင်းနားလည်အောင်ပြောပြပါ။
အနိုင်ကျင့်တတ်သူတွေကသာ မှားနေတာဖြစ်ကြောင်း နားလည်အောင်ပြောပြပေးပါ။ ကိုယ်က အနိုင်ကျင့်ခံရတယ်ဆိုရင် သူတို့အမှားကို အမှားမှန်းသိအောင် တခုခုလုပ်ရမှာဖြစ်ကြောင်း ၊ အဲဒီ့အတွက် မိဘတွေက ကူညီပေးမှာဖြစ်ကြောင်း၊ အနိုင်ကျင့်ခံရလို့ ကြောက်စရာမလိုကြောင်း မှန်နေတဲ့အတွက် အမှားပြုလုပ်သူကို ကြောက်စရာလုံးဝမလိုကြောင်း ကလေးကို ‌နွေးနွေးထွေးထွေး နဲ့နားလည်အောင် ပြောပြပေးပါ။

၃) ဘာပဲဖြစ်ဖြစ် မိဘကို အစအဆုံး ပြောပြရင်ဖွင့်နိုင်ကြောင်း ပြောြပပေးပါ။
ပျော်စရာဖြစ်ဖြစ် ဝမ်းနည်းစရာဖြစ်ဖြစ် အကုန်လုံး မိဘတွေက မျှဝေခံစားပေးမှာဖြစ်ကြောင်း အဲဒီ့အတွက် အကုန်လုံးကို မခြွင်းမချန်ရင်ဖွင့်ဖို့လိုကြောင်းပြောပြပေးပါ။ အမှန်အမှားကို သေချာသိမှသာ သားသမီးကို မိဘက ကူညီနိုင်မှာဖြစ်ကြောင်း နားလည်အောင် ပြောပြပါ။

၄) ကလေးကို ပိုပြိး နားလည်ပေးနိုင်ဖို့ကြိုးစားပါ။ ပိုပြီး ချစ်ခင်ကြင်နာစွာဆက်ဆံပေးပါ။
ကလေးစိတ်ထဲမှာ အားငယ်စိတ်၊ သိမ်ငယ်စိတ်နဲ့ ကြောက်လန့်စိတ်တွေ လွှမ်းမိုးနေနိုင်တာကြောင့် ကလေးကိုပိုပြီး အသေးစိတ် ချစ်ခင်ကြင်နာစွာဆက်ဆံပေးပါ။ ကလေးရဲ့စိတ်ကိုလည်း နားလည်ပေးဖို့ကြိုးစားပါ။
၅) ကလေးရဲ့ ယုံကြည်မှုရအောင် မိဘက ရှေ့ကနေမားမားမတ်မတ်ရင်ဆိုင်ရပ်တည်ပါ။
တျို့ကလေးတွေဟာ မိဘနဲ့ emotional attachment ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာအရ နွေးထွေးတဲ့ ဆက်ဆံရေးမျိုးမရကြပါဘူး။ ကလေးနဲ့တစ်နေ့တာအကြောင်းပြန်ပြောတာမျိုး၊ ကလေးရင်ဖွင့်သမျှ နားထောင်ပေးတာမျိုး၊ ကလေးနဲ့ဆော့ကစားတာမျိုးပေါ့ အဲဒီလိုရင်းနှီးတဲ့အပြုအမူမရှိတဲ့အခါ ကလေးက သူအနိုင်ကျင့်ခံလာရရင်တောင် မိဘကို ဖွင့်မပြောရဲကြပါဘူး။ အဲဒါကြောင့် ကလေးနဲ့နွေးထွေးတဲ့ဆက်ဆံတစ်ခုဖြစ်အောင် တည်ဆောက်ထားဖို့ လိုပါတယ်။ ကလေးရဲ့စိတ်ချယုံကြည်မှုရလာတဲ့အခါ ကလေးကလည်း မိဘကို ဘာမဆို ပွင့်လင်းစွာပြောပြမှာပါ။ အဲဒါမှသာ တခုခုဖြစ်လာခဲ့ရင် “ငါ့မိဘကို ပြန်ပြောမယ်၊ ငါ့မိဘက ငါ့ဘက်ကရှိမှာ” ဆိုတဲ့စိတ်လုံခြုံမှုရှိမှာဖြစ်ပါတယ်။

၆) ချက်ချင်းဖြေရှင်းပေးပါ။
ဒီလိုကိစ္စမျိုးမှာ ကလေးကိုရှောင်လိုက်လို့ချည်းပြောနေလို့မပြီးပါဘူး။ ကလေးကရှောင်ပေမယ့် အနိုင်ကျင့်သူက ကြောက်တတ်သူနဲ့ ကူညီမဲ့သူကိုပဲ ထပ်အနိုင်ကျင့်အုံးမှာပါ။ အဲဒါကြောင့် ကလေးရှေ့မှာတင် ကလေးမကြိုက်တဲ့အပြုအမူလုပ်သူဆိုရင် ချက်ချင်း မိဘက ဝင်ပြီး မကြိုက်ကြောင်းမနှစ်သက်‌ကြောင်း ပြတ်သားစွာပြောလိုက်ပါ။ အုပ်စုဖွဲ့အနိုင်ကျင့်တာမျိုးဆိုရင် ချက်ချင်း ဖြေရှင်းဖို့ စဥ်းစားပြီး ကိုယ့်ဘက်က လုပ်နိုင်တာကို လုပ်ပါ။ အနိုင်ကျင့်မခံပါနဲ့။ မိဘကစတင်ပြီး ရဲရဲ ရင်ဆိုင်ပါ။ အနည်းဆုံးတော့ ထိုပတ်ဝန်းကျင်ကို ကိုယ့်ကလေးဖြစ်လာရင် ငြိမ်ခံနေမှာမဟုတ်ဘူးဆိုတာကို သိအောင် ပြသပါ။ အနိုင်ကျင့်တတ်သူရဲ့ထုံးစံအရ ကြောက်လန့်ငြိမ်ခံသူဆို ပိုပြီးအနိုင်ကျင့်တတ်ပါတယ်။

၇) ထိုပတ်ဝန်းကျင်ကနေ ထွက်သွားပါ။
နောက်ဆုံး ထိုပတ်ဝန်းကျင်ကနေ အဆင်မပြေဘူးဆိုရင် ကလေးတစ်ယောက်တည်းကိုရှောင် ခိုင်းတာထက် ကလေးကို ထိုပတ်ဝန်းကျင်ကနေ လုံးဝကို လွတ်လွတ်ကျွတ်ကျွတ်ဖယ်ပေးလိုက်တာပိုကောင်းပါတယ်။ ဥပမာ ကျောင်းဆိုရင် ကလေးရဲ့အတန်းကနေ နောက်တစ်တန်းပြောင်းတာထက် ထိုပြဿနာကို သက်ဆိုင်ရာကို အသိပေးတိုင်ကြားတာမျိုးထိလုပ်ပါ။ငြိမ်ခံမနေမှန်းသိစေချင်လို့ပါ။ အဲဒီလို အရင်တရားနည်းလမ်းတကျဖြေရှင်းပြီးမှသာ ထိုအတန်းကနေ နောက်တစ်ခန်းမပြောင်းဘဲ ထိုကျောင်းကနေကို လုံးဝထွက်ပြီးကျောင်းပြောင်းလိုက်တာမျိုးပေါ့။
အဓိကကတော့ မိဘတိုင်းက ကိုယ့်ကလေးကို အနိုင်ကျင့်ခြင်းဟာမကောင်းကြောင်း မပြုလုပ်သင့်ကြောင်း သွန်သင်ရပါမယ်။ အနိုင်ကျင့်ခံလာရရင်လည်း ငြိမ်မခံသင့်ကြောင်း ပြောပြရပါမယ်။ ကလေးတစ်ယောက်တည်းရင်ဆိုင်ဖြေရှင်းမရရင် မိဘကပါ ကူညီနိုင်ကြောင်းပြောပြထားရပါမယ်။ ဖြစ်လာခဲ့ရင်လည်း ကြောက်လန့်ပြီး လုံးဝ ရှောင်တာထက် တရားနည်းလမ်းတကျတော့ ဖြေရှင်းရပါမယ်။ (အနည်းဆုံးတော့ ထိုအနိုင်ကျင့်တတ်သူကို အနိုင်ကျင့်တတ်တဲ့သူမှန်း အများကသိသွားတဲ့အခါ အများကလည်း ဖယ်ကျဥ်သွားပြီး နောက်လူတွေရှောင်နိုင်ရင် အမြတ်ပါပဲ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။