သတိမထားမိလိုက်ဘဲ ငွေကို အလဟဿဖြုန်းတီးမိစေတဲ့အကျင့်များ

ငွေကတော့ ပိုဝင်လာပေမယ့် တစ်ခါမှစုမိတယ်ရယ်…မရှိဘူးဖြစ်နေတယ်မလား။ ငွေနည်းနည်းပဲရှိတုန်းကလည်း လက်ထဲ မစုမိသလို၊ ငွေများများရလာပြန်တော့လည်း မစုမိပြန်ဘူးဆိုတဲ့သူတွေ ဒီစာလေးဖတ်ပြီး ကိုယ်ဘာတွေလုပ်မိနေသလဲ ပြန်တွေးကြည့်ပါ။ တခါတလေ မထင်မှတ်ထားတာလေးတွေက ငွေတွေတတိတိကုန်စေတတ်တဲ့ အဓိက အကြောင်းရင်းတွေဖြစ်နေတတ်ပါတယ်။


၁) ဘဏ်အကြွေးကဒ်လုပ်ထားခြင်း
Bank credit ကဒ်တစ်ကဒ်က သယ်ရလွယ်ပြီး ငွေမပါတဲ့အချိန် ဒါမှမဟုတ် ငွေမရှိတဲ့အချိန်အတွက် အရမ်းအဆင်ပြေလို့ လူတော်တော်များများက တန်းတန်းစွဲဖြစ်တတ်ကြပါတယ်။ တကယ်တော့ ထိုကဒ်လေးတစ်ကဒ်ကနေပဲ သင့်ကိုမလိုအပ်တာတွေကော၊ လိုအပ်တာတွေ အားလုံးဝယ်ဖြစ်အောင် တိုက်တွန်းနေတာပေါ့။ အကြွေးနဲ့ဝယ်လို့ရနေတဲ့အခါ ငွေရှိရှိ၊ မရှိရှိ ဝယ်ဖြစ်သွားတာမို့ ပိုပြီး အကြွေးပိမယ်၊ ပိုပြီး ငွေကုန်မယ်၊ မသိလိုက်တဲ့အချိန်လေးမှာတင် ဘဏ်မှာ သင်အကြွေးတင်သွားပြီမဟုတ်လား။
၂) လစဉ်ပေးချေရတဲ့ အခကြေးငွေကို မစီစစ်ခြင်း
မီးခလုတ်ကို မသုံးဘဲဖွင့်ထားမယ်၊ ရေကို ပြည့်လျှံနေတဲ့အထိ မေ့ပြီး ပြန်မပိတ်မိဘူး၊ ပန်ကာ ဒါမှမဟုတ် အဲကွန်း အမြဲဖွင့်မယ်၊ တီဗွီကို ၂၄နာရီ ကြည့်ကြည့်မကြည့်ကြည့်ဖွင့်မယ်၊ အဲဒါတွေကနေ မသိလိုက် သတိမထားမိလိုက်ဘဲ လကုန်လို့ဘေလ်ဆောင်မယ်ဆိုမှာ ဘွားခနဲကုန်ပေါက်ဖြစ်တော့တာပါ။ အိမ်မှာ မသုံးဖြစ်ရင် မီးခလုတ်တွေပိတ်ထားတာမျိုး၊ ရေကို ပြည့်လျှံသည်အထိ မေ့လျော့တာမျိုးမလုပ်ဖို့၊ အဲကွန်းကို အရမ်းပူမှဖွင့်တာမျိုး၊ တီဗွီကို ကိုယ်ကြိုက်တဲ့အစီအစဉ်လာမှ အချိန်ကိုက်ဖွင့်တာမျိုးတွေလုပ်မယ်ဆိုရင် လကုန်လို့ပေးချေရတဲ့ဘေလ်တွေက လျော့သွားပါလိမ့်မယ်။
၃) အိမ်မှာ ချက်ပြုတ်မစားဘဲ အပြင်စာအစားများခြင်း
အိမ်မှာချက်ပြုတ်စားသောက်က ပိုပြီး ၀၀လင်လင်စားနိုင်သလို နောက်နေ့အတွက်လည်း ပိုလျှံနိုင်ပါသေးတယ်။ အဲဒါကြောင့် ငွေကုန်သက်သာစေပါတယ်။ အဲလိုမဟုတ်ဘဲ ချက်ပြုတ်ရမှာ ပင်ပန်းတာအကြောင်းပြပြီး ဝယ်စားခြင်းက တစ်နပ်စာပဲရသလို၊ ငွေကုန်ပိုများစေပါတယ်။ အဲဒါက သင်မသိလိုက်ဘဲ ငွေပိုကုန်စေတဲ့လမ်းကြောင်းပါပဲ။
၄) အသီးအရွက်၊ အသီးအနှံတွေကို အများအပြားဝယ်ယူထားခြင်း
တခါစားအတွက်မကဘဲ အများအပြားဝယ်ယူထားပြီးရေခဲ့သေတ္တာထဲထည့်ထားခြင်းက မသိသာဘဲ ငွေကုန်စေပါတယ်။ သင်စားချင်တဲ့အချိန်မှ ဝယ်ယူတာက ပိုသက်သာစေပြီး အများကြီးဝယ်ယူထားပြီး မကုန်ခမ်းနိုင်တဲအခါ ပြီးစလွယ်ရေခဲသေတ္တာထဲထည့်ထားလိုက်ပေမယ့် သတိမေ့သွားတာမျိုး၊ မစားချင်တော့တာမျိုးကြောင့် အလဟဿဖြစ်နိုင်ပါတယ်။ အဲဒီ့အခါ ငွေကုန်တာပဲအဖတ်တင်တာပေါ့။
၅) အကြွေးမပေးချေခြင်း
အကြွေးကို ပြန်ဆပ်ဖို့ နှောင့်နှေးခြင်းကလည်း မသိသာဘဲ ငွေကုန်စေပါတယ်။ အတိုးချည်းဆပ်ဆပ်နေပြီး အရင်းကိုဆပ်ဖို့လုံးဝမတွေးထားတာမျိုးက သင့်ရဲ့ငွေကို လတိုင်းလိုလို ငွေကုန်ပေါက်တစ်ခုအနေနဲ့ရှိနေစေပါတယ်။
၆) ပြန်သုံးလို့ရတာတွေကို ပြန်မသုံးဘဲ အသစ်ဝယ်ခြင်း
တခါသုံးပြီးပေမယ့် ပြန်ပြီး အသုံးပြုလို့ရတာမျိုးတွေကို မသုံးဘဲ အသစ်အသစ်တွေထပ်ဝယ်ခြင်းကလည်း ငွေကုန်စေနည်းပါပဲ။ recycle လိုမျိုးပြန်သုံးတာမျိုးက ပတ်ဝန်းကျင်ကို ထိန်းသိမ်းထားသလိုလည်း ဖြစ်စေပါတယ်။ ငွေလည်း အခါခါမကုန်ရတော့ဘူးပေါ့။
၇) budget plan မရှိခြင်း
ဒီတစ်လအတွက် သုံးမယ့်စရိတ်ဘယ်လောက်ဆိုပြီး သတ်မှတ်ထားတာမျိုးမရှိခြင်းကလည်း ငွေကိုတတိတိနဲ့ ကုန်လွယ်စေနိုင်ပါတယ်။ ဒီလအတွက် ငွေအမောင့် သတ်မှတ်ထားမယ်၊ သတ်မှတ်ထားတဲ့ပမာဏလောက်နဲ့လောက်အောင်သုံးနိုင်အောင်ကြိုးစားမယ်ဆိုတာမျိုးက ဒီလအသုံးစရိတ်ကို ကန့်သတ်ပြီးသားဖြစ်စေလို့ အသုံးစရိတ်သက်သာသလို၊ ကိုယ့်ရဲ့အသုံးငွေကိုလည်း ခန့်မှန်းနိုင်ပြီး ပိုစိစစ်နိုင်လာမှာပါ။
အထက်ကဖော်ပြထားတဲ့အချက်လေးတွေထဲမှာ ကိုယ်တိုင်မသိမသာလုပ်နေမိတဲ့အချက်တွေရှိရင် ခုကစပြီး ပြုပြင်နိုင်ဖို့ကြိုးစားကြည့်လိုက်ပါအုံး။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။