သင့်ထံမှာ ရှိနေနိုင်တဲ့ မကောင်းတဲ့စိတ်ခံစားချက် ၆မျိုး

သင့်ထံမှာ သင်မသိဘဲ ကိန်းအောင်းနေတတ်တဲ့အကျင့်မျိုး၊ စိတ်ခံစားချက်မျိုးတွေ ရှိနေတတ်ပါတယ်။ တခါတလေ ကိုယ့်ကိုယ်ကိုယ်မသိဘဲ တချို့လူတွေမှာ ထိုစိတ်ခံစားချက်တွေရှိနေတတ်တာကို ထိုလူနဲ့အနီးစပ်ဆုံးနေတဲ့သူ ဒါမှမဟုတ် တခြားလူတစ်ယောက်ယောက်က ခံစားသိရှိနေတတ်ပါတယ်။ တကယ်လို့များ ကိုယ့်ကိုယ်ကိုယ်အောက်က ခံစားချက်မျိုးထဲက တစ်ခုခုရှိနေတယ်လို့ ထင်တာပဲဖြစ်ဖြစ် တစ် ယောက်ယောက်က ကောင်းစေချင်စိတ်နဲ့သတိပေးတာမျိုးပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်၊ သတိထားကြည့်ပါ။ အောက်မှာဖော်ပြထားတဲ့အချက်တွေထဲက တစ်ခုခုများရှိနေရင် သင်လုပ်ချင်တာတွေ၊ သင့်ရည်မှန်းချက်တွေစသဖြင့် ပြီးဆုံးထိအထိရောက်အောင် မကြိုးစားနိုင်ဘဲ ခပ်လွယ်လွယ်ပျက်စီးသွားစေနိုင်တာမို့ သင့်ကိုသင် ပြန်သတိထားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။


၁) ပြီးပြည့်စုံချင်စိတ်
တခါတလေ ကျွန်တော်တို့မသိလိုက်တဲ့အကျင့်၊ စိတ်ခံစားချက်က ဘယ်အရာမှာမဆို အရမ်းကို အမှားနည်းချင်တာ၊ ပြီးပြည့်စုံချင်တဲ့စိတ်ပါပဲ။ perfectionist ဆိုတဲ့ စိတ်မျိုးပါ။ အမှားလုံးဝမပါချင်တာထက်ဆိုးပြီး ဥပမာ။ စာရိုက်ရင် ဘောင်လေးတွေကအစ ညီနေချင်တာမျိုး၊ emoji လေးတစ်ခုထဲ အစွန်းထွက်နေတာမျိုးကို ဘယ်လိုမှ မနေနိုင်မထိုင်နိုင်လိုက်ပြင်နေတာမျိုး၊ အရမ်းပြီးပြည့်စုံနေတာကိုတောင်မှ ကိုယ့်စိတ်ထဲမှာ လိုအပ်ချက်တွေအများကြီးရှိနေတယ်ဆိုပြီး ဘဝင်မကျနိုင်တာမျိုး အလွန်အကျူးဖြစ်နေတဲ့စိတ်ပါ။ ပုံမှန်လို အမှားပြင်တာကို ဆိုလိုတာမဟုတ်ဘဲ တစ်စုံတစ်ခုနဲ့ပတ်သက်ရင် အရမ်းကို အလွန်အကျူး perfect ဖြစ်ချင်နေတဲ့စိတ်ပါ။ အဲဒီ့စိတ်က ကိုယ့်မှာရှိနေရင် ကိုယ်မသိလိုက်ပေမယ့် အခါများလာတဲ့အခါ ကိုယ့်ဘေးကလူတွေ သတိထားမိလာစေပါတယ်။ ထိုအကျင့်က အလုပ်ကို မပြီးမြောက်စေဘဲ လေးဖင့်စေပါတယ်။ ဘာမှမဟုတ်တဲ့ကိစ္စသေးသေးလေးတွေက အစ ဇာချဲ့ပြီး မပြီးနိုင်မစီးနိုင်လုပ်နေတတ်တာမျိုးကြောင့် အလုပ်လည်းမတွင်ပါဘူး။ သင့်ကိုယ်သင်ပြန်သုံးသပ်ဖို့ ပြောပြပေးလိုက်ပါတယ်နော်။

၂) မနာလိုစိတ်
ဒါကလည်း အလားတူပါပဲ။ အခြားလူတစ်ယောက်ယောက် အဆင်ပြေနေတာ၊ ကိုယ့်ထက်သာတဲ့အခြေအနေကို ရုတ်တရက်ပြောင်းလဲသွားတာ၊ ကိုယ့်ထက်နိမ့်ကျတယ်သတ်မှတ်ထားတဲ့သူက ကိုယ့်ထက်သာသွားတာမျိုးတွေမှာ ထိုစိတ်က ကိန်းအောင်းနေရာကနေ ပေါ်လာနိုင်ပါတယ်။ ဒီစိတ်က သင့်ထက်သာသွားတဲ့အခြားလူတစ်ယောက်ကိုသာ သင့်အာရုံထဲအမြဲထည့်ထားစေပြီး သင်လုပ်သင့်လုပ်ထိုက်တာတွေဘာမှ မလုပ်နိုင်တော့ဘဲ သင့်မှာ မနာလိုစိတ်နဲ့ပူလောင်နေတတ်ပါတယ်။ အဲဒီ့တော့ သင့်အချိန်တွေအလကားဖြစ်သလို၊ ဒေါသနဲ့ ပူလောင်နေတတ်ပါတယ်။ တကယ်လို့များ သင့်မှာ အဲဒီ့ခံစားချက်မျိုးခံစားနေရတယ်လို့ သတိထားမိတယ်ဆိုရင် သင့်ကိုယ်သင် သတိလေးနဲ့ပြန်ပြီး ပြုပြင်ဖို့ ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။

၃)ကိုယ့်ကိုယ်ကိုယ်သံသယဝင်ခြင်း
ဒါက ကိုယ့်ကိုယ်ကိုယ် သတိထားသုံးသပ်တာနဲ့ အဓိပါ္ပယ်ချင်းမတူပါဘူးနော်။ ကိုယ့်ကိုယ်ကိုယ် ကိုယ်လုပ်ရမယ့်အရာတစ်ခုခုနဲ့ပတ်သက်ပြီးမှ “ငါလုပ်နိုင်ပါ့မလား၊ ငါ့မလုပ်နိုင်ဘူးထင်တယ်၊ မဖြစ်နိုင်ဘူးထင်တာပဲ။ ငါဘယ်လိုလုပ်နိုင်ပါ့မလဲ” စတဲ့အတွေးတွေနဲ့ သံသယဝင်တာကိုပြောချင်တာဖြစ်ပါတယ်။ အဲဒီ့စိတ်က ကိုယ့်ကိုယ်ကိုယ်မယုံကြည်တဲ့စိတ်ပါပဲ။ အဲဒီ့စိတ်ကြောင့် ကိုယ်လုပ်ချင်တာတွေ၊ ကိုယ့်ရည်မှန်းချက်တွေဖြစ်မြောက်ဖို့ နှောင့်နှေးစေပါတယ်။ ထိုစိတ်များသွားတဲ့အခါ ကိုယ့်လုပ်မယ့်အရာတွေကိုပါ လွယ်လွယ်လက်လျှော့လိုက်တာမျိုးဖြစ်သွားပါတယ်။ အဲဒါကြောင့် သင့်စိတ်ထဲမှာ ထိုကဲ့သို့စိတ်ခံစားချက်မျိုးရှိနေရင် ထိုစိတ်ကိုဖျောက်ပစ်သင့်နေပါပြီ။

၄)စိုးရိမ်ပူပန်စိတ်
ဒါကကျတော့ မလုပ်ကြည့်ရသေးဘဲ ဖြစ်လာမယ့်အကျိုးတသီတတန်းကြီးကို တွေးပြီး စိုးရိမ်ပူပန်တဲ့စိတ်ကိုပြောချင်တာပါ။ အဲဒီလို ကြိုပူလိုက်တဲ့အတွက် သင်လုပ်မယ့်အရာ၊ သင်ရည်မှန်းထားတဲ့ရည်မှန်းချက်ကို လုပ်ဖို့ နောက်တွန့်သွားစေနိုင်ပါတယ်။ အဲဒီ့အခါ သင့်မှာချိတုံချတုံနဲ့ တွေဝေနေနိုင်ပါတယ်။ အဲဒါကြောင့် သင့်မှာ အဲဒီ့လိုမဖြစ်လာသေးတာကို မလုပ်ခင်ကြိုတွေးနေတတ်ရင် စောစောပြုပြင်နိုင်အောင်ဖော်ပြလိုက်ပါတယ်။

၅)ဆင်ခြေပေးတတ်တဲ့စိတ်
ဒါကလည်း အထက်ကစိုးရိမ်ပူပန်တဲ့စိတ်နဲ့အလားတူပါပဲ။ ဒီစိတ်ကတော့ မလုပ်ရသေးဘဲ ကြိုတင် ဆင်ခြေတတ်တဲ့စိတ်ပါ။ အဲဒီ့ဆင်ခြေကြောင့် ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ဆုံးဖြတ်ချက်တွေကို မလုပ်ဖြစ်တော့ဘဲ တွန့်ဆုတ်သွားပါတယ်။ ကိုယ်လုပ်သင့်တဲ့အရာတွေကို မလုပ်ဖြစ်တော့ပါဘူး။ အဲဒါကြောင့် ဒီစိတ်ကိုလည်း ဖျောက်သင့်ပါတယ်။

၆) အရာအားလုံးကိုလိုက်ထိန်းချုပ်ဖို့ကြိုးစားချင်စိတ်
ဒါကတော့ ဘယ်အရာကိုမဆို သင့်စိတ်အတိုင်း သင့်စိတ်ခံစားချက်အတိုင်း ဖြစ်စေချင်တာချည်းပါပဲ။ အဲဒီ့ိစိတ်နဲ့သင်က သင့်ပတ်ဝန်းကျင်ကအရာအားလုံးကို လိုက်ပြီး ထိန်းချုပ်ချင်နေတာပါ။ အဲဒီ့စိတ်က သင့်ကိုပိုပြီး စိတ်ဖိစီးစေသလို၊ အပူအပန်များလှပါတယ်။ ဥပမာ။ ဘတ်စ်ကားကြပ်တာကအစ ၊ မီးပျက်တာကအစ၊ သူများမိသားစုပြဿနာတွေကအစ၊ အားလုံးကို သင့်စိတ်ထဲက ဆုံးဖြတ်ချက်အတိုင်း ဖြစ်စေချင်တာကို သင်စိုးရိမ်တကြီးပူပန်နေတာ၊ ဒေါသတကြီး သင်ဆုံးဖြတ်ချင်တာ၊ သင့်စိတ်ထဲကအတိုင်း အရာအားလုံးကို ဖြစ်စေချင်နေတာပါပဲ။ လူတိုင်းက ကိုယ့်စိတ်နဲ့ကိုယ်တောင် အဆင်မပြေတဲ့အချိန်ရှိပါသေးတယ်၊ ကိုယ်ကြိုက်လို့ကိုယ်ရွေးဝတ်လာတဲ့အဝတ်တောင် ကိုယ်ဝတ်ပြီးမှ မကြိုက်တော့တာမျိုးဖြစ်တတ်သေးတယ်မဟုတ်လား။ အခုစိတ်ထားမှာလည်း လူအများရဲ့စိတ်ကို သင်ကလိုက်ထိန်းချုပ်ချင်နေတာဆိုတော့ သင်ပဲပူပန်ကြီးမယ်၊ ဒေါသကြီးမယ်၊ စိုးရိမ်စိတ်ကြီးမယ်၊ သင်ပဲ စိတ်ခံစားချက်ပေါင်းစုံတပြိုင်တည်းခံစား မောပန်းရပါလိမ့်မယ်။ အဲဒါကြောင့် ထိုကဲ့သို့ စိတ်ကိုလည်း လျှော့ချဖို့ကြိုးစားတာအကောင်းဆုံးပါပဲ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။