သင့်ခေါင်းထဲက တချို့အရာတွေကို Delete လုပ်ဖို့လိုပါတယ်။
သင့်ခေါင်းထဲမှာ အမှိုက်တွေနဲ့ရှုပ်နေမယ်ဆိုရင် သင်ပဲစိတ်ဒုက္ခရောက်ရမှာပါ။ အဲဒါဆိုရင် အဲဒီလို စိတ်ဒုက္ခရောက်ရတာ၊ စိတ်ရှုပ်ရတာမျိုးတွေမဖြစ်ရအောင် သင့်ခေါင်းထဲအဝင်မခံသင့်တဲ့ အမှိုက်လိုအရာတွေ က ဘယ်လိုမျိုးလဲဆိုတာ သင်သိထားသင့်ပါတယ်။ ကိုယ့်ရဲ့ခေါင်းထဲထည့်ပြီး စိတ်သောကမယူသင့်တဲ့၊ သင်ကိုယ်တိုင်မထိန်းချုပ်နိုင်တဲ့အရာတွေပေါ့။ ဥပမာ။ သင်ဖြစ်ချင်တဲ့ရည်မှန်းချက်တစ်ခုအတွက် သင့်မိဘနဲ့သင်က ဘယ်လိုမှ ညှိုနှိုင်းလို့မရတဲ့အတွက် သင်စိတ်ညစ်၊ စိတ်ရှုပ်တာမျိုး။ သင်ပတ်ဝန်းကျင်ကလူတွေကို ဘယ်လိုပြုပြင်ပေးရမလဲဆိုတဲ့အတွေးမျိုး၊ မီးမလာလို့ ဘယ်လိုမှအလုပ်မပြီးဘူးဆိုတဲ့အတွေးမျိုး၊ သင့်ကို တစ်စုံတစ်ယောက်က လိုက်ပြီးစိတ်အနှောင့်အယှက်ပေးနေလို့ဆိုတာမျိုးတွေက သင့်ခေါင်းထဲထည့်ထားတဲ့အမှိုက်တွေပါပဲ။
အဲဒီလို သင့်ခေါင်းထဲ ဝင်လာဖို့တံခါးခေါက်တတ်တဲ့ အမှိုက်တွေကို သင့်ကိုယ်သင်ပြန်သတိပေးပြီး delete လုပ်ပစ်ရပါလိမ့်မယ်။ အဲဒီ့အခါမှ သင်လုပ်နိုင်တာကဘာလဲဆိုတဲ့အတွေးမျိုးတွေ ပြန်တွေးရပါလိမ့်မယ်။
Mrs. Gump ပြောခဲ့သလို “You have to do the best with what God gave you.” ဆိုတဲ့စကားလိုပါပဲ။ သင့်မှာရှိတာနဲ့ သင်ဘာလုပ်နိုင်မလဲဆိုတဲ့အတွေးမျိုး သင်တွေးရမှာဖြစ်ပါတယ်။ ဘုရားသခင်က သင့်ကိုပေးသလောက်နဲ့ သင်အကောင်းဆုံးဖြစ်အောင်လုပ်ရမှာပါနော်။ အဲဒီအတွက် သင့်ခေါင်းထဲမှာရှိနေတဲ့အတွေးတွေက မလိုလားအပ်တဲ့အမှိုက်လိုအတွေးတွေလား၊ တကယ်တွေးဖို့လိုအပ်နေတာလားဆိုတာကို သိအောင်ဆန်းစစ်ရမှာပါ။
အဲဒီ့အခါမှ သင်တကယ်လုပ်နိုင်တာသိလာပြီး သေချာအာရုံစိုက်နိုင်မှာပါ။
“When we are no longer able to change a situation, we are challenged to change ourselves.” — Viktor Frankl ပြောသလို လက်ရှိအခြေအနေကို ကျွန်တော်တို့မပြောင်းလဲနိုင်ဘူးဆိုရင် ထိုအခြေအနေကြားမှာ ရှင်သန်နိုင်အောင် ကိုယ့်ကိုယ်ကိုယ်သာ ပြောင်းလဲပစ်လိုက်ရမှာပါ။
အဲဒါကြောင့် သင်လက်ရှိခေါင်းထဲထည့် ပူပန်နေတဲ့အရာတွေကို ပြန်ဆန်းစစ်ကြည့်ပါ။ သင်ထိန်းချုပ်နိုင်တဲ့အရာတွေလား၊ ဒါမှမဟုတ် သင်ဘာမှမလုပ်နိုင်တာကို သင့်ခေါင်းထဲထည့်ပြီး သင်တွေးတောမိနေတာလား၊ သင်မထိန်းချုပ်နိုင်တဲ့ အမှိုက်လိုအရာတွေ၊ အတွေးတွေကို သတိလေးထားပြီး သင့်ကိုသင်ပြန်သတိပေးပါ။ သင့်အတွေးထဲ ခေါင်းထဲကနေ delete လုပ်ပစ်လိုက်ပါ။ သင်လုပ်နိုင်တာကိုသာ အာရုံစိုက်ပြီး အကောင်းဆုံးကြိုးစားပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။