သင့်အိမ်ထောင်ဖက်နဲ့ ဆက်ဆံရေး အဆင်ပြေစေမယ့်နည်းလမ်းများ

ဒီနေ့ခေတ်ရဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေက သင်တို့နှစ်ဦးကြားက ဆက်ဆံရေးအတွက် စေပါတယ်။ စိတ်ကျန်းမာရေးနဲ့ကိုယ်ကျန်းမာရေးဆိုင်ရာ ပြဿနာပေါင်းစုံက သင်တို့ကြားမှာ အချင်းများစရာတွေဖြစ်လာစေပါတယ်။ လိုချင်တာတွေများပြီး မဖြစ်လာနိုင်တာ၊ အလုပ်ခွင်က စိတ်ဖိစီးမှုတွေ၊ လူမှုဆက်ဆံရေးအရ အဆင်မပြေမှုတွေ၊ မိသားစုကြားကပြဿနာတွေ စသည်ဖြင့် စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုတွေက အဓိကပါပဲ။ အောက်ပါအချက်တွေက သင်တို့အချင်းချင်း အမြဲလို အဆင်ပြေစေမယ့်နည်းလမ်းကောင်းတွေဖြစ်ပါတယ်။


၁) စိတ်ဓာတ်ခွန်အားပြန်ဖြည့်ပါ။
ပြောချင်တာက စိတ်ကိုအနားပေးပြီး စိတ်ကို ခွန်အားပြန်ဖြည့်ခိုင်းတာပါ။ တခါတရံမှာ တင်းကြပ်မှုတွေကြောင့် ပျော်စရာတွေရှာဖွေရတာခက်ခဲပါတယ်။ စိတ်ဓာတ်တက်ကြွမှု၊ စိတ်ဓာတ်ခွန်အား စသည်ဖြင့် သင်တို့ကြားမှာ အချင်းချင်း စိတ်ဝင်စားမှုအားနည်းလာတတ်ပါတယ်။ အားလပ်ရက်မျိုးမှာ သင်တို့နှစ်ယောက်လုံးရဲ့သူငယ်ချင်းတွေနဲ့ ပြန်လည်တွေ့ဆုံပါ။ ဒါမှမဟုတ် သင်တို့အိမ်မှာတင် စားပွဲသောက်ပွဲလုပ်ဖို့ ဖိတ်ပါ။ အိမ်မှာတွင် အတူတကွ ချက်ပြုတ်စားသောက်ကြပါ။ ရယ်စရာတွေ ဝိုင်းဖွဲ့ပြောဆိုကြပါ။ အားရပါးရရယ်မောပါ။ ဒါမှမဟုတ် သင်တို့နှစ်ယောက်စလုံး volunteer အဖွဲ့ဝင်ထားပြီး အတူတကွ volunteer လုပ်ပါ။

၂) ကတိတည်ကြောင်းပြသပါ။
သင့်ရဲ့စိတ်ညစ်ညူးစရာနေ့တွေမှာတောင် သင်ပေးထားတဲ့ကတိတွေကို တည်ကြောင်း သင့်အိမ်ထောင်ဖက်ကို ပြသပေးပါ။ အကြောင်းပြတတ်တဲ့ အတားအဆီးတွေ၊ ဆင်ခြေတွေကို ဘေးဖယ်ထားလိုက်ပါ။ ကတိတည်အောင် ထိန်းသိမ်းနိုင်ကြောင်းပြနိုင်တဲ့အခါ သင့်ရဲ့ အိမ်ထောင်ဖက်က သင့်အပေါ်ယုံကြည်မှုပိုလာပါပြီး ပိုလေးစားမှုရှိလာပါလိမ့်မယ်။

၃) သင့်စိတ်ထဲမှာ သက်ရောက်မှုရှိခြင်းကိုပြသပါ။
သင့်ရဲ့ အောင်မြင်မှု ဒါမှမဟုတ် ပြီးဆုံးမှုတစ်ခုခုကို အခြားတစ်ယောက်ယောက်က အသိအမှတ်ပြုတဲ့စကားမျိုး သင့်ကိုပြောလာတဲ့အခါ ခံစားချက်က ဘယ်လောက်ကောင်းမွန်တယ်ဆိုတာ သင်သိမှာပါ။ အဲလိုပါပဲ…..သင့်ရဲ့ချစ်သူ (သို့) သင့်အိမ်ထောင်ဖက်ရဲ့ အောင်မြင်မှု၊ ကြိုးစားမှုတွေကို သင်ကိုယ်တိုင်က အသိအမှတ်ပြုကြောင်း၊ ဂုဏ်ယူကြောင်း သင့်စိတ်ထဲမှာ သက်ရောက်မှုရှိကြောင်း တဖက်လူသိအောင် လှိုက်လှိုက်လှဲလှဲပြသပေးပါ။ အသိအမှတ်ပြုပေးပါ။ အဲဒါက သင်တို့ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်ခြင်းတစ်မျိုးပါပဲ။ မသိချင်ယောင်ဆောင်နေတာမျိုး၊ အသိအမှတ်မပြုသလိုလုပ်နေတာမျိုး၊ ဒါမှမဟုတ် မကောင်းတဲ့အမြင်ကိုပြောလိုက်တာမျိုးက သင်တို့ကြားက ဆက်ဆံရေးကို ပျက်စီးစေတတ်ပါတယ်။

၄) နွေးထွေးမှုရှိပါစေ။
သင့်ကိုယ်တိုင်တောင် ရယ်ချင်စိတ်မရှိဘူးဆိုရင် အခြားသူတစ်ယောက်ကိုလည်း ရယ်အောင်လုပ်ပေးလို့ရမှာမဟုတ်ပါဘူး။ အဲဒါဆိုရင် သင်တို့ကြားမှာ ပျော် ရွှင်စရာဆက်ဆံရေးကို ဘယ်လိုတည်ဆောက်နိုင်ပါ့မလဲ။ သင်တို့ချင်း နီးစပ်မှုမရှိရင် သင်တို့ကြားကဆက်ဆံရေးကလည်း အေးစက်သွားနိုင်ပါတယ်။ အနားမှာအတူမရှိနိုင်ရင်တောင် မက်ဆေ့ပို့ပြီး ထမင်းစားကောင်းမကောင်းမေးတာမျိုး၊ ဖုန်းခေါ်တာမျိုး၊ အီးမေးလ်ပို့တာမျိုးတို့နဲ့ ဂရုစိုက်ပေးလို့ရပါတယ်။ အတူတကွရှိနေတယ်ဆိုရင်လည်း မျက်လုံးချင်းဆုံပြီး နေမကောင်းဘူးလား၊ ထမင်းစားကောင်းလား၊ ဒီနေ့အဆင်ပြေရဲ့လား စသဖြင့်မေးလို့ ဂရုစိုက်ပေးသင့်ပါတယ်။ အဲဒီလိုနွေးထွေးမှုရှိခြင်းက သင်တို့ကြားမှာ ဘယ်လောက်ဝေးဝေး နီးစပ်မှုရှိသလိုခံစားရစေနိုင်ပါတယ်။

၅)လက်ခံနိုင်ကြောင်းပြသပါ။
အိမ်ထောင်ဖက်ရဲ့ အားနည်းချက်တွေကိုပဲ မြင်ပြီး အပြစ်တင်နေခြင်းက သင်တို့ကြားမှာ အဆင်မပြေစေပါဘူး။ သင့်ကိုတောင် အပြစ်ချည်းထိုင်ပြောနေရင် သင်ကြိုက်ပါ့မလား။ စိတ်ဖိစီးမှုများနေတဲ့အခိုက်အတန့်လိုမျိုးမှာ ပိုဆိုးတတ်ပါတယ်။ ဘယ်လောက်ချစ်တယ်ပြောပြော အပြစ်တော့မြင်လာတတ်တာချည်းပါပဲ။ အဲဒီ့အခါမှာ သင့်ချစ်သူ(သို့)အိမ်ထောင်ဖက်ရဲ့ အခြေအနေကို နားလည်လက်ခံပေးဖို့လိုပါတယ်။ ဥပမာ။ သင့်ချစ်သူက အလုပ်များလို့ ရုံးပိတ်ရမှာပါ အလုပ်တွေလုပ်နေရတယ်ဆိုပါတော့၊ သင်ကတော့ အလုပ်ပါးနေတယ်ဆိုရင် သင့်ချစ်သူက စိတ်ဖိစီးနေမှာအသေချာပါပဲ။ သင်ကတော့ စိတ်လက်ပေါ့ပါးနေမှာပါပဲ။ အဲလိုအခြေအနေမျိုးမှာ သင်က နားလည်ရပါမယ်။ သင့်ရဲ့ကိစ္စအသေးအဖွဲလေးကို သူလိုက်မကြည့်နိုင်တာ၊ လိုက်မပြင်ဆင်ပေးနိုင်တာ၊ သူစိတ်မကြည်တာကို သင်နားလည်ပေးရပါလိမ့်မယ်။ သင်ကိုယ်တိုင်လုပ်သင့်တာကိုယ်တိုင်လုပ်လိုက်ပါ။ အဲဒါဆို သူစိတ်သက်သာသွားတာပေါ့။ အဲလိုမဟုတ်ဘဲ အလုပ်များလို့ စိတ်ဖိစီးနေတဲ့သူ့ကို အိမ်မှုကိစ္စတွေဘာမှ မလုပ်ထားဘူး၊ အဝတ်မလျှော်ထားဘူး၊ မီးပူမတိုက်ပေးထားဘူး၊ဆိုပြီး အပြစ်တွေလိုက်တင်နေမိရင် နဂိုကမှ စိတ်ဖိစီးနေတဲ့တဖက်လူအတွက် ပိုပြီးဖိစီးမှုဖြစ်စေမှာပါ။ အဲဒီ့အခါ တဖက်လူက မခံနိုင်တဲ့အခါ သင်တို့ချင်း စကားများဖို့သာဖြစ်နိုင်ချေရှိပါတယ်။
အဲဒါကြောင့်တဖက်လူရဲ့အားနည်းချက်ရှိနေတဲ့အချိန်မှာလည်း သင်ကလက်ခံပေးနိုင်ကြောင်း၊ အေးဆေးဖြစ်ကြောင်း ပြသပေးမှ ရပါမယ်။ အပြန်အလှန်သဘောမျိုးပါပဲ။ သင်ဖိစီးနေတဲ့အခါမှ သူလည်း နားလည်လက်ခံပေးရမှာပါပဲ။

၆)တစ်ယောက်ကိုတစ်ယောက်အချိန်ပေးပါ။
အိမ်မှုကိစ္စအ၀၀နဲ့ အလုပ်ခွင်ထဲမှာ အချိန်ကုန်ရတာနဲ့၊ သားသမီးရှိလာတဲ့အခါ သားသမီးကိစ္စတွေနဲ့တင် လုံးချာလည်လိုက်နေတာမို့ တစ်ယောက်ကိုတစ်ယောက်အချိန်ပေးတာနည်းလာတတ်ပါတယ်။ သင်တို့ကြားက ဆက်ဆံရေးကို အဆင်ပြေစေဖို့ တစ်ဦးကိုတစ်ဦးအချိန်ပေးဖို့ သတ်မှတ်ထားသင့်ပါတယ်။
အလုပ်ချိန်အပြီး အိမ်မှုကိစ္စတွေကို နှစ်ယောက်အတူခွဲဝေလုပ်ဆောင်ပြီးချိန်မျိုး (တစ်ယောက်ထဲရဲ့တာဝန်မဟုတ်ပါဘူးနော်။ တစ်ယောက်က မပြီးဆုံးသေးတဲ့အလုပ်ကို တစ်ယောက်က ဆက်လုပ်ပေးသွားတော့ အိမ်မှုကိစ္စတွေမြန်မြန်ပြီးနိုင်ပါတယ်။) သားသမီးကို အချိန်ပေးပြီးတဲ့အခါ သင်တို့နှစ်ယောက်အတွက် တစ်နေ့တာအကြောင်း၊ သင်ဆက်တက်ချင်တဲ့သင်တန်းအကြောင်း၊ ဒါမှမဟုတ် သင်တို့ရည်မှန်းထားတဲ့အကြောင်းအရာတခုခုကို စကားလက်ဆုံကျပြောဆိုတာမျိုးဖြစ်ဖြစ်၊ ရုပ်ရှင်တစ်ကားကို အတူကြည့်ကြတာမျိုးဖြစ်ဖြစ် လုပ်သင့်ပါတယ်။ နေ့တိုင်းလို့ အချိန်သတ်မှတ်မထားနိုင်လည်း အားလပ်ရက်လိုမျိုးမှာ ပုံမှန်တစ်ယောက်ကိုတစ်ယောက်အချိန်ပေးဖို့ သတ်မှတ်ထားသင့်ပါတယ် ။

၇) သင့်ရဲ့အိမ်ထောင်ဖက်အပေါ်လေးစားမှုရှိပါ။
သင်တို့ကြားမှာ အချင်းချင်းလေးစားမှုမရှိတဲ့အခါ သင်တို့ကြားက ဆက်ဆံရေးက တဖြေးဖြေး “ငါဘာလုပ်လုပ် ဂရုစိုက်စရာမလိုဘူး” ဆိုတဲ့အတွေးမျိုးနဲ့ ပိုဆိုးလာတတ်ပါတယ်။ တစ်ခုခုလုပ်ချင်ရင် အိမ်ထောင်ဖက်ကို အကြံတောင်းတာ၊ တိုင်ပင်တာ၊ ဆွေးနွေးတာမျိုးက ပိုပြီးဆက်ဆံရေးကိုခိုင်မြဲစေတတ်ပါတယ်။

၈) ထင်မြင်ယူဆချက်မျိုးနဲ့ စွပ်စွဲတာမျိုး၊ ပြောဆိုတာမျိုး မလုပ်မိပါစေနဲ့။
သင်မသေချာတဲ့ကိစ္စမျိုးကို ယဉ်ကျေးစွာဆွေးနွေးတာမျိုးလုပ်သင့်ပါတယ်။ အဲလိုမဟုတ်ဘဲ သင်ကိုယ်တိုင်တောင်မသေချာတဲ့ကိစ္စမျိုးကို တထစ်ချစွပ်စွဲတာမျိုး ၊ ထင်မြင်ချက်နဲ့ပြောဆိုတာမျိုုးက သင်တို့ကြားကဆက်ဆံရေးကို ပျက်သုန်းစေနိုင်ပါတယ်။ ထင်မြင်ချက်မေးခွန်းမေးမယ့်အစား ဆွေးနွေးသင့်ပါတယ်။ အဖြေကို သေချာနားထောင်ပေးသင့်ပါတယ်။

၉) အခြားလူတွေရဲ့အထင်အမြင်တွေကို ဂရုမစိုက်သင့်ပါဘူး။
အခြားသူတွေက ဘယ်လိုထင်နေမှာ ၊ အခြားသူက ဘယ်လိုတွေတွေးနေမှာ၊ အခြားသူက ဘယ်လိုပြောတာဆိုတာမျိုးတွေနဲ့ အခြားသူတွေရဲ့အထင်အမြင်ကို လုံးဝဂရုမစိုက်နေသင့်ပါဘူး။ အဲဒါတွေကို လိုက်ဂရုစိုက်မိနေတဲ့အခါ သင့်စိတ်နဲ့သင်ကိုယ်မဟုတ်တော့ဘဲ အခြားသူရဲ့စိတ်နဲ့ သင့်ကိုယ်ဖြစ်နေရတာ အဆင်မပြေနိုင်ပါဘူး။ သင်အဓိက အာရုံထားရမှာက သင့်အိမ်ထောင်ဖက်နဲ့သင်အဆင်ပြေပြီး သာယာပျော်ရွှင်စရာကောင်းတဲ့မိသားစုဖြစ်ဖို့ပါပဲ။

သင့်မိသားစုသာယာတဲ့အခါ သင့်သားသမီးတွေဘ၀ ပိုပြီ သာယာပါလိမ့်မယ်။ သင့်ဘဝလည်း ပိုပြီး သာယာလာသလို၊ သင့်အလုပ်တွေလည်း ဒီထက် တိုးတက်အောင် သင်အာရုံစိုက်နိုင်ပါလိမ့်မယ်။ အခြားသူတွေထက် သင့်မိသားစု၊ သင့်အိမ်ထောင်ဖက်ကို ဂရုစိုက်ခြင်းက သင့်ဘဝကိုသင်ဂရုစိုက်ခြင်းပါပဲ။#BAWA101

ဘဝ စာမျက်နှာ

ကြော်ငြာများ

အခြား စိတ်ဝင်စားဖွယ် စာဆောင်များ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။