သင်လက်တွဲဖော်အဖြစ်ရွေးချယ်တဲ့သူက သင့်ဘဝအပေါ်ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

သင့်ရဲ့ဘဝကြီးတစ်ခုလုံးမှာ သူတစ်ယောက်တည်းရဲ့လက်ကိုတွဲပြီး ဘဝကိုဖြတ်သန်းတော့မယ်လို့ တချိန်ချိန်မှာ သင်ဆုံးဖြတ်ရမှာပါ။ ဘယ်လိုလူမျိုးကို သင်ရွေးချယ်မလဲ။ ဘယ်လိုလူမျိုးက သင့်အတွက် သင့်ဘဝရဲ့အကောင်းအဆိုးအားလုံးကို အတူရင်ဆိုင်ဖြေရှင်းမလဲ။ တကယ်တော့ သူစိမ်းနှစ်ယောက် ပေါင်းပြီး ဘဝတစ်ခုဖြစ်အောင် တည်ဆောက်ရတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ သင့်ရဲ့ဘဝတစ်လျှောက်လုံးလက်တွဲဖော်အဖြစ် သင်ရွေးချယ်လိုက်တဲ့သူက သင့်ရဲ့ရှေ့ဆက်လျှောက်မယ့်ဘဝအပေါ် အများကြီး သက်ရောက်မှုရှိနိုင်ပါတယ်။ ဘယ်လိုသက်ရောက်မှုတွေလည်း ဆိုတာ အသေးစိတ်ဖော်ပြပေးလိုက်ပါတယ်နော်။


၁) သင့်ရဲ့မိသားစုဘဝ
သင်ရွေးချယ်လိုက်တဲ့လက်တွဲဖော်ရဲ့ ကောင်းခြင်း၊ ဆိုးခြင်းက သင့်ဘဝတစ်ခုတည်ဆောက်လိုက်ပြီဆိုတာနဲ့ အရင်ဆုံး သင်မိသားစုဖြစ်တည်မှုပေါ်မှာ သက်ရောက်မှုရှိစေမှာဖြစ်ပါတယ်။ သင့်ရဲ့လက်တွဲဖော်ဖြစ်မယ့်သူက သင့်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အကူအညီမဖြစ်ရင်တောင် သင့်အိပ်မက်တွေကို ရပ်တန့်စေမယ့်သူမျိုးမဖြစ်ဖို့လိုပါတယ်။ အဲဒါအပြင် သင့်လက်တွဲဖော်ရဲ့ ဉာဏ်ပညာရှိမှု၊ စဉ်းစားချင့်ချိန်နိုင်စွမ်းပေါ်မူတည်ပြီး သင့်မိသားစု သာယာခြင်း၊ ပူဆွေးဝမ်းနည်းခြင်းတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ သင်မွေးလာမယ့် သင့်ရဲ့သားသမီးမျိုးဆက်ကိုလည်း ဘယ်လိုမျိုး အကောင်းဆုံးပြုစုပျိုးထောင်နိုင်မလဲဆိုတာ သူ့အပေါ်မှာ မူတည်သွားပြန်ပါတယ်။ လိမ္မာပြီး ယဉ်ကျေးတဲ့သားသမီးကောင်းတွေ၊ ပညာဉာဏ်ထက်မြက်ထူးချွန်တဲ့သားသမီးကောင်းတွေ ၊ ပျော်ရွှင်ပြီး စိတ်ချမ်းသာ ချစ်ခင်ကြင်နာတတ်တဲ့သားသမီးကောင်းတွေ ဖြစ်ပေါ်လာခြင်းကလည်း အလားတူပါပဲ။
၂) သင့်ရဲ့ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှု
ဒီလူတစ်ယောက်နဲ့ ဘဝတစ်ခုလုံး လက်တွဲသွားတော့မယ်ဆုံးဖြတ်လို့ လက်တွဲပြီးနောက်ပိုင်းမှ ပိုပြီးသာယာပျော်ရွှင်စရာဘဝကို ပိုင်ဆိုင်လာတဲ့သူမျိုးရှိသလို၊ လုံးဝအဆင်မပြေခြင်းတွေနဲ့ စိတ်ရောလူပါ ခြုံးခြုံးကျ ပျက်စီးရတဲ့လူမျိုးလည်း ရှိပါတယ်။ အဲဒါတွေက ငွေရှိသူကိုလက်ထပ်ခြင်း၊ စည်းစိမ်ဥစ္စာရှိခြင်းနဲ့ မဆိုင်ဘဲ လူပီသချင်စိတ်ရှိခြင်းပေါ်သာ မူတည်တာဖြစ်ပါတယ်။ လက်ထပ်ပြီးနောက်ပိုင်း ဘဝရဲ့ မရှိရှားပါးခြင်းကိုလည်း အတူတူ ရင်ဆိုင်ဖြေရှင်းကြမယ်၊ မရှိမရှား ဘဝမျိုးဖြစ်လာအောင်လည်း အတူတူကြိုးစားကြမယ်ဆိုတဲ့ လက်တွဲဖော်အတော်များများဟာ စီးပွားရေးအဆင်ပြေလွန်းတယ်မဟုတ်ပေမယ့် ပျော်ရွှင်နေတတ်ကြတာများပါတယ်။ လက်မထပ်ခင်ကတော့ ဟုတ်ရဲ့။ လက်ထပ်ပြီးကာမှ “ဒါ သူ့တာဝန်၊ ဒါကိုယ့်တာဝန်” ရယ် ခွဲခြားပြီး ကိုယ့်တာဝန်မဟုတ်လို့ စိတ်တောင်မကူးဘူးဆိုတဲ့သူအတော်များများအတွက်ကတော့ ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။ အဲဒါကြောင့် သင့်ဘဝရဲ့လက်တွဲဖော်က သင့်ရဲ့ပျော်ရွှင်မှုကို ဆက်ပြီးဖန်တီးပေးနိုင်တဲ့သူဖြစ်ပါစေ။ သင့်ရဲ့စိတ်ချမ်းသာခြင်းက သင့်ရဲ့ကိုယ်ကျန်းမာခြင်းနဲ့လည်း ဆက်စပ်နေတဲ့အတွက် သင့်ရဲ့စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာခြင်းကလည်း သင်ရွေးချယ်မယ့်လက်တွဲဖော်အပေါ် အများကြီးမူတည်နေပါတယ်။
၃) သင့်ရဲ့အောင်မြင်မှု၊ ကျရှုံးမှု
အချို့သော ဘဝလက်တွဲဖော်တွေမှာ တစ်ယောက်က အောင်မြင်လွန်းတဲ့အခါ တစ်ယောက်ကဘေးထွက်နေတတ်တာမျိုး ရှိတတ်ကြပါတယ်။ အမှန်တော့ တစ်ယောက်ရဲ့အောင်မြင်မှုဖြစ်လာအောင် တစ်ယောက်က ဘေးကနေ ဖေးမကူညီနိုင်တဲ့စုံတွဲတွေများသောအားဖြင့်က အတူတူအောင်မြင်ကြတဲ့သူတွေပါပဲ။ တစ်ယောက်ရဲ့အောင်မြင်မှု့ဟာ အခြားတစ်ယောက်ရဲ့အောင်မြင်မှုပါပဲလို့ လက်ခံသင့်ပါတယ်။ တစ်ယောက်ရဲ့ဖြစ်တည်မှု အိပ်မက်ကို တစ်ယောက်ကပါ ဖေးမကူညီပြီး ထုဆစ်ပုံဖော်ခွင့်ပေးသင့်ပါတယ်။ အမျိုးသမီးမို့ အိမ်ထောင်ကျပြီး အလုပ်ထွက်မလုပ်ခိုင်းတော့တာမျိုး၊ အိမ်ထောင်ကျသွားတာမို့ ကိုယ်ဆက်ပြီး ဖြစ်ချင်တဲ့ရည်မှန်းချက်ကို ကြိုးစားခွင့်မရှိတော့တာမျိုးမဖြစ်သင့်ပါဘူး။ ကျရှုံးမှုကြုံလာခဲ့ရင်လည်း ဘဝရဲ့လက်တွဲဖော်ကဖေးမနှစ်သိမ့်အားပေးမှ အောင်မြင်မှုရအောင် ထပ်ကြိုးစားနိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် သင့်ရဲ့ကျရှုံးမှု၊ အောင်မြင်မှုကလည်း သင့်ရွေးချယ်တဲ့လက်တွဲဖော်အပေါ်မူတည်နေပါတယ်။
၄) သင့်ရဲ့ချမ်းသာကြွယ်ဝမှု
သင့်ရဲ့ချမ်းသာကြွယ်ဝမှုဆိုတာကတော့ ချမ်းသာကြွယ်ဝသူကို လက်ထပ်ခြင်းနဲ့မသက်ဆိုင်ပါဘူး။ နှစ်ဦးနှစ်ဖက် စုသင့်တာစု၊ သုံးသင့်တာသုံး၊ ချွေတာသင့်တာချွေတာလို့ အတူရုန်းကန်ရင်း အဆင်ပြေချောင်လည်လာတဲ့ဘဝကို ရောက်သွားတဲ့သူတွေလည်းရှိပါတယ်။ အဲဒီလိုမဟုတ်ဘဲ လက်ထပ်ပြီးကာမှ ပိုပြီး ချွတ်ခြုံကျသွားတဲ့မိသားစုမျိုးလည်း မြင်ဖူးကြမှာပါ။ ငွေကြေးချမ်းသာကြွယ်ဝမှုကတော့ အဆင်ပြေလေ ကောင်းလေပါပဲ။ အဲဒီလိုဖြစ်ဖို့က သင့်ရဲ့လက်တွဲဖော်က သင်နဲ့အတူ တိုင်ပင်ဆွေးနွေးနိုင်၊ တက်ညီလက်ညီ ကြိုးစားနိုင်ရင် အကောင်းဆုံးပေါ့။
၅) သင့်ဘဝရဲ့အဓိပါ္ပယ်ရှိခြင်း
သင့်ရဲ့ကျန်ရှိတဲ့ဘဝသက်တမ်းကို သင်ရွေးချယ်ထားတဲ့လက်တွဲဖော်က ဖေးမကူညီတဲ့အပေါ်မူတည်ပြီး သင်အောင်မြင်ခြင်း၊ ကျရှုံးခြင်းဖြစ်နိုင်ပါတယ်။ သင့်လက်တွဲဖော်က ဖြည့်ဆည်းပေးတဲ့ပေါ်မူတည်ပြီး သင့်ရဲ့ပျော်ရွှင်ခြင်း၊ စိတ်ဆင်းရဲခြင်းဖြစ်ပေါ်နိုင်ပါတယ်။ သင့်ရဲ့လက်တွဲဖော်နဲ့အတူ ဖြေရှင်းနိုင်ခြင်း မဖြေရှင်းနိုင်ခြင်းက သင့်ရဲ့ဘဝဒုက္ခတွေကို ပြေပျောက်ခြင်းရှိမရှိပေါ်မူတည်နိုင်ပါတယ်။ သင့်ဘဝရဲ့အဓိပ္ပါယ်ရှိခြင်းမရှိခြင်းကိုလည်း သင့်ရဲ့လက်တွဲဖော်ကသာ အဓိပါ္ပယ်သတ်မှတ်ပေးနိုင်တာဖြစ်ပါတယ်။
တကယ်တော့ လက်တွဲဖော်ရွေးချယ်ခြင်းက အင်မတန်အရေးကြီးပါတယ်။ သင့်ရဲ့ကျန်ရှိတဲ့ဘဝသက်တမ်းတစ်လျှောက်ကို လူဖြစ်ရကျိုးနပ်စွာ၊ ရှင်သန်ရကျိုးနပ်စွာ ပျော်ရွှင်ရှင်သန်နိုင်ဖို့ သင့်ရွေးချယ်ထားတဲ့လက်တွဲဖော်ကသာ သင်နဲ့အတူ ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။