ထားသင့်တဲ့မာနဆိုတာ ဘာလဲ။

မာနကြီးတယ်ဆိုတာ မကြာခဏကြားဖူးပြောဖူးကြမှာပါ။ မာနကြီးတိုင်းကောင်းရဲ့လား။ မာနမရှိရင်ရော ကောင်းရဲ့လား။ မာနဆိုသည်မှာ ထောင်လွှားခြင်းဟုလည်းဆိုကြပါတယ်။ ဗုဒ္ဓဘာသာမှာတော့ မာနဆိုတာ ရှိတဲ့လူအတွက်လည်း အကျိုးမပေးတဲ့အတွက် မထားသင့်ဘူးလို့ဆိုထားပြန်ပါတယ်။ ဒါပေမယ့် သာမန်လူတစ်ယောက်ဖြစ်နေတဲ့အတွက်တော့ မာနဆိုတာအနည်းနဲ့အများရယ်တော့ ရှိကြတာပါပဲ။ သာမန်လူတစ်ယောက်အနေနဲ့ မာနကင်းအောင်တော့ မနေနိုင်ကြပါဘူး။ မာနထားတယ်ဆိုတဲ့နေရာမှာလည်း ရှိသင့်တဲ့မာနရယ်လို့ရှိပေမယ့် အလွန်အကျွံ့မဟုတ်တဲ့နေရာမှာ မာနထားတာမျိုးတော့ မဖြစ်သင့်ပါဘူး။ အဲဒါကြောင့် ထားသင့်တဲ့မာနက ဘာလဲဆိုတာလေး ပြောပြပေးချင်ပါတယ်။


မာနရဲ့အဓိပ္ပါယ်ကိုက ထောင်လွှားခြင်းဖြစ်တဲ့အတွက်ကြောင့် ကိုယ့်မှာရထားတာ၊ ပိုင်ထားတာ၊ ကိုယ်ရဲ့ပစ္စည်းဥစ္စာမှမဟုတ်ဘဲ ကိုယ်ပိုင်ထားတဲ့အရာတွေနဲ့ပတ်သက်ပြီး ထောင်လွှားတဲ့စိတ်၊ အခြားသူကိုကျတော့ ကိုယ့်လောက်မှ မထင်ဘူးဆိုတဲ့စိတ်က များမယ်ထင်ပါတယ်။ အဲဒီလို ကိုယ်ပိုင်ဆိုင်ထားတာကိုသာ အကောင်းထင်၊ အပြည့်စုံဆုံးထင်တဲ့စိတ်များလာတဲ့အခါ မာနာကြီးလာပြီး မတူဘူးမတန်ဘူးရယ်လို့ အထင်ရောက်တတ်လာသလို၊ မောက်မာလာတတ်ပါတယ်။ ကြမ်းတမ်းရိုင်းစိုင်းစွာဆက်ဆံလာတတ်တာမျိုးတွေဖြစ်လာပါတယ်။ မတူမတန်ခွဲခြားဆက်ဆံတာမျိုးတွေရောပေါ့။ အဲဒါကြောင့် မာနကြီးခြင်းဟာ မဖြစ်သင့်ဘူးလို့ ပြောကြတာဖြစ်ပါတယ်။
အခြေခံအားဖြင့် လူတစ်ယောက်ရဲ့အပေါ်ယံသွင်ပြင်ကိုကြည့်ပြီး အဆင့်အတန်းချင်းမတူဘူး၊ မတန်ဘူးရယ်လို့ ရိုင်းစိုင်းစွာ ခွဲခြားဆက်ဆံခြင်းမျိုးရှိတဲ့လူတွေမှာ ထိုမာန်မာနတွေများနေတယ်လို့ပြောနိုင်ပါတယ်။ တရားသဘောအရမဟုတ်ဘဲ လက်တွေ့ကျကျတွေးကြည့်မယ်ဆိုရင်ဖြင့် ထိုကဲ့သို့ ခွဲခြားဆက်ဆံခြင်းဟာ ဆိုး ဝါးသလို၊ လူကိုလူလိုမမြင်ခြင်းသာပါပဲ။ အဲဒီလို မာန်မာနမျိုးကတော့ မရှိသင့်တဲ့မာနလို့ပြောရပါလိမ့်မယ်။ အဲဒါဆိုရင် ရှိသင့်တဲ့မာနကတော့ အခြားသူတွေကို ရိုင်းစိုင်းမောက်မာမတူမတန်ခွဲခြားဆက်ဆံခိုင်းချင်တာမျိုးမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ်အတွက်သတ်မှတ်ထားတဲ့မာနမျိုးကို အဓိကပြောချင်တာဖြစ်ပါတယ်။ ဥပမာ။ ကိုယ်က သာမန်လခစားဝန်ထမ်းဘဝက မွေးဖွားလာတယ်ဆိုပါတော့ ။ ငွေရဖို့၊ ရာထူးရဖို့၊ ဘဝအဆင့်အတန်းမြင့်မားလာဖို့အတွက်တစ်ခုတည်းနဲ့ ကိုယ့်ရဲ့ကိုယ်ကျင့်တရားကို ငွေနဲ့ဘယ်တော့မှမလဲဘူးဆိုတဲ့မာနမျိုးပေါ့။ ထိုမာနမျိုးကတော့ အခြားသူအတွက်လည်းမထိခိုက်သလို၊ ကိုယ့်ရဲ့ကိုယ်ကျင့်တရားနဲ့ဂုဏ်သိက္ခာအတွက် ထားကိုထားသင့်တဲ့မာနဖြစ်ပါတယ်။ “လျှာပေါ်မြက်ပေါက်ရင်ပေါက်ပါစေ ကိုယ်ကျင့်တရားတော့ရောင်းမစားဘူး” ဆိုတဲ့မာနမျိုးပေါ့။ “ကိုယ်က ဆင်းရဲတဲ့မိသားစုမွေးဖွားလာပါစေ…ကိုယ့်ဘဝကို သမာအာဇီဝနည်းနဲ့ ကိုယ့်ရည်မှန်းချက်ကိုရောက်အောင်ကြိုးစားမယ်” ဆိုတာမျိုးပေါ့။ “ကိုယ့်ဘယ်အဆင့်ရောက်နေပါစေ၊ အားမငယ်ဘဲ ကိုယ့်ဘဝကိုမရရအောင် ရှေ့ဆက်ကြိုးစားမယ်” ဆိုတဲ့မာနမျိုးပေါ့။ “ကိုယ့်ရဲ့မင်္ဂလာပွဲကျင်းပတဲ့နေ့ကိုမရောက်မချင်း ကိုယ့်ရဲ့အပျို၊ လူပျိုဘဝကို စောင့်ထိန်းမယ်” ဆိုတဲ့မာနမျိုး၊ “ကိုယ်မှားနေရင် အမှန်ပြင်ပေးတဲ့အခါ လေးစားစွာဝန်ခံပြီး အမှန်ပြင်မယ်” “ဘယ်လောက်ဆင်းရဲသွားပါစေ…အခြားသူရဲ့ငွေကို အလကားမယူဘူး၊ ကိုယ့်ချွေးနှဲစာ၊ ကိုယ့်လုပ်အားနဲ့ ရအောင်ကြိုးစားမယ်” ဆိုတဲ့မာနမျိုး “ကိုယ့်ရဲ့ပင်ကိုယ်စတိုင်လ်နဲ့စာရေးမယ်၊ အခြားဘယ်သူ့ရဲ့အရိပ်လွှမ်းမိုးမှု၊ ပုံတူကူးမှုမျိုးလုံးဝမလုပ်ဘူး” ဆိုတဲ့မာနမျိုး "ကိုယ့်ကြောင့် အခြားသူရဲ့အိမ်ထောင်ရေး၊ မိသားစုကို ထိခိုက်အောင်မလုပ်ဘူး" ဆိုတာမျိုး၊ "ဘယ်လိုအကြောင်းကြောင့်မှ ကိုယ့်လက်တွဲဖော်ကို သစ္စာမဖောက်ဘူး" ဆိုတာမျိုးစသဖြင့်ပေါ့ ။ အများကြီးပါပဲ။
တနည်းအားဖြင့်ဆိုရင်တော့ အခြားသူတွေနဲ့ဆက်ဆံရာမှာနှိမ့်ချမှုက လူတိုင်းမှာ ရှိသင့်သလိုပဲ ကိုယ့်ရဲ့ကိုယ့်ကျင့်တရား၊ ရိုးသားမှု၊ မှန်ကန်မှု၊ ကြိုးစားမှု၊ လူသားချင်းစာနာထောက်ထားမှု စတာတွေနဲ့ပတ်သက်တဲ့ မာနကတော့ အယောက်စီတိုင်းမှာ ဘာကြောင့်မှ အပျက်စီးမခံဘဲ ထားသင့်တဲ့မာနလို့ပြောချင်ပါတယ်။ ကိုယ့်ရဲ့အကျိုးအတွက် အခြားသူများကိုမထိခိုက်စေမယ့်မာနမျိုးကို ထားသင့်တဲ့မာနလို့ အက်မင်ကတော့မြင်မိပါတယ်။ နေရာတိုင်းမှာမာနထားနေတာမျိုးမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ်စည်းကမ်းသတ်မှတ်ရမှာ ဘယ်သူ့ကြောင့်နဲ့မှ ကိုယ့်မာနကိုတော့ အထိမခံဘူးဆိုတဲ့စိတ်လေးပါပဲ။ အဲဒါဆိုရင်တော့ အခြားသူထက် ကိုယ့်ကြောင့် အခြားသူကို ထိခိုက်အောင်မလုပ်မိထားတဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီးယုံကြည်မှုရှိလာနိုင်ပါတယ်။ ကိုယ့်ရဲ့ရိုးသားမှုအတွက်၊ ကိုယ့်ရဲ့ကိုယ်ကျင့ိသိက္ခာနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့သမာအာဇီဝအတွက်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့မာနကိုခိုင်မာအောင်ထိန်းသိမ်းထားခြင်းကြောင့်ပဲ ကိုယ့်ကိုယ်ကိုယ်လည်း လိပ်ပြာလုံနေမှာဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီလို ကိုယ့်လိပ်ပြာကိုယ်လုံစေမယ့် မာနတရားမျိုးကတော့ ထားသင့်ပါကြောင်း၊ လူတိုင်း အဲဒီစိတ်လေးသာထားကြမယ်ဆိုရင် ပိုပြီး လူကောင်းတွေများလာမှာအသေအချာပါပဲလို့ တိုက်တွန်းလိုက်ရပါတယ်။
#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။