စိတ်နဲ့တန်တဲ့ဘဝဆိုတာ……

“သူ့စေတနာသူ့အကျိုးပေးလိမ့်မယ်…..” ဆိုတဲ့စကားမျိုးကို လူတော်တော်များများပြောတတ်ကြပါတယ်။ သေချာပြန်စဉ်းစားကြည့်လိုက်မယ်ဆိုရင် လူတိုင်းဟာ သူတို့စိတ်နဲ့တန်တဲ့ဘဝကို သူတို့ရကြတယ်ဆိုတာ တကယ်မှန်တဲ့စကားပါပဲ။ လူတစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံတဲ့အခါ အတွင်းစိတ်ကိုသိဖို့အင်မတန်ခက်ခဲပါတယ်။ ရေရှည်ပေါင်းသင်းကြည့်မှသာ ထိုလူရဲ့အတွင်းစိတ်ကို တဖြည်းဖြည်းတရိပ်ရိပ် သိလာနိုင်တာဖြစ်ပါတယ်။ အဲဒီ့အခါမှ ဒီလူမျိုးဟာ ကိုယ့်ကို ထိခိုက်စေလိုတဲ့စိတ်ရှိတာလား၊ ကိုယ့်အပေါ်စေတနာထားတာလား၊ တကယ့်စိတ်ရင်းမှန်တဲ့လူမျိုးလားဆိုတာကို တရေးရေးသိလာနိုင်တာဖြစ်ပါတယ်။ များသောအားဖြင့် ပေါင်းသင်းဆက်ဆံတတ်တဲ့အခါမှာ လူနှစ်မျိုးပဲရှိပါတယ်။ လူကောင်းရယ်လူဆိုးရယ်ပါပဲတဲ့။


ယေဘုယျအားဖြင့်တော့ လူကောင်းဆိုတာက သူကိုယ်တိုင်ကောင်းအောင်နေတဲ့အပြင် သူနဲ့ပတ်သက်သမျှ၊ သူနဲ့ပေါင်းသင်းနေတဲ့ပတ်ဝန်းကျင်ကို သူ့ကြောင့်မထိခိုက်စေတဲ့လူမျိုးပေါ့။ လူဆိုးဆိုတာကတော့ သူကိုယ်တိုင် ကျင့်ဝတ်တွေ၊ သိက္ခာတွေ၊ ကိုယ်ကျင့်တရားတွေ၊ အားလုံးဖောက်ဖျက်နိုင်တဲ့အပြင် သူနဲ့ပတ်သက်နေသမျှ ပတ်ဝန်းကျင်၊ အပေါင်းအသင်း အားလုံးကို တနည်းနည်းနဲ့ဒုက္ခပေးနိုင်တဲ့လူမျိုးပါ။ အဲဒီလိုလူမျိုးကို အဆိပ်အတောက်လို လူမျိုး တနည်းအားဖြင့် လူ့အဆိပ်လို့ခေါ်နိုင်ပါတယ်။
ထိုလူမျိုးတွေက သူ့ဟာသူ ပြဿနာရှာပြီး ဒုက္ခရောက်လာတဲ့အခါကျပြန်တော့လည်း ပတ်သက်ရာလူတွေကိုလည်း ပြဿနာဖြေရှင်းခိုင်းတတ်တဲ့လူမျိုးပါ။ ဘုန်းကြီးအမှု ရွာပတ်တယ်ဆိုတာမျိုးပေါ့။ အဲဒါအပြင် သူတို့ရှုပ်ထားသမျှကို ရှင်းပေးလိုက်ပြန်ရင်လည်း ရှင်းပေးတဲ့လူတွေ၊ သူတို့ကို ကူညီပေးလိုက်တဲ့လူကိုပါ ပြန်ပြီး ဒုက္ခပေးတတ်ပါသေးတယ်။ ကူညီပေးလိုက်ပြန်ရင်လည်း ကူညီခြင်းကို ခုတုံးလုပ်ပြီး နင်းချသွားတတ်ပါသေးတယ်။ အဲဒါကြောင့် ထိုကဲ့သို့ လူ့အဆိပ်တွေက ဘယ်လိုပဲစေတနာထားပါစေ……ဘယ်လိုပဲ စိတ်ကောင်းထားကူညီပေးလိုက်ပါစေ၊ ကူညီလိုက်တဲ့သူ၊ စေတနာထားလိုက်တဲ့လူကိုပါ ပြန်ပြီးအဆိပ်ခတ်တတ်ပါတယ်။ အဲဒါကြောင့် လူ့အဆိပ်လို့ခေါ်တာဖြစ်ပါတယ်။ ဒါပေမယ့် ထိုကဲ့သို့ လူ့အဆိပ်တွေရဲ့ဘဝဟာ ဘယ်တော့မှ ပြောင်လက်ပြီး အရောင်ထွက်တယ်ရယ်လို့မရှိဘဲ အမြဲတစေ အဆင်မပြေ၊ ဒုက္ခရောက်၊ ပြဿနာပေါင်းစုံကြားရှုပ်ထွေးနေတတ်ပါတယ်။ အဲဒါဟာ သူတို့စိတ်နဲ့တန်တဲ့ဘဝကို သူတို့ရကြတာပဲလို့ ဆိုလိုတာဖြစ်ပါတယ်။
အန်တီကြီးတစ်ယောက်ကို တွေ့ဖူးပါတယ်။ အိမ်မှုကိစ္စအားလုံး အကုန်သိမ်းကြုံးလုပ်နိုင်ပါတယ်။ တစ်အိမ်လုံး သန့်ရှင်းသပ်ရပ်အောင် ရှင်းလင်းနိုင်သလို၊ အဝတ်တွေဆိုလည်း ပြောင်စင်နေအောင်လျှော်ဖွတ်နိုင်ပါတယ်။ ပြောရရင် အိမ်မှုကိစ္စအတော်နိုင်နင်းပါတယ်။ အလုပ်ရှင်တော်တော်များများက သူ့လက်ရာကိုကြိုက်ကြတဲ့လူချည်းပါပဲ။ ဒါပေမယ့် မကောင်းတဲ့အကျင့်ကဘာလဲဆိုတော့ အန်တီကြီးရဲ့လက်ထဲ ငွေလုံလောက်အောင်ရှိရင် ထိုငွေကို ဇိမ်နဲ့ထိုင်စားပြီး ဘယ်အလုပ်ရှင်က အလုပ်လာပေးပေး ခပ်တည်တည်နဲ့ ငြင်းပစ်လိုက်တာပါပဲ။ သူ့လက်ထဲရှိတဲ့ငွေကုန်ပြီဆိုတာနဲ့ အရင်က အလုပ်ပေးဖူးတဲ့အိမ်ရှင်တွေဆီ ချောင်းပေါက်မတတ် အလုပ်သွားတောင်းသလို၊ ငိုချင်းချပြသလို၊ သူ့ရဲ့အကြွေးပေါင်းသောင်းခြောက်ထောင်ကို ဆပ်ဖို့ရှိကြောင်း အကြောင်းပြတတ်ပါတော့တယ်။ ဒါပေမယ့်လည်း အဲဒါက ငွေသုံးစရာမရှိတုန်းခဏသာဖြစ်ပြီး အချိန်တန် သူမလက်ထဲငွေရှိတဲ့အခါ ဆပ်စရာရှိတဲ့အကြွေးတွေလည်း မဆပ်ဘဲ အရင်လို ခပ်တည်တည်အလုပ်လုပ်ဖို့ ငြင်းတတ်ပြန်တာပါပဲ။ အကြောင်းသိလာတဲ့အလုပ်ရှင်တွေက သူမကို အလုပ်မပေးတော့ဘဲ လုပ်ရည်ကိုင်ရည်ကိုကြိုက်ပေမယ့် စိတ်ဓာတ်ကိုမကြိုက်လို့ ငြင်းဆန်လွှတ်တတ်ကြပါတယ်။ တကယ်ဆိုရင် သူ့ရဲ့လုပ်ရည်ကိုင်ရည်ကို ကောင်းကောင်းအသုံးချပြီး၊ ကတိတည်တည်နဲ့ အကြွေးတွေကို အကျေဆပ်ပြီး အလုပ်ကို တစိုက်မတ်မတ်လုပ်ကိုင်မယ်ဆိုရင် အလုပ်ရှင်တော်တော်များများက သူ့ကို အထောက်အပံ့ပေးကြမှာပါပဲ။ နောက်ဆုံး ကိုယ်ပိုင်အဝတ်လျှော်လုပ်ငန်းအသေးစားလေးအဖြစ်တောင် တည်ထောင်သွားလို့ရနိုင်ပါတယ်။ ဒါပေမယ့် သူ့စိတ်နဲ့တန်သလောက်ပဲ သူပြန်ရတာပါပဲ။
ဥပမာ။ ငွေတွေအခါခါ ချေးငှားပြီး ကတိမတည်၊ ပြန်မဆပ်တတ်တဲ့သူမျိုးကို တကယ့်သေရေးရှင်ရေးရောက်လာရင်လည်း ဘယ်သူကမှ ယုံကြည်ပြီးငွေထုတ်ပေးမှာမဟုတ်ပါဘူး။ အဲဒါသည် စိတ်နဲ့တန်တဲ့ရလဒ်ကို ရတာပါ။ အဲဒီလိုပါပဲ အလုပ်ကိုစေတနာမထားတဲ့သူဟာလည်း ဘယ်တော့မှ ကိုယ့်ကိုစေတနာပြန်ထားတဲ့အလုပ်ရှင်မျိုးကို ပြန်မရနိုင်ပါဘူး။ ကိုယ်ကစေတနာထားကြိုးစားပေးရဲ့သားနဲ့ ကိုယ့်စေတနာကို နားမလည်တဲ့အလုပ်ရှင်မျိုးကိုလည်း ဘာမှငြိုငြင်စရာမရှိပါဘူး။ အချိန်တန် ကိုယ်နဲ့တန်တဲ့အလုပ်ရှင်က ကိုယ့်ကိုခေါ်ပါလိမ့်မယ်။ စေတနာနားမလည်တဲ့အလုပ်ရှင်မျိုးကလည်း ငကန်းသေ၊ ငစွေလာမယ်လို့တွေးသလိုပဲ ၊ သူ့အတွေးနဲ့ထပ်တူကျတဲ့အလုပ်သမားမျိုးနဲ့ပဲ သူပြန်တွေ့ရမှာပါပဲ။ အပေါ်ယံမှာ အခြားလူတွေအထင်ကြီးအောင် ဘယ်လောက်ပဲ အကောင်းစားဝတ်ပြ၊ ဆင်ပြ ၊ Brand တွေကိုင်ပြနေပါစေ၊ ထိုလူရဲ့အကျင့်စာရိတ္တမကောင်းရင် အချိန်တန် တဖြည်းဖြည်း လူတွေသိလာမှာပါပဲ။ အဲဒီ့အခါ သူဝတ်ပြ၊ စားပြ၊ ဆင်ယင်ပြသမျှကို နှာခေါင်းရှုံ့ကြမှာပါပဲ။ အဲဒါတွေအားလုံးဟာ စိတ်နဲ့တန်တဲ့ဘဝကိုသာ ရတာပါ။ ဒါပေမယ့် အစစ်အမှန်ကိုသိလာဖို့ကတော့ သက်သေပြစရာအချိန်ကာလတစ်ခုတော့ စောင့်ရတာပေါ့။ ထိုအချိန်ကာလလေး ရောက်လာတဲ့အခါ သူ့စေတနာက သူ့ကိုအကျိုးပေးသွားပါတော့တယ်။ အဲဒီ့အတွက် စိတ်နဲ့တန်တဲ့ဘဝကို လူတွေက ရကြတယ်လို့ပြောတာပါ။ ချက်ချင်းကြီးတော့ လူတစ်ယောက်ရဲ့အကြောင်းကို ဘယ်သူမှ မသိနိုင်ပါဘူးနော်။ အချိန်လေးပဲစောင့်ပေးလိုက်ပါ။ “Time does not change the people, time reaveals the real face of people” တဲ့။ အချိန်က လူတွေကိုမပြောင်းလဲနိုင်ပါဘူး။ ဒါပေမယ့် အချိန်က လူတွေရဲ့စစ်မှန်တဲ့မျက်နှာတွေကိုဖော်ပြနိုင်ပါတယ်နော်။ တကယ်လို့များ ကိုယ့်ကစိတ်စေတနာ သန့်ရှင်းခဲ့ရဲ့သားနဲ့ ခုလက်ရှိအချိန်မှာ ထိုစေတနာကအကျိုးမပေးဘူးလားလို့များတွေးမိနေတယ်ဆိုရင် စေတနာအကျိုးပေးမယ့်အချိန်လေးတစ်ခုကိုစောင့်နေရတယ်ဆိုတာ ပြန်တွေးပါ။ “ညံ့ဖျင်းတဲ့သူတွေနဲ့ ဘယ်တော့မှမငြင်းခုံပါနဲ့။ သူတို့က သင့်ကို သူတို့ရဲ့အတွေ့အကြုံတွေနဲ့တိုက်ခိုက်ကြပြီး သင့်ကိုပါ သူတို့နဲ့အဆင့်အတန်းခြင်းတူအောင် ဆွဲချသွားပါလိမ့်မယ်” လို့ ကဗျာဆရာ Mark Twin ကပြောထားပါတယ်။ သင်ဘယ်လောက်စေတနာထားထား၊ တန်ပြန်မရပါလား…..ဆိုပြီး စိတ်သောကရောက်နေတာဖြစ်ဖြစ်၊ စေတနာတန်ဖိုးမထားသူကို ပြန်ပြီး ဒေါသပွားနေတာဖြစ်ဖြစ် သင့်ရဲ့အကျိုးရှိတဲ့အချိန်တွေ အလကားကုန်ဆုံးသွားသလို၊ သူတို့အဆင့်အတန်းနဲ့သင်အတူတူဖြစ်သွားပါလိမ့်မယ်။ အဲဒီလို လူ့အဆိပ်တွေနဲ့ကြုံရတိုင်း “သူတို့စေတနာသူတို့ကို အကျိုးပေးလိမ့်မယ်။ လူတိုင်းဟာ စိတ်နဲ့တန်တဲ့ဘဝကိုရတာမို့ ကိုယ့်စိတ်ကိုသာ ကောင်းအောင်ကြိုးစားမယ်၊ အချိန်တန် ကိုယ့်စိတ်က ကိုယ့်ကိုအကျိုးပေးလာလိမ့်မယ်” လို့သာ ပြန်တွေးလိုက်ပါ။
အဓိကက ကိုယ့်စေတနာကို အတတ်နိုင်ဆုံးအသန့်ရှင်းဆုံးထားပါ။ စိတ်ကောင်းမွေးပါ ။ ဘာပဲလုပ်လုပ် စေတနာအပြည့်နဲ့လုပ်ပါ။ ကိုယ့်ကြောင့် အခြားသူတွေမထိခိုက်ပါစေနဲ့။ လူ့အဆိပ်တွေနဲ့ ကြုံရလေလေ၊ ကိုယ်တိုင်လူ့အဆိပ်မဖြစ်ဖို့ သင်ခန်းစာယူပါ။ ကိုယ့်ကိုယ်ကိုယ်လည်းမထိခိုက်စေသလို၊ အခြားသူကိုလည်း ကိုယ့်ကြောင့်မနစ်နာပါစေနဲ့ဆိုတဲ့ စိတ်ကောင်းထားပါ။ ဘယ်အချိန်ပြန်တွေးပြန်တွေး ကိုယ့်ကိုယ်ကိုယ် လိပ်ပြာလုံလုံနေနိုင်ပါစေ၊ လူတိုင်းကို စိတ်ရှင်းရှင်းနဲ့ဆက်ဆံနိုင်ပါစေ။ အချိန်တန်ရင် စိတ်စေတနာဖြူစင်သန့်ရှင်းမှုဟာ ကိုယ့်ဘဝကို အရောင်ဟပ်လာပါလိမ့်မယ်လို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။