ငွေမရှိဘူးဆိုရင် ဒီအရာတွေမှာ အဓိက ရင်းနှီးမြုပ်နှံပါ။

ဆရာဖေမြင့်ရေးတဲ့စာအုပ်တစ်အုပ်ကို ငယ်ငယ်က ဖတ်ဖူးခဲ့တာ “ဦးနှောက်တွင်ရင်းနှီးမြုပ်နှံပါ” တဲ့ ။ ငယ်စဥ်ကတည်းက ဆင်းရဲတဲ့မိဘကမွေးဖွားလာရင်လည်း အားငယ်စရာမလိုဘဲ ကိုယ့်ရဲ့အသိဥာဏ်ပညာမှာ များများရင်းနှီးမြုပ်နှံခြင်းဟာ ကိုယ့်ဘဝအတွက်အများကြီးတိုးတက်နိုင်တယ်လို့ ပြောပြပေးခဲ့တဲ့စာအုပ်တစ်အုပ်ပါ။ အဲဒီ့စာအုပ်ဖတ်ပြီးကတည်းက “ဆင်းရဲလည်း အားငယ်စရာမလိုဘူး၊ ကိုယ့်ပညာဥာဏ်မှာ အခြားသူထက်သာအောင် ရင်းနှီးမြုပ်နှံဖို့ပဲကြိုးစားရမယ်” လို့အတွေးဝင်လာမိတာပါပဲ။


တကယ်လည်း ကိုယ့်ဘဝမှာ အိပ်မက်တွေက စျေးကြီးတယ်၊ ပညာရေးကို ငွေနဲ့လိုက်မှ ဘွဲ့ကောင်းကောင်းရနိုင်တာဆိုတာတွေထက်စာရင် ငွေမရှိပေမယ့် အများကြီး ရင်းနှီးမြုပ်နှံလို့ရတာတွေရှိပါတယ်။ အဲဒါတွေကတော့ အောက်ကအချက် ၄ချက်ပါပဲ။

၁) အချိန်ကိုရင်းနှီးမြုပ်နှံပါ။
ကိုယ့်ရဲ့တစ်နေ့မှာ ရထားတဲ့ ၂၄နာရီကိုသာ ကောင်းကောင်းအသုံးချတတ်မယ်ဆိုရင် ငွေများများရအောင် ပိုရှာလာနိုင်တာပေါ့။ ငွေမရှိလို့လို့ ထိုင်ညည်းနေလို့ အလကားပါပဲ။ အိပ်ချိန်လျှော့၊ သာမန်အလုပ်ချိန်၈နာရီကိုဖယ်လိုက်ရင် ကျန်တဲ့အချိန်မှာ ကောင်းကောင်းအသုံးချခြင်းအားဖြင့် ဝင်ငွေလည်းတိုးနိုင်သလို၊ ပညာလည်းတိုးအောင်ကြိုးစားနိုင်ပါတယ်။ ဒီနေ့ခေတ်မှာ နည်းပညာကိုကောင်းကောင်းအသုံးချတတ်မယ်ဆိုရင် အများကြီးပိုလွယ်နိုင်ပါသေးတယ်။

၂) ခွန်အားကိုရင်းနှီးမြုပ်နှံပါ။
အရင်းအနှိးမရှိရင် ပွဲစားလုပ်...ဆိုတဲ့စကားကြားဖူးမယ်ထင်ပါတယ်။ သဘောတရားက ကိုယ့်မှာ လုပ်ငန်းတစ်ခုစတင်ဖို့ရာ ငွေပုံငွေရင်းမရှိလို့ အလုပ်မလုပ်နိုင်ဘူးဆိုတာမျိုးမဖြစ်ရဘဲ ကိုယ့်ရဲ့လေကို များများအသုံးချ ပါးစပ်လေးပဲစိုက်ပြီး ပွဲစားလုပ်နိုင်တယ်လို့ပြောချင်တာပါ။ အလားတူ ကိုယ့်ရဲ့ခွန်အားကို ပိုအသုံးချပြီးငွေပိုရှာမယ်ဆိုရင် အချိန်လည်းပိုပြီးစီမံခန့်ခွဲတတ်သွားသလို၊ ဝင်ငွေလည်းပိုတိုးလာနိုင်ပါတယ်။ အဲဒီပိုတိုးလာတဲ့ဝင်ငွေနဲ့ သင့်လုပ်ချင်တာလေးလုပ်နိုင်တာပေါ့။

၃) အတတ်ပညာတစ်ခုမှာရင်းနှီးမြုပ်နှံပါ။
နောက်တစ်ခုကတော့ လက်မှုပညာတစ်ခုခုကို တတ်အောင်သင်၊ အောက်သက်ကြေအောင် ဆရာတင်ပြီး တပည့်ပီသစွာ သင်ယူနိုင်မယ်ဆိုရင်လည်း လက်မှုပညာက ကိုယ့်ရဲ့ထမင်းစားလက်မှတ်ပါပဲ။

၄) ဦးနှောက်တွင်ရင်းနှီးမြုပ်နှံပါ။
ဒါကတော့ ဆရာဖေမြင့်စာအုပ်ထဲကလိုပါပဲ၊ ဦးနှောက်တွင်ရင်းနှီးမြုပ်နှံဖို့ရာ စာများများဖတ်ပြီး ကိုယ့်ရဲ့ဝါသနာပါရာမှာ သေချာလေ့လာကြိုးစားသင်ယူပါလို့ပြောချင်တာပါ။

အဝေးသင်တက်ပြီး ကျောင်းအားချိန်တွေမှာ ကျောင်းတက်ဖို့ အလုပ်လုပ်ရင်းမုန့်ဖိုးစုတာမျိုး၊ သာမန်အလုပ်ချိန် ၈နာရီကအပြန်မှာ နောက်ထပ်အချိန်ပိုင်းအလုပ်တစ်ခုကို ရအောင်ရှာပြီးထပ်လုပ်တာမျိုးတွေနဲ့လည်း ဝင်ငွေတိုးပွားအောင် ကြိုးစားနိုင်ပါတယ်။ အခြားသူထက်ပိုပင်ပန်းနိုင်ပေမယ့် ဝင်ငွေကျောထောက်နောက်ခံ ချမ်းသာတဲ့အသိုင်းအဝိုင်းမဟုတ်သူများအတွက်ကတော့ ပိုပြီးရင်းနှီးမြုပ်နှံလို့ရမယ့်အရာတွေပါပဲ။ ငွေကြေးမချမ်းသာပေမယ့် အထက်ကအချက်၄ချက်မှာ သေချာရင်းနှီးမြုပ်နှံတတ်မယ်ဆိုရင် သင့်ဘဝတိုးတက်ဖို့ရာအထောက်အကူဖြစ်မှာအသေအချာပါပဲ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။