မိုးရာသီမှာ ကျန်းမာအောင် ဘယ်လိုနေထိုင်ကြမလဲ။

မိုးရာသီကိုစပြီး ဝင်ရောက်လာပါပြီ။ ကိုဗစ်ကပ်ဆိုးကြီးကလည်း မပြီးဆုံးသေးတဲ့အတွက် မိုးရာသီရဲ့ ရာသီတုတ်ကွေးနဲ့ ခပ်ဆင်ဆင်သဏ္ဍန်တူတဲ့လက္ခဏာတွေပဲမို့ သတိပိုပြီးထားဖို့လိုအပ်ပါတယ်နော်။ အဲဒါကြောင့် ခုမိုးတွင်းမှာ ပိုပြီး ဂရုစိုက်နေထိုင်သင့်ပါတယ်။ ဘယ်လိုနေထိုင်မလဲဆိုတဲ့အခြေခံအချက်လေးတွေကို သတိလေးထားပြီးနေထိုင်ကြမယ်ဆိုရင် ရောဂါကူးစက်မှုအများကြီးသက်သာနိုင်ပါတယ်။


၁) ညဘက်အိပ်ရေး၀၀အိပ်ပေးပါ။
လေ့လာချက်တွေအရ အိပ်ရေးမဝတဲ့လူဟာ တုတ်ကွေးမိဖို့ အလားအလာပိုများနိုင်ပါတယ်တဲ့။ အဲဒါကြောင့်အိပ်ရာစောစောဝင်ပါ။ အိပ်ရေး၀၀အိပ်ပါ။ Screen time ကိုအတတ်နိုင်ဆုံးလျှော့ချပြီး အိပ်ချိန်ကို ပြည့်ဝအောင်အိပ်ပေးပါ။

၂) လက်ကို ပုံမှန် ရေ ၊ ဆပ်ပြာတို့ဖြင့်ဆေးကြောပေးပါ။
အပြင်ကပြန်လာတိုင်းလက်ကို ဆပ်ပြာဖြင့်ဆေးကြောပါ။ ရေမရနိုင်တဲ့နေရာတွေမှာ Hand Gel ဖင့်လက်ကိုသန့်စင်ပြီးတဲ့အခါ ရေရနိုင်တဲ့နေရာရောက်လျှင် ရေဆပ်ပြာဖြင့် လက်ကို သတိတရထပ်ဆေးပါ။ လက်မဆေးရသေးဘဲ မျက်နှာကို လုံးဝမထိတွေ့ပါနဲ့။

၃) ရေများများသောက်ပါ။
အရည်များများသောက်ပေးပါ။ ရေများများသောက်ပါ။ ရေနွေး၊ လက်ဖက်ရည်ကြမ်းနဲ့ အခြားအာဟာရပြည့်ဝတဲ့ ကြက်စွပ်ပြုတ်ရည်၊ အမဲစွပ်ပြုတ်ရည်မျိုးကဲ့သို့ အရည်များများသောက်ပေးပါ။

၄) ဟင်းသီးဟင်းရွက်နဲ့ antioxidants ကြွယ်ဝတဲ့ အသီအနှံများများစားပေးပါ။
ဗီတာမင်စီကြွယ်ဝတဲ့ အသီးအနှံနဲ့ antioxidants ပြည့်ဝတဲ့အသီးအနှံ အသီးအရွက်တွေက ကိုယ်ခံစွမ်းအားတိုးစေပါတယ်။ အဲဒါကြောင့် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေစားပေးပါ။

၅) ဖျားနာတဲ့လူတွေနဲ့ခပ်ဝေးဝေးနေပါ။
New Normal နဲ့ အသားကျအောင်နေထိုင်ရမှာမို့ လူစုလူဝေးကို အတတ်နိုင်ဆုံးရှောင်ကျဉ်ပါ။ မရှောင်နိုင်ရင် Mask တပ်ပါ။ စကားပြောလည်း Mask ကို လုံးဝမချွတ်ပါနဲ့။ လူတစ်ယောက်နဲ့တစ်ယောက်အနည်းဆုံး ၆ပေအခွာမှာနေဖို့ သတိကပ်ပါ။ ကိုယ့်ကိုယ်ကိုယ်သတိထားပါ။ ကိုယ့်ပတ်ဝန်းကျင်ကလူတိုင်းကို ဖျားနာနေသူလို သဘောထားပြီး ၆ပေအကွာမှာနေဖို့ ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။

၆) အိမ်သန့်ရေးလုပ်ပါ။
အရင်က အိမ်ကို တစ်ပတ်တစ်ခါ သန့်ရှင်းရေးလုပ်တယ်ဆိုရင် အခုတော့ တစ်ပတ် ၂ခါ ၃ခါ စသဖြင့် သန့်ရှင်းရေးပိုလုပ်ဖို့လိုပါတယ်။ အပြင်က ပြန်လာတိုင်း လက်ဆေးပြီး အဝတ်လဲပြီးမှသာ အိမ်ရှိပစ္စည်းတွေကို ကိုင်တွယ်သင့်ပါတယ်။ လူကိုင်များတဲ့ တံခါးလက်ကိုင်၊ ပရိဘောဂ စတဲ့နေရာတွေကို ပိုးသတ်ဆေးနေ့စဉ်ဖြန်းသင့်ပါတယ်။

၇) ကိုယ်လက်လှုပ်ရှားမှုရှိပါစေ။
ကိုယ်လက်လှုပ်ရှားမှုပြင်းထန်တာမဟုတ်ရင်တောင် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးသင့်ပါတယ်။

၈) ခြောက်သွေ့ပြီး နွေးနွေးထွေးထွေးနေပါ။
အပြင်က အစိုနဲ့ပြန်လာတာမျိုးကို အဝတ်မလဲဘဲ ခပ်ကြာကြာနေတာမျိုး ပေါ့ဆတာမျိုးလုံးဝမလုပ်ပါနဲ့။ ကိုယ်လက်သုတ်သင်ပြီး နွေးထွေးစွာနေပါ။

၉) အပြင်သွားတိုင်း Mask တပ်ပါ။
အခုတော့ အကုန်လုံးနီးပါး အရင်လို လွတ်လပ်စွာသွားလာနေကြတာကိုတွေ့ရပါတယ်။ တကယ်တော့ New Normal နဲ့အသားကျအောင်နေထိုင်ပြီး ရောဂါကို ကာကွယ်ရမှာဖြစ်ပါတယ်။ အဲဒါမှ ဆင့်ပွားကူးစက်ခြင်းကနေ တားဆီးနိုင်မှာဖြစ်ပါတယ်။ စားဝတ်နေရေးအရ မတတ်သာလို့ မဖြစ်နိုင်လို့ အပြင်ထွက်ရရင်တောင် New Normal ပုံစံသစ်ကို နှလုံးမူပါ။ ကျင့်သုံးပါ။ ပေါ့ဆဖို့ မသင့်သေးပါဘူး။ ကိုဗစ်က အရှင်းပျောက်သွားတာမဟုတ်သေးဘူးဆိုတာ သတိရပါ။

အထက်ကအချက်တွေက ကိုယ်တိုင်လိုက်နာပြီး လုပ်နိုင်တဲ့အခြေခံအချက်လေးတွေပဲဖြစ်ပေမယ့် တကယ်တမ်းထိရောက်စွာ ကာကွယ်နိုင်ပါတယ်။ တကယ်လို့များ တုတ်ကွေးအဖျားမိရင်တောင် ကိုယ်ခံအားကောင်းနေတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ထားတဲ့အခါ အခြားသူအထူးသဖြင့် ကိုယ့်မိသားစုနဲ့ပတ်ဝန်းကျင်ကို ကူးစက်မှုနည်းပါးစေပါတယ်။ ကိုယ်တိုင် အများကြီးဆိုးဝါးစွာလည်း မခံစားရဘဲ ကိုယ်ခံအားကောင်းကောင်းနဲ့ပြန်လည်တိုက်ထုတ်နိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် New Normal ကို နှလုံးမူပါ။ သတိကပ်ပါ။ မိုးရာသီမှာ ပုံမှန်တုတ်ကွေးကနေလည်း ကာကွယ်ပြီးသားဖြစ်၊ ကိုဗစ်ရန်လည်း ကာကွယ်ပြီးသားဖြစ်အောင် မပေါ့ဆကြပါနဲ့လို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။