မုန်းတဲ့သူ၊ ချောက်တွန်းချင်တဲ့သူတွေကြားထဲမှာ ဘဝကိုဘယ်လိုရှင်သန်နေထိုင်မလဲ။ စိတ်ကိုဘယ်လိုထားမလဲ။

သင့်ဘဝမှာလူအမျိုးမျိုးကို ကြုံဖူးမှာပါ။ ကိုယ့်ရဲ့ကောင်းကျိုးမှန်သမျှကို လိုလားတဲ့သူရှိသလို မကောင်းကျိုးကိုလိုလားတဲ့သူမျိုးလည်း ကြုံဖူးမှာပါ။ တစ်ချို့ကျတော့ မလိုလားရုံတင်မက ကိုယ့်ရဲ့စွမ်းဆောင်နိုင်ခြင်းမှန်သမျှကိုပါ ဝေဖန်တဲ့သူမျိုး၊ ရှုံ့ချတဲ့သူမျိုး၊ အကောင်းမမြင်တဲ့သူမျိုးစတဲ့လူမျိုးကိုလည်း ကြုံဖူးမှာပါ။ ကြုံလည်းကြုံရမှာပါ။ အဲဒါနဲ့တင်မကျေနပ်နိုင်သေးဘဲ ကိုယ်ကကောင်းအောင်နေရဲ့သားနဲ့ မကောင်းပါဘူးလို့ ကွယ်ရာမှာ ပြောတတ်သူမျိုးကိုလည်း ကြုံရမှာပါ။ ဟုတ်ပါပြီ……ထိုကဲ့သို့ လူမျိုးကို ကြုံလာတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ။ သူနဲ့ တန်တဲ့ တုံ့ပြန်မှုမျိုး ချက်ချင်းကို ပြန်ပေးလိုက်မှာလား။ မုန်းတဲ့သူ၊ ချောက်တွန်းချင်တဲ့သူတွေကြားထဲမှာ ဘဝကိုဘယ်လိုရှင်သန်နေထိုင်သင့်လဲဆိုတာ ဖော်ပြပေးချင်ပါတယ်။


၁) လျစ်လျူရှုလိုက်ပါ။
တစ်ခါတစ်လေကျတော့ ကိုယ်က တခြားသူတွေအပေါ် ကောင်းခြင်းဆိုးခြင်း ဘာမှ မဝေဖန်၊ မတွေးတောမိပေမယ့် တစ်ချို့လူတွေက ကိုယ့်အကြောင်းကို ကောင်းကောင်းကြီးဝေဖန်တာမျိုး ကြုံရမှာပါ။ အဲလိုမျိုးကြုံလာတဲ့အခါ မသိချင်ယောင်ဆောင်နေလိုက်ပါ။ ဂရုစိုက်စရာမလိုလို့ ဂရုမစိုက်တာ ဆိုတဲ့အတွေးကို တွေးပါ။ လျစ်လျူရှုလိုက်ပါ၊ အဲဒါက သင့်အတွက်အေးချမ်းစေပါတယ်။ သူတို့အတွေးနဲ့ သူတို့ ပူလောင်နေပါစေ။ ကိုယ့်ကို အပူလောင်မခံပါနဲ့။ လျစ်လျူရှုတယ်ဆိုတာက သူတို့ရဲ့ကောင်းခြင်း ဆိုးခြင်း မှန်သမျှ ဘာဆိုဘာမှကို ခေါင်းထဲမထည့်တာမျိုးပါ။ အဲလိုနေနိုင်အောင် ကြိုးစားလိုက်ပါ။
၂) အပြောနဲ့ မခုခံပါနဲ့၊ အလုပ်နဲ့သက်သေပြလိုက်ပါ။
“ဘယ်တော့မှမငြင်းခုံပါနဲ့။ သင်မှန်ကန်ကြောင်းကိုသာ အခါခါပြသပါ” တဲ့ ။ ထိုစကားကို လက်ကိုင်ထားပါ။ သင့်ကိုသင်အခါခါသတိပေးပါ။ သင်က တခုခုကို အောင်မြင်အောင်လုပ်ဆောင်သွားနိုင်တဲ့အခါ သင့်အပေါ်မကောင်းမြင်တဲ့လူတစ်ချို့က သင့်ကိုမကောင်းပြောတယ်ဆိုပါတော့၊ ကိစ္စမရှိပါဘူး….မကောင်းပြောတာက သူတို့ကိစ္စပါ။ သူတို့အချိန်တွေကို အကုန်ခံပြီး သင့်အကြောင်း တခုတ်တရ ပြောနေလို့ ကျေးဇူးတင်လိုက်ပါ၊ သင့်အတွက်နဲ့ သူတို့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကုန်ဆုံးစေတာ သူတို့က လူမိုက်မို့လို့ပါ။ သူတို့နဲ့ ပြိုင်ပြီး ငြင်းနေရင် သင်ပါ လူမိုက်ဖြစ်သွားမှာပေါ့။ အပြောနဲ့ခုခံတာက ၂၄နာရီအတွင်း လေထဲပျောက်သွားမှာပါ။ အချိန်လဲကုန်မယ်၊ သင်လည် စိတ်ဖိစီးမယ်။ အလုပ်နဲ့သက်သေပြလိုက်ပါ။ သူတို့ပြောတာမမှန်ဘူး။ သင်သည် ကိုယ့်အရည်အချင်းနဲ့ကိုယ် ကိုယ်ရည်မှန်းထားတာကို စွမ်းဆောင်နိုင်သူတစ်ယောက်ဖြစ်ကြောင်း သင့်ရဲ့ အောင်မြင်မှုတွေနဲ့ သက်သေပြလိုက်ပါ။ တစ်ခါအောင်မြင်ရင် တစ်ခါပြောလိမ့်မယ်၊ နှစ်ခါအောင်မြင်ရင်နှစ်ခါ နှာခေါင်းရှုံ့လိမ့်မယ်။ အခါခါ အောင်မြင်လာတဲ့အခါ နှာခေါင်းမရှုံ့နိုင်တော့ဘဲ အံ့အားသင့်သွားပါလိမ့်မယ်။
၃) သူတို့အကြောင်းမတွေးပါနဲ့။
တစ်ခါတစ်လေကျရင် ကိုယ့်ဟာကိုယ်ထိုင်နေပေမယ့် နောက်ကွယ်မှာ “သူကအပျင်းကြီးပြီး ထိုင်ချည်းနေတာ” လို့ပြောတတ်တာမျိုး ကြုံရမှာပါ။ ပြောချင်တာက ကိုယ့်ဟာကိုယ်နေတတ်သလိုနေလိုက်ပေမယ့် အချိန်တွေပိုနေတဲ့သူတွေကတော့ ကိုယ့်ကိုမှမဟုတ်ဘူး လူတကာကိုလိုက်ကြည့်ပြီး မကောင်းပြောတတ်၊ ချောက်တွန်းတတ်တဲ့သူမျိုးကိုလည်း ကြုံရမှာပါ။ တစ်ခါကြုံဖူးရင် ဒေါသထွက်မိမှာအမှန်ပါပဲ။ နှစ်ခါ….သုံးခါဆိုရင်တော့ ပြန်ပြောပစ်လိုက်မယ်ဆိုတာမျိုး မတွေးပါနဲ့။ အဲဒါက သင့်အချိန်တွေကို သူတို့အတွက်နဲ့ အလဟဿကုန်စေပါတယ်။ အကောင်းဆုံးက တစ်ခါကြုံဖူးရင် “အော်……သူက ဒီလိုမျိုးပြောတတ်တဲ့သူပါလား” လို့ တွေးပြီး “သူဘာပြောပြော လွှတ်ထားလိုက်တာအကောင်းဆုံးပဲ၊ သူ့အတွက် အချိန်တွေပေါနေတာကိုး၊ ငါ့နေရာမှ ငါမှမဟုတ်ဘူး၊ တခြားသူတစ်ယောက်ဆိုလည်း ဒီလိုပဲ လိုက်ကြည့်ပြောနေမှာပဲ” လို့သာ တွေးပေးလိုက်ပါ။ နောက်ထပ် သူဘာပြောပြော ဂရုကိုစိုက်မနေပါနဲ့တော့။ သူပြောသမျှကိုလည်း ကိုယ့်ခေါင်းထဲထည့်ပြီး တွေးမနေပါနဲ့တော့။ သင်ပဲ အချိန်ကုန်မယ်၊ အကုသိုလ်များနေပါလိမ့်မယ်။ သူ့ဟာသူ အချိန်ပိုနေလို့ အကုသိုလ်ရှာနိုင်ရင် သူ့သမိုင်းပါ။ ကိုယ့်အတွက်ကိုယ် စိတ်ဖိစီးမှုကင်းလွတ်ရှာကို ရှာနိုင်ဖို့သာ အရေးကြီးတာပါ။
၄) ချောက်တွန်းတတ်သူကို သတိထားပါ။
တစ်ချို့ကျတော့ သူတို့နဲ့ အမြဲတစေ ထိတွေ့ဆက်ဆံနေရလို့ ရှောင်နေလို့၊ လျစ်လျူရှုလို့မဖြစ်နိုင်ပါဘူး။ ဥပမာ အလုပ်ခွင်မှာ ပတ်သက်နေရတာမျိုးပေါ့။ အဲဒါမျိုးဆိုရင်တော့ ထိုသူမျိုးကို သတိထားဆက်ဆံပါ။ သူတို့နဲ့ပတ်သက်တဲ့အလုပ်ကိစ္စမျိုး၊ ဒါမှမဟုတ် ကိုယ့်ရဲ့အလုပ်ကိစ္စမျိုးကို သူတို့က ကူညီပေးမယ်ဆိုတာမျိုး၊ စသည်ဖြင့် တစ်ခုခုပတ်သက်ရတဲ့အခါမျိုးမှ ကိုယ်ဘက်က အစစသေချာအောင် စနစ်တကျ စီစဉ်ထားပါ။ နေ့စွဲနဲ့ အကြောင်းအရာမျိုးက အစ အသေးစိတ်မှတ်တမ်းလုပ်ထားတာမျိုး။ ဒါမှမဟုတ် အခြားတစ်ယောက်ယောက်ကို သက်သေအဖြစ် လှမ်းပြီး ပြောပြလိုက်တာမျိုးပေါ့။ ပြီးတော့ သူတစ်ဖက်သားကိုအမြဲချောက်တွန်းပြီးမှ နေရာယူတတ်သူမျိုးက ဘယ်တော့မှ မတည်မြဲနိုင်ဘူးဆိုတာကို သင့်စိတ်ထဲမြဲနေအောင်မှတ်ထားပါ။ အဲဒီ့အတွက်အမြဲစိတ်ညစ်ရတဲ့အခါ ထိုအတွေးကိုပြန်တွေးလိုက်ပါ။
၅) မေ့ထားလိုက်ပါ။
သူတို့မကောင်းတာပြောတဲ့အပေါ်မှာ သင်အာရုံသိပ်မထားပါနဲ့။ အာရုံထားမိတဲ့အခါ သင်ကိုယ်သင်တိုးတက်ဖို့အာရုံမရှိတော့ဘဲ သူတို့ကို ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့အပေါ် အာရုံရောက်သွားပါလိမ့်မယ်။ အဲဒါကြောင့် မေ့ထားတာလည်း ကောင်းပါတယ်။ သူတို့က ပြောခဲ့တာတွေကို အခုထိသင်က သယ်ဆောင်ဖိစီးနေပြီဆိုရင် သင့်အတွက်လုံးဝမကောင်းနိုင်တော့ပါဘူး။ သူတို့စကားကို သင့်အလုပ်နဲ့ သက်သေပြလိုက်၊ ပြီးရင် အားလုံးကိုမေ့ထားလိုက်။ အဲလိုလူတွေရဲ့သဘောကိုက ဘာရယ်မဟုတ်အဲလိုပြောနေရတာကို သဘောကျနေတတ်တာပါ။ သူတို့အတွက်က ပြောပြီးတာနဲ့ သူတို့အတွက်နေသာထိုင်သာရှိသွားပါပြီ။ လက်ခံမိတဲ့ကိုယ့်အတွက်ကျတော့ နားထောင်ပြီးတာနဲ့ မပြီးနိုင်ပါဘူး၊ “ငါ့ကိုမဟုတ်ကဟုတ်ကပြောလေခြင်း….” ဆိုပြီး တွေးတိုင်း တနုံနုံပြန်ခံစားနေရမှာပါ။ အဲဒါကြောင့် မတွေးမိအောင်နေပါ၊ ကြားပြီးတာနဲ့ ဒီဘက်နားကဝင်၊ ဒီဘက်ကနားကထွက်လိုက်ပါ။ ကိုယ့်ဘဝအတွက် ခွန်အားအဖြစ် ယူလို့ရမှာမျိုးဆို ခွန်အားအဖြစ်ပြောင်းလဲပါ။
၆) ကျေးဇူးတင်လိုက်ပါ။
တစ်ခါတစ်လေကျတော့လည်း ထိုကဲ့သို့ ကိုယ့်ကိုအမြဲမကောင်းမြင်နေတတ်သူ၊
ချောက်တွန်းတတ်သူတွေရှိနေတာ ခပ်ကောင်းကောင်းပါပဲ။ ဘာလို့လဲဆိုတော့ သူတို့တွေရှိနေခြင်းက သုံးတတ်ရင် ကိုယ့်ဘဝအတွက် ဆေးကောင်းတစ်လက်တောင်ဖြစ်လာနိုင်ပါသေးတယ်။ သူတို့ကြောင့်
ဖြစ်လာတဲ့ မခံချင်စိတ်ကို ကိုယ့်ဘဝရဲ့တွန်းအားတစ်ခုအဖြစ်အသုံးချလိုက်ပါ။ သူတို့ပြောသလို ကိုယ်က အသုံးမကျသူမဟုတ်ဘူးဆိုတာကို ကြိုးစားပြီး အကောင်အထည်ဖော်ပြလိုက်ပါ။ အောင်မြင်အောင်လုပ်ပြလိုက်ပါ။ အရည်အချင်းရှိသူမှန်းသိအောင် တစ်ခုခုမှ အောင်မြင်အောင်လုပ်ပြလိုက်ပါ။ သူတို့ပြောတာတွေမဟုတ်ကြောင်း သက်သေပြနိုင်တဲ့တစ်နေ့ကျရင် သူတို့ကို ခေါင်းမော့ရင်ကော့ပြီး ကျေးဇူးတင်ကြောင်းပြောလိုက်ပါ။
၇) ရယ်မောပစ်ပါ။
တစ်စုံတစ်ယောက်က သင့်အကြောင်းကို နောက်ကွယ်မှာ ဘယ်လိုပြောနေကြောင်း ပြန်ကြားရတဲ့အခါ ရယ်မောပစ်လိုက်ပါ။ အဲဒါက စိတ်တိုဒေါသထွက်ပြီး ခံပြင်းတဲ့ခံစားချက်တွေကို ပြေလျော့စေနိုင်ပါတယ်။ သူတို့ကို ရယ်မောစရာတစ်ခုလို့သာ သဘောထားလိုက်ပါ။ သင်ဂရုမစိုက်ဘူး၊ သင့်အတွက် ဘာမှမဖြစ်သွားဘူး….ဆိုတာမျိုးကို ပြဖို့အတွက်လည်း ရယ်မောခြင်းက အသုံးဝင်နိုင်ပါတယ်။ သင့်အတွက်လည်း ဖိစီးမှုတွေပြေလျော့စေပါတယ်။ အဲဒီ့တော့ သင့်အကြောင်းမဟုတ်တရုတ်တခုခုကြားတဲ့အခါ “ ငါတော်တော် cele ဖြစ်တာပါလား” လို့တွေးပြီး ရယ်မောပစ်လိုက်ပါ။
သင့်ဘဝမှာ ထိုကဲ့သို့ သင်လုပ်သမျှ မကောင်းပြော၊ ရှုံ့ချ၊ ချောက်တွန်းတတ်သူတွေကို အထက်ကဖော်ပြချက်လေးတွေအတိုင်း နေထိုင်ပြုမူသွားရင် ဘဝမှာအဆင်ပြေသွားမှာပါ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။