မိဘနဲ့ သားသမီး၊ လူကြီးနဲ့ လူငယ် ... ကတောက်ကဆလေးတွေဆိုတာ ခေတ်အဆက်ဆက် ရှိခဲ့ကြတာပါ။
မိဘနဲ့ သားသမီး၊ လူကြီးနဲ့ လူငယ် ... သူတို့တွေကြားက ကတောက်ကဆလေးတွေဆိုတာ ခေတ်အဆက်ဆက် ရှိခဲ့ကြတာပါပဲ။ အခုလည်း ရှိနေသလို၊ နောင်လည်း ဆက်ရှိနေဦးမှာပဲနော်။ ဒါတွေကို အမြင်မတူမှုဆိုပြီးတော့ ပေါ့ပေါ့ပါးပါးလေးပဲ ပြောလည်း ရပါတယ်။ ဒါမှမဟုတ် အယူဝါဒဆိုင်ရာ ပဋိပက္ခဆိုပြီးတော့ ခေါင်းစဥ် ဟဲဗီးကြီး ဆွဲတပ်လို့လည်း ရတာပဲ။ (တကယ်တမ်း တွေးကြည့်မယ်ဆိုရင် ကမ္ဘာပေါ်က စစ်ပွဲတွေ၊ အရေးအခင်းတွေ၊ လူပေါင်းများစွာရဲ့ ဘဝတွေကို ပျက်သုဥ်းစေခဲ့တဲ့ သမိုင်းဖြစ်ရပ်တွေ ဒါတွေ အားလုံးဟာ ဒီအတွေးအမြင် မတူတာလေးကနေ မြစ်ဖျားခံခဲ့တာပဲ မဟုတ်ပါလား။ ထားပါလေ ...) ဆိုတော့ ဒီလိုအမြင်မတူတဲ့ ကိစ္စတွေကို ဘယ်လိုဖြေရှင်းကြမလဲ၊ ဖြေရှင်းလို့ရော ရနိုင်ရဲ့လား❓ဒီမေးခွန်းရဲ့ အဖြေကိုတော့ စာဖတ်သူတွေ ကိုယ်တိုင်ပဲ ဆုံးဖြတ်စေချင်ပါတယ်။ ကျွန်တော်ကတော့ သာမန်အသိဥာဏ်နဲ့ ကိုယ်လက်လှမ်းမီသလောက်လေး တွေးမိတာတချို့ ရှိတယ်ဗျ။ ဒါကို စာဖတ်သူတွေနဲ့ မျှဝေပေးချင်ပါတယ်။ ဒီကာလ ဒီအခြေအနေမှာ အားလုံးဆက်စပ်လို့ရမဲ့ အကြောင်းအရာတွေ ဖြစ်မှာပါ။ ပုံတစ်ပုံချင်းစီအောက်မှာ အသေးစိတ် ရှင်းလင်းချက်လေးတွေ ပြောပြပေးထားပါတယ်။ အမြင်ဆိုတာကတော့ နှစ်ဖက်ထက်မက ပိုရှိနိုင်တာမို့ စာဖတ်သူတွေဆီက စကားသံကိုလည်း ကြားချင်ပါသေးတယ်။ အတူတူ ဝင်ရောက်အဖြေရှာကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
▫️မိဘ - မိဘဆိုတာကတော့ နဂိုကတည်းက စိတ်ပူတတ်တဲ့အမျိိုးကိုး။ ခုကာလဆိုတော့ ပိုဆိုးပေါ့။ အွန်လိုင်းပေါ် သတင်းတစ်ခုခု တက်လာပြီဆိုတာနဲ့ သားသမီးအတွက် စိတ်ပူရပြီ။ ညနေစောင်းပြီဆိုတာနဲ့ အိမ်ပြန်မလာသေးဘူးလားဆိုပြီး ဖုန်းဆက်မယ်။ သူတို့ဖုန်းဆက်တာ မကိုင်ရင်တော့ အိမ်ပြန်ရောက်ရင် ဆူခံရပြီသာ မှတ်ပေတော့ပဲ။ ▫️သားသမီး - လူငယ်တွေကလည်း လူငယ်ပီပီ ညဖက် အပြင်ထွက်ရတာ ကြိုက်တယ်။ သူငယ်ချင်းတွေနဲ့ ဆိုင်ထိုင်မယ်၊ ချစ်သူနဲ့ မုန့်စားမယ်။ သူတို့အတွက်လည်း စိတ်ထွက်ပေါက်က ဒါပဲရှိတာလေ၊ ဒီအချိန်လေးပဲ စိတ်အပန်းဖြေရရှာတာ။ တခါတလေ အလုပ်ကိစ္စကြောင့် အိမ်ပြန်နောက်ကျတာလည်း ဖြစ်နိုင်တာပဲ။ ☑️ပြဿနာရဲ့အဖြေ - မိဘတွေ စိတ်ပူတယ်ဆိုတာ သူတို့အတွက် မဟုတ်ပါဘူး၊ သားသမီးတွေကို ချစ်လို့ပါ။ ဒါကို နားလည်ထားရင် အိမ်က ဖုန်းဆက်တာတွေကို အနှောင့်အယှက်လို့ မြင်မှာ မဟုတ်တော့ဘူးနော်။ ခုကာလမှာ တကယ်လည်း လူငယ်တွေ အိမ်စောစောပြန်တာ ကောင်းပါတယ်။ အကြောင်းကြောင်းကြောင့် ကိုယ့်သားသမီး အိမ်ပြန်နောက်ကျတဲ့အခါ မိဘတွေက အလွန်အမင်းဆူပြောတာ မလုပ်ဘဲ နားလည်ပေးပါ။ သားသမီးတွေဖက်ကလည်း နောက်ကျမယ်ဆိုရင် ဘာကိစ္စရှိလို့ ဘယ်အချိန်ပြန်လာမယ် စိတ်မပူနဲ့နော် ဆိုတာမျိုး ဖုန်းဆက်အသိပေးထားပေါ့။ မိဘနဲ့ သားသမီး ဒီလိုနားလည်မှုယူထားရင် အဆင်ပြေပါတယ်။
နောက်တစ်ပုံ▫️မိဘ - ပိုက်ဆံနဲ့ ပတ်သက်ရင် လက်မဖွာနဲ့၊ ခြွေခြွေတာတာသုံး၊ စုဆောင်းတတ်တဲ့ အလေ့အကျင့်မွေးဆိုပြီး မိဘတွေက ဆုံးမကြပါတယ်။ ဘာလို့လဲဆိုတော့ ငွေကြေးရဲ့ တန်ဖိုးကို သူတို့ နားလည်တယ်လေ။ အရေးပေါ် ငွေလိုတဲ့အခါ ကိုယ့်မှာ ခြေစောင့်လက်စောင့်လေးရှိမှ အဆင်ပြေမယ်ဆိုတဲ့ ဘဝသင်ခန်းစာကို သူတို့က နောကြေခဲ့ပြီးပြီ။ ▫️သားသမီး - လူငယ်တွေကြတော့ ပိုက်ဆံအပေါ်ထားတဲ့ အမြင်မတူတော့ဘူး။ များများရှာမယ်၊ များများသုံးမယ်၊ ဘဝကို ပျော်ပျော်နေသွားမယ်။ ဒီလိုအတွေးရှိကြပါတယ်။ ဒါလည်း မှားတယ်ပြောလို့ မရပြန်ဘူးနော်။ ဘာမဆို မဖြစ်သွားနိုင်တဲ့ ခေတ်ကာလမှာ ရှင်သန်ရတဲ့အခိုက် ဘဝကို တန်အောင်နေသွားရမှာပဲ မဟုတ်လား။ ☑️ပြဿနာရဲ့အဖြေ - ကျွန်တော် သဘောကျတဲ့ ငွေသုံးနည်းလေးတစ်ခု ရှိတယ်ဗျ။ ပထမဆုံး ကိုယ့်ဝင်ငွေကို သုံးပုံ ပုံလိုက်။ ၇၀% ကို မသုံးမဖြစ် သုံးရမှာတွေအတွက် သုံးမယ်၊ ဥပမာ အိမ်လခတို့ သင်တန်းကြေးတို့ပေါ့။ ၂၀% ကိုတော့ ကိုယ်သုံးချင်တာအတွက် သုံးမယ်။ ဝယ်ချင်တာတယ်၊ စားချင်တာစား။ ကျန်တဲ့ ၁၀% ကိုတော့ စုဖို့ ဖယ်ထားမယ်။ အဲ့တာကို ၇၀-၂၀-၁၀ ငွေသုံးနည်း ဖော်မြူလာလို့ ခေါ်ပါတယ်။ ဒါဖြင့် သုံးချင်တာသုံးဖို့ ၂၀% နဲ့ မလောက်ဘူးဆို ဘယ်လိုလုပ်ရမလဲ။ ဝင်ငွေပိုများအောင်ရှာဖို့ပဲ ရှိတာပေါ့။ ဘာမဆို ဖြစ်သွားနိုင်တဲ့ ခေတ်မို့ ပျော်ရွှင်မှုအတွက် ပိုက်ဆံသုံးဖို့ လိုသလိုပဲ ဘာမဆို ဖြစ်သွားနိုင်တဲ့ ခေတ်မို့လည်း လိုအပ်လာရင် အသင့်ရှိအောင် ငွေစုဆောင်းထားဖို့ လိုပါတယ်။
နောက်တစ်ပုံ▫️လူကြီး - ငါတို့တုန်းက ဆိုတာက လူကြီးတွေရဲ့ လက်သုံးစကားပါ။ သူတို့ ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလ၊ အတွေ့အကြုံတွေနဲ့ နှိုင်းယှဥ်ပြီး လူငယ်တွေကို ဆုံးမလေ့ ရှိကြတယ်။ ခုခေတ်လူငယ်တွေ စိတ်ပျော့တာကို သူတို့ အားမရကြဘူး။ လောကဓံတရားကို ခံနိုင်ရည်ရှိစေချင်ကြတယ်။ တကယ်တော့ ကောင်းစေချင်တဲ့စိတ်နဲ့ ပြောတာတွေပါ။ ▫️လူငယ် - ခေတ်ကာလတွေက မတူတော့ဘူးလေ။ လူငယ်တွေမှာလည်း သူတို့ အခက်အခဲနဲ့သူတို့ စိတ်ဖိစီးမှုတွေ ကိုယ်စီရှိကြတယ်။ သေချာတာက ခုခေတ်မှာ ပိုက်ဆံရှာရတာ အရင်လောက် လွယ်မနေတော့တာပဲ။ အနာဂတ်အတွက် စိတ်ပင်ပန်းနေရတဲ့အထဲ ငါတို့တုန်းကဆိုပြီး အစပျိုးတဲ့ လူကြီးတွေရဲ့စကားကို နားမထောင်ချင်တော့တာ သဘာဝကျပါတယ်။ ☑️ပြဿနာရဲ့ အဖြေ - ဒီကိစ္စမှာ လူကြီးရော လူငယ်ရော မမှားပါဘူး။ မှားနေတာက ကျွန်တော်တို့ ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်ပါပဲ။ စိတ်ပိုင်းကျန်းမာရေးနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုဟာ မြန်မာနိုင်ငံမှာ အားနည်းလွန်းပါသေးတယ်။ တကယ်တော့ လူငယ်တွေက လူကြီးတွေကို အားကိုးချင်ကြပါတယ်။ လူကြီးတွေဆီမှာ အတွေ့အကြုံကောင်းတွေ အများကြီး ရှိတယ်လေ။ ဒါပေမဲ့ တခါတလေမှာ လူငယ်တွေ လိုအပ်တာက ဝေဖန်အကဲဖြတ်တာတွေ မဟုတ်ဘူး၊ ဒီတိုင်း ရင်ဖွင့်ပြောပြချင်တာပါ။ လူကြီးတွေဖက်ကလည်း ကောင်းစေချင်လို့ ပြောပေမဲ့ နည်းလမ်းလွဲတော့ စေတနာက အမှားဖြစ်ရတယ်။ လိုနေတာ တစ်ဖက်နဲ့တစ်ဖက် ရင်ဘတ်ဖွင့်ပြီး ဆက်ဆံကြဖို့ပါ။
နောက်တစ်ပုံ▫️အလုပ်ရှင် - အခုချိန်က လုပ်ငန်းကိုင်ငန်းတွေလည်း အဆင်မပြေလှပါဘူး။ အမြတ်ရဖို့ထက် စီးပွားပျက်မသွားအောင်ဘဲ မနည်းရုန်းကန် ရပ်တည်နေရတာပါ။ ဒီလို အခြေအနေမှာ ကိုယ့်ဝန်ထမ်းတွေကပါ အလုပ်ကို ဖြစ်ကတတ်ဆန်းလုပ်နေတယ်၊ တစ်နေ့တစ်နေ့ ရုံးဆင်းချိန်ဘဲ မျှော်နေတယ်ဆိုရင်တော့ ပေါက်ကွဲရပြီပေါ့။ ▫️ဝန်ထမ်း - သွားရေးလာရေးတွေက အရင်လို မလွယ်ကူတော့ဘူးလေ။ တချို့နေရာတွေဆို ညမိုးချုပ်မယ် ကြံရုံရှိသေး ဘတ်စ်ကားတွေက မရှိတော့ဘူး။ အလုပ်နဲ့ အိမ် လှမ်းသူတွေအဖို့ တော်တော် ခက်ခဲပါတယ်။ ပြီးတော့ စားဝတ်နေရေး၊ လုံခြုံရေးအတွက် စိတ်ပူပန်ရတာတွေလည်း ရှိကြမှာပဲ။ အလုပ်သာလာရတယ် စိတ်ကမဖြောင့်ဘူးပေါ့။ ☑️ပြဿနာရဲ့ အဖြေ - အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲခြားဖို့ဆိုတာက အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ လူတွေက စိတ်ခံစားချက်နဲ့ ရှင်သန်နေကြတာလေ။ စိုးရိမ်ပူပန်စရာတွေ များနေမယ်ဆိုရင် ဘယ်လိုမှ အလုပ်ပေါ် အာရုံစိုက်နိုင်မှာ မဟုတ်ဘူး။ ဆိုပါစို့၊ အိမ်ပြန်ချိန် အခက်အခဲဖြစ်နေတယ်ဆိုရင် အလုပ်ချိန်ကို ပြောင်းလဲပေးလိုက်တာမျိုးပေါ့။ အရေးကြီးတာက အလုပ်ရှင်နဲ့ ဝန်ထမ်းကြားမှာ အပြန်အလှန် ဖေးမကူညီတဲ့ ဆက်ဆံရေးမျိုး ရှိဖို့ပါပဲ။ အလုပ်ရှင်ဖက်ကလည်း ဝန်ထမ်းတွေရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာတွေကို ထည့်သွင်းစဥ်းစားပေးဖို့ လိုသလို၊ ဝန်ထမ်းတွေကလည်း ကိုယ်လစာယူထားတဲ့ အလုပ်မှာ တာဝန်ကျေဖို့ လိုပါတယ်။
နောက်တစ်ပုံ▫️တက္ကစီသမား - ဆီဈေးတွေ ခေါင်ခိုက်နေတော့ ကားသမားတွေလည်း တွက်ချေမကိုက်ကြဘူးပေါ့။ တစ်ရက်တစ်ရက် ဆီဆိုင်မှာ တန်းစီရတာလည်း မလွယ်လှ။ တလောကဆို ဆီတောင် ပြတ်သွားသေးတယ်လေ။ ကားသမားတွေလည်း သူတို့ ဒုက္ခနဲ့သူတို့ပဲ။ အဲ့တော့ အဆင်ပြေအောင် ကားခတိုးတောင်းရုံ ရှိတာပေါ့။ ▫️ခရီးသည် - ကုန်ဈေးနှုန်းတွေက တက်လာတယ်။ အခြေခံလူတန်းစားတွေနဲ့ အလုပ်သမားတွေ ဝန်ထမ်းတွေကတော့ ဝင်ငွေတိုးမလာပါဘူး။ ခရီးသည်တွေဖက်က ကြည့်ရင် ပိုက်ဆံက ကုန်ပေါက်တွေချည်းပဲ။ တချို့တွေ တက္ကစီငှားစီးတယ်ဆိုတာ ပိုက်ဆံရှိနေလို့ ဆိုတာထက် လုံခြုံစိတ်ချရမှုအတွက် မဖြစ်မနေမို့ သုံးရတဲ့သဘောပါ။ ☑️ပြဿနာရဲ့ အဖြေ - တကယ်တော့ တက္ကစီသမားတွေရော ခရီးသည်တွေရော အားလုံးက ခေတ်စနစ်ရဲ့ သားကောင်တွေပါပဲ။ ဒုက္ခရောက်နေသူအချင်းချင်း ကိုယ်ချင်းစာစိတ်လေးထားကြမယ်ဆို အကောင်းဆုံးပေါ့။ Grab လို တက္ကစီဝန်ဆောင်မှုလုပ်ငန်းတွေကတော့ ကားခပုံသေမို့ ညှိမရပေမဲ့ လက်တား တက္ကစီတွေဆိုရင်တော့ ခရီးသည်ရော ကိုယ်ရော နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ဈေးညှိပေးမယ်ဆို အဆင်ပြေမှာပါ။ စိတ်ထားကောင်းပြီး ခရီးသည်ရဲ့ အခက်အခဲကို ကူညီပေးထားတဲ့ တက္ကစီသမားတွေလည်း ရှိကြပါတယ်။ တတ်နိုင်တဲ့ ခရီးသည်တွေကြတော့လည်း ကားသမားတွေဖက်က တွေးပေးပြီး အရမ်းဈေးမဆစ်ဘဲ သင့်တင့်တဲ့နှုန်းဆို ပေးလိုက်ပေါ့ဗျာ။ မေတ္တာဟာ တူသော အကျိုးပေးတယ်တဲ့။ ကိုယ့်စေတနာရဲ့ ရလဒ်ကို ပြန်ခံစားရမှာပါ။
နောက်တစ်ပုံ▫️ပြည်ပ - ကိုယ့်စိတ်ဆန္ဒအလျောက် ငွေကြေးတတ်နိုင်လို့ ကျောင်းလာတက်၊ အလုပ်လာလုပ်သူတွေ ရှိသလို၊ အခြေအနေ အကြောင်းကြောင်းကြောင့် မထွက်မဖြစ်မို့ ထွက်လာရသူတွေလည်း ရှိမှာပဲနော်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်မွေးရပ်မြေကို စွန့်ခွာပြီး ရေမြေခြား ရှင်သန်ရပ်တည်ရတာ မလွယ်ဘူးဆိုတာတော့ သေချာပါတယ်။ ▫️ပြည်တွင်း - နိုင်ငံခြားရောက်နေသူတွေက ပင်ပန်းတယ်ပြောတော့ ကိုယ့်နိုင်ငံကလူတွေကလည်း အဆင်ပြေနေတာတော့ မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် ဒုက္ခတောထဲမှာ ကျန်ခဲ့ကြတာလေ။ တချို့တွေ ညဥ်းငြူပြနေတဲ့ ပင်ပန်းဆင်းရဲမှုလောက်ကိုတောင် လိုချင်ပေမဲ့ မရနိုင်တဲ့ ဘဝတွေဆိုတာ ရှိပါတယ်။ ဒီလိုပဲ ကြိုးစားရှင်သန်ရတာပဲ။ ☑️ပြဿနာရဲ့ အဖြေ - နိုင်ငံခြားရောက်နေသူလည်း သူ့အခက်အခဲနဲ့သူ၊ လက်ရှိ ပြည်တွင်းကလူတွေအဖို့မှာလည်း ကိုယ့်အခက်ခဲနဲ့ကိုယ် ရှိကြမှာပဲနော်။ လောကဓံက နေရာမရွေးပါဘူး၊ လူတိုင်း ရင်ဆိုင်ဖြတ်သန်းကြရတာပါ။ ဒီအခါမှာ ကိုယ့်ဒုက္ခကိုမှ ဒုက္ခလို့ မတွေးဘဲ အားလုံးခက်ခဲနေကြတာပဲ ဆိုတဲ့ အတွေးလေးတစ်ခုကို စိတ်ထဲထည့်ထားနိုင်ရင် အရမ်း မပူလောင်ရတော့ဘူးပေါ့။ အဓိက လိုအပ်တာ ဖြည့်တွေး မျှတွေးပေးတတ်တဲ့ စိတ်ထားလေးရှိဖို့ပါပဲ။ လူတွေ တမင် အာရုံစိုက်အောင် ဗရုတ်သုတ်ခ လျှောက်ပြောနေတဲ့သူတွေကိုတော့ လျစ်လျူသာရှုထားလိုက်ပါ။ ကိုယ့်အတွက် ဘာမှအကျိုးမရှိဘဲ စိတ်ပင်ပန်းရတာသာ အဖတ်တင်ပါလိမ့်မယ်။