" မေ့ပစ်ခြင်းနဲ့အတူ ခွင့်လွှတ်လိုက်ပါ။"
အသက်အရယ်လေးတစ်ခုရလာတော့ အရာအားလုံးကို ကိုယ်ပိုင်ဆိုင်သင့်တယ်ဆိုပြီး ဆုပ်ကိုင်ထားတာထက် အချို့အရာတွေကို ရဲရဲဝင့်ဝင့်လက်လွှတ်တတ်ခြင်းကလည်း ကိုယ့်အတွက်ပဲဆိုတာ ပိုသဘောပေါက်လာမိတယ်။ အသက်ငယ်ချိန်၊ စိတ်ဓာတ်တက်ကြွချိန် လူငယ်အရွယ်တွေမှာက များသောအားဖြင့် ကိုယ်လုပ်ယူရင်ရနိုင်တယ်၊ ဘာမဆိုဖြစ်နိုင်တဲ့ဆိုတဲ့အတွေးမျိုးနဲ့ လတ်ဆတ်နေတတ်ပေမယ့် အသက်တစ်ခုရလာတဲ့အခါ ဘဝမှာကျင်လည်ရတဲ့အတွေ့အကြုံများလာတဲ့အခါမှာတော့ အချို့အရာတွေက ဆုပ်ကိုင်ထားနိုင်တိုင်း မကောင်းဘူးဆိုတာ ပိုသိလာမိတာပါပဲ။ အဲဒါကြောင့်ပဲ လူရွယ်လူလတ်နဲ့ လူကြီးပိုင်းတွေရဲ့အတွေးအမြင်တွေမတူဘူးရယ်လို့ ဖြစ်နေကြတာပါ။
အသက်ရလာတဲ့အခါမှာတော့ ကြုံတွေ့ရတဲ့လူတွေက ပေးသွားတဲ့သင်ခန်းစာကလည်း များသွားပြီမို့ ရိုးသွားသလိုဖြစ်သွားလို့ပဲ အများကြီးမခံစားဖြစ်တော့ပါဘူး။
ကိုယ်လည်း ငယ်ရွယ်တုန်းကတော့ အရမ်းကို ထိခိုက်နာကျင်ခံစားခဲ့ဖူးတာပါပဲ။ ပျော်စရာတွေကတော့ အများကြီးသိပ်ရှင်းပြနေစရာမလိုတော့ ခံစားချက်တွေထဲမှာမှ ကိုယ့်ကို အပင်ပန်းစေဆုံး ခံစားချက်က ချစ်ရတဲ့လူတွေကပေးတဲ့နာကျင်မှု၊ ကိုယ့်ကို အပူလောင်စေဆုံးကတော့ ကိုယ်မုန်းတီးတဲ့လူတွေကပေးတဲ့ ဒေါသပါပဲ။ ကိုယ့်ခံစားချက်ကို ဆိုးဝါးစေတဲ့ခံစားချက်တွေဆိုတာက တကယ်တမ်းပြန်တွေးကြည့်ရင် ကိုယ်က အဲဒီ့ခံစားချက်တွေကို ဆုပ်ကိုင်ထားမိလို့ပါ။ ချစ်တဲ့လူတွေက ပေးတဲ့ခံစားချက်ကိုလည်း တနုံနုံခံစားရင်း ဆုပ်ကိုင်ထားလေလေ ကိုယ်က နာကျင်လေလေ၊ အမုန်းတရားကြောင့်ဖြစ်လာတဲ့ခံစားချက်ကိုလည်း ကိုယ်က ပြန်ပြီးတွေးလေလေ ကိုယ်မသိလိုက်ဘဲ ကိုယ့်ဟာကိုယ်ဆုပ်ကိုင်ထားမိနေတာပါပဲ။ အဲဒီ့အခါ တဖက်လူက ဘာမှမသိပေမယ့် စတင်ခံစားလိုက်တာနဲ့ ကိုယ်က စပြီး ပူလောင်တော့တာပါပဲ။ မုန်းတီးမှုဆိုတာ အင်မတန်မှ ပူလောင်လွန်းတဲ့အရာပါ။ အပြင်မှာ ပူတဲ့အပူကို တစ်ခုခုနဲ့ငြိမ်းလို့ရချင်ရပေမယ့် ရင်ထဲပူတဲ့အပူကတော့ ကိုယ်တိုင်က ငြိမ်းမှပဲ အေးမှာပါ။ အဲဒါကို ကိုယ်တိုင်က သိမှဖြစ်မှာပါ။
အဲဒီ့လို မုန်းတီးမှုကြောင့်ဖြစ်တဲ့အပူဖြစ်ဖြစ်၊ နာကျင်မှုကြောင့် ခံစားရတာပဲဖြစ်ဖြစ် မေ့ပစ်တတ်ခြင်းက ဆေးပါပဲ။ Rita Mae Brown ပြောထားသလို “ပျော်ရွှင်မှုအတွက် အဓိကသော့ချက်ကတော့ မေ့ပစ်တတ်တဲ့မှတ်ဥာဏ်ရှိခြင်းပါပဲ” တဲ့။ အဲဒီ့အတွက် မေ့ပစ်တတ်အောင် သင်ယူပါ။ မုန်းတီးလောက်အောင် ထိခိုက်စေခဲ့သူဆိုရင်လည်း ရင်ထဲအကြာကြီး မသယ်ဆောင်ထားပါနဲ့။ ကိုယ့်အတွက်ပဲ လေးလံစေတာပါ၊ အဲဒါကြောင့် လွှတ်ချလိုက် တနည်းအားဖြင့် မေ့ပစ်လိုက်ပါ။ အဲဒီ့အစား သူတို့မထင်မှတ်ထားတဲ့ အကောင်းဆုံးအခြေအနေတစ်ခုကိုသာ ကိုယ်ပိုင်ဆိုင်နိုင်အောင်ကြိုးစားခြင်းကို အာရုံပြောင်းလိုက်ပါ။ ဥပမာ။ သင့်ကို ဝင်ငွေမရှိလို့ ထားခဲ့တဲ့ချစ်သူဆိုရင် ထိုင်ပြီးအသည်းကွဲနေမယ့်အစား ဝင်ငွေနှစ်ဆတိုးအောင် ပိုကြိုးစားခြင်းကို အာရုံပိုထည့်လိုက်ပေါ့။ နောင်တစ်ချိန်သင်နဲ့ပြန်တွေ့တဲ့အခါ ဝင်ငွေမရှိလို့ ထားခဲ့တဲ့သင့်ကိုမြင်ရင် သူအံ့အားသင့်အထင်တွေကြီးနေစေရမယ်လို့ ဆုံးဖြတ်လိုက်ပါ။ သင်က ညံ့ဖျင်းလွန်းတယ်လို့ နှိမ်ချပြောဆိုဖူးတဲ့လူအတွက် သင်က နှစ်ဆပိုကြိုးစားပါ၊ နောင်တစ်ချိန်သူနဲ့ပြန်တွေ့တဲ့အခါ သူညံ့ဖျင်းတယ်လို နှိမ်ချခဲ့တဲ့သင်က သူ့ထက်အဆပေါင်းများစွာ သာနေတဲ့လူဖြစ်အောင် ကြိုးစားပါ။ အဲဒီလို ဖြစ်နိုင်ဖို့က နာကျင်မှုတွေအမုန်းတရားတွေကို အကြာကြီးရင်ထဲထည့်ပြီး ဒရမ်မာတွေခင်းနေရုံနဲ့ဘာမှမဖြစ်လာနိုင်ပါဘူး။ သင့်ရင်ထဲမှာ အမြဲထည့်ပြီး အမြဲခံစားဖြစ်နေရင် သင်ပဲလက်ရှိလုပ်ဆောင်ရမယ့်အလုပ်အကိုင်ပျက်မှာပါ။ အဲဒါကြောင့် သင့်အပေါ်မကောင်းတဲ့သူတွေဟာ ခွင့်လွတ်ခြင်းနဲ့မထိုက်တန်ပေမယ့် သင်ကတော့ အေးမြခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ထိုက်တန်ပါတယ်။ အဲဒါကြောင့် သူတို့ကို ခွင့်လွှတ်ခြင်းနဲ့မေ့ပစ်လိုက်ပါ။ သူတို့ကို မုန်းတီး၊ နာကျင်ရင်းနဲ့ သင့်ဘဝအချိန်တွေကို ဖြုန်းနေမယ့်အစား သင့်ဘဝကို သူတို့ထင်မထားတာထက်သာအောင် နှစ်ဆကြိုးစားပြလိုက်ရင်း နောင်တစ်ချိန်ပြန်တွေ့တဲ့အခါ ဘယ်လိုနာကျင်မှုမျိုးမှမရှိတဲ့လူ၊ ဘယ်လိုမုန်းတီးမှုမျိုးမှမရှိတဲ့ အောင်မြင်သူအဖြစ် ပြုံးပြုံးကြီးနှုတ်ဆက်နိုင်အောင် ကြိုးစားပစ်လိုက်ပါနော်။