လူညံ့လူဖျင်းတွေရဲ့ လက်သုံးစကားများ

လူညံ့လူဖျင်းတွေဟာ ဘယ်နေရာမှာမဆို ဆင်ခြေအမြဲရှိတတ်ပါတယ်။ အဲဒီ့လက်သုံးစကားတွေသုံးပြီး သူတို့ကိုယ်သူတို့ အပြစ်မဖြစ်အောင် လှည့်စားနေတာပဲဖြစ်ပါတယ်။ အဲဒီလိုလှည့်စားလိုက်ခြင်းအားဖြင့် သူတို့ကိုယ်သူတို့ အပြစ်မတင်ကြတော့ဘဲ ဒီလိုပဲဖြစ်တတ်တာပါပဲ..ဆိုတဲ့စိတ်ကို ဘဝကို ရေလိုက်ငါးလိုက်ဖြတ်သန်းသွားတတ်ကြပါတယ်။ အဲဒါကြောင့်ကိုပဲ သူတို့ဘဝမှာ ပန်းတိုင်ရယ်လို့ သတ်မှတ်မရှိဘဲ သူတို့မှန်းထားသမျှဟာလည်း အဆင်မပြေတတ်၊ မအောင်မြင်တတ်ပါဘူး။ အဲဒါကြောင့် ကိုယ့်ထံမှာ အဲဒီလိုဆင်ခြေနဲ့ လက်သုံးစကားတွင်တွင်သုံးတတ်တဲ့အကျင့်ရှိနေတယ်ဆိုရင် အခုကစပြီး ပြုပြင်နိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။


၁) လုပ်နေတာပဲ မဖြစ်လာတာတော့မတတ်နိုင်ဘူး။
လုပ်နေတာပဲ မဖြစ်လာဘူးဆိုတဲ့စကားက လူညံ့လူဖျင်းတော်တော်များများရဲ့လက်သုံးစကားဖြစ်နေတတ်ပါတယ်။ လုပ်နေတာပဲဆိုတဲ့စကားမှာ ထိရောက်မှုမရှိဘဲ တာဝန်ကျေရင်ပြီးရော….ဆိုတဲ့သဘောနဲ့လုပ်တာမျိုးကြောင့် မဖြစ်မြောက်၊ မအောင်မြင်တာလည်းဖြစ်နိုင်ပါတယ်။ တကယ်ရေကုန်ရေခမ်းကြိုးစားအားထုတ်ထားသလား၊ ဝတ်ကျေတန်းကျေလုပ်နေတာလား၊ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုက တကယ်ပဲအစွမ်းကုန်လားဆိုတာကိုတော့ ပြန်ဆန်းစစ်ကြည့်သင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဘယ်နေရာမဆို လက်ကြောမတင်းဘဲ တာဝန်ကျေရုံလောက်လုပ်နေပြီး “လုပ်နေတာပဲ မဖြစ်လာတာတော့မတတ်နိုင်ဘူး”ဆိုတဲ့စကားနဲ့အလားတူူစကားမျိုးကို မကြာခဏပြောမိနေတယ်ဆိုရင် ကိုယ့်
ရဲ့စွမ်းရည်တွေတဖြည်းဖြည်း တုံးလာနိုင်တယ်ဆိုတာ မမေ့ပါနဲ့နော်။

၂) ဒီထက်ပိုမကြိုးစားနိုင်တော့ဘူး။
ဒီထက်ပိုမကြိုးစားနိုင်တော့ဘူးဆိုတာက သင့်ကိုယ်သင်သတ်မှတ်လိုက်တာပါ။ ကျရှုံးဖူးတဲ့အမှားတွေဆီကနေ ပြန်ပြီးသင်ခန်းစာယူနိုင်မယ်ဆိုရင် သင်ထပ်ကြိုးစားတဲ့အခါ အောင်မြင်ကောင်းအောင်မြင်နိုင်ပါသေးတယ်။ မကြိုးစားတော့ဘူးရယ်လို့ဆုံးဖြတ်လိုက်တာမှ သင်တကယ်မအောင်မြင်နိုင်တော့တာပါ။ ဘဝရဲ့ဘယ်လိုအခြေအနေမျိုးမှာမဆို “ငါဒီထက်ပိုမကြိုးစားနိုင်တော့ဘူး” ဆိုတဲ့အတွေးမျိုးတွေးမိနေပြီ၊ ပြောမိနေပြီဆိုရင် သင့်ကိုသင်ပြန်သတိပေးဖို့လိုနေပါပြီ။

၃) ဘယ်လောက်လုပ်လုပ်ဖြစ်မလာဘူး။
ဘယ်လောက်လုပ်လုပ် ဘာမှမဖြစ်လာဘူးဆိုတဲ့စကားကို သင်ပြောမိနေတယ်ဆိုရင် သင့်အတွက်ကျရှုံးဖို့ကအခွင့်အလမ်းများနေပါပြီ။ သင်ရည်မှန်းထားတာတွေ၊ သင်ဆုံးဖြတ်ထားတာတွေ၊ သင်လိုချင်တာတွေအတွက်ပေါ့။ အဲဒီ့စကားမျိုးက သင့်ကိုယ်သင်ပြန်ဆန်းစစ်ဖို့လိုနေကြောင်းပြနေတာပါပဲ။ သင်အကြိမ်ကြိမ်ကြိုးစားထားတယ်၊ ဒါပေမယ့်မဖြစ်လာဘူးဆိုတာက သင်အကြိမ်ကြိမ်မှာ ဘာအမှားတွေလုပ်နေမိသလဲ၊ အမှားတွေကို ထပ်ခါတလဲလဲမှားနေမိသလားဆိုတာလည်း ပြန်လေ့လာကြည့်သင့်ပါတယ်။ အဲဒီလိုပြန်လည်မသုံးသပ်ဘဲ ဘယ်လောက်လုပ်လုပ်မဖြစ်လာဘူးလို့ချည်းထိုင်ညည်းနေရင်တော့ သင့်အတွက် ဖြစ်မြောက်အောင်မြင်ခြင်းဟာလည်း တကယ်မဖြစ်လာနိုင်တော့ပါဘူး။

၄) အတတ်နိုင်ဆုံးလုပ်ကြည့်ပြီးပြီ။
ဒါလည်းအလားတူပါပဲ။ ကိုယ့်စိတ်ထဲကိုယ့်ကိုယ်ကိုယ်သတ်မှတ်လိုက်တာက ကိုယ်တတ်နိုင်သလောက်ကြိုးစားပြီးပြီမို့ အစွမ်းကုန်ပါပဲလို့ထင်နေတာဖြစ်ပါတယ်။ ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို ကိုယ်တိုင်ကန့်သတ်တတ်တဲ့လူမျိုးက ဘယ်တော့မှလူတော်မဖြစ်လာနိုင်ပါဘူး။ အခါခါလုပ်ကြည့်ပြီးပြီမို့ မလုပ်တော့ဘူး…..။ ဆိုတာနဲ့ သင့်စွမ်းရည်ကိုသင်ကန့်သတ်လိုက်တာပါ။ အဲဒါကြောင့် လူညံ့လူဖျင်းတွေက အဲဒီ့စကားကိုရေလဲလို့သုံးတတ်ပါတယ်။

၅) ဒါက အစွမ်းကုန်ပဲ။
ဒီ့ထက်ပိုလုပ်နိုင်စရာစွမ်းအင်မရှိတော့ဘူးဆိုတဲ့အဓိပါ္ပယ်ပါပဲ။ ဒါကလည်း အလားတူပါပဲ။ တကယ်က ကိုယ့်စွမ်းအင်ကို မကန့်သတ်ဘဲ “ငါဒီထက်ပိုပြီးကြိုးစားလို့ရနိုင်သေးလား…..။ မဖြစ်ဖြစ်အောင်လုပ်ကြည့်တာပေါ့။ ဆက်ကြိုးစားကြည့်တာပေါ့” ဆိုတဲ့စကားမျိုးတွေနဲ့ ကိုယ့်ကိုယ်ကိုယ်စိန်ခေါ်ရမယ့်အစား ဒါကအစွမ်းကုန်ပဲ ထပ်မဖြစ်နိုင်တော့ဘူးဆိုတာကလည်း လက်လျှော့အရှုံးပေးလိုက်တာပါပဲ။ အဲဒါကြောင့် ဒီစကားသည်လည်း လူညံ့လူဖျင်းတွေက အသုံးချတတ်တဲ့စကားပါပဲ။
တကယ်လို့များ သင့်မှာ အထက်ကစကားမျိုးတွေတွင်တွင်သုံးပြီး ထိရောက်အောင်မကြိုးစားချင်တဲ့စိတ် ဒါမှမဟုတ် ထိုစကားတွေနဲ့ သင့်ကိုယ်သင်ပိတ်လှောင်မိနေတယ်ဆိုရင် ထိုအကျင့်တွေကိုဖျောက်ပါ။ ထိုအကျင့်တွေစွဲမြဲသွားမယ်ဆိုရင် သင့်ဘဝမှာ လက်ရှိရောက်နေတဲ့နေရာကနေ တိုးတက်အောင်ကြိုးစားဖို့ စိတ်တွေပါ ပျောက်သွားမယ့်အပြင် လူညံ့လူဖျင်းအဖြစ် ဘဝကို အဆုံးသတ်ရပါလိမ့်မယ်။

ဘဝ စာမျက်နှာ

ကြော်ငြာများ

အခြား စိတ်ဝင်စားဖွယ် စာဆောင်များ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။