ကိုယ့်ကိုကိုယ်ဆန်းစစ်ခြင်းက ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲ။

ဒီတစ်ခါမှာတော့ မိမိကိုယ်ကို ဆန်းစစ်ဖို့လိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ ဆန်းစစ်တယ်ဆိုတာ ဘာလဲဆိုတော့ ကိုယ်ကိုကိုယ် အခြားသူတစ်ယောက်ကို ဝေဖန်သလို ကိုယ်က ကိုယ်ကိုကိုယ်ပြန်ဝေဖန်တာပါပဲ။ အခြားသူတစ်ယောက်ကိုမြင်ရင် “တော်လိုက်တာ….၊ အဲဒီ့အကျင့်ကြီးက မကောင်းတာ၊ အဲဒီလိုပုံစံမျိုးနဲ့ဘယ်သူနဲ့မှ တည့်မှာမဟုတ်ဘူး” စသည်ဖြင့် သင်က မြင်လိုက်တာနဲ့ပြောရတာလွယ်ပါတယ်။ ကိုယ့်ကိုကိုယ်ကျတော့ များသောအားဖြင့် အကောင်းပဲထင်တတ်ကြတာမဟုတ်လား။ ဒါပေမယ့် တိုးတက်ချင်တဲ့၊ အောင်မြင်ချင်တဲ့သူဆိုရင်တော့ ကိုယ့်ကိုကိုယ်ဆန်းစစ်မှဖြစ်မှာပါ။ ကိုယ့်ကိုကိုယ် ပြန်တွေးပါ၊ ဘယ်နေရာတွေမှာ မှားနေသလဲ၊ ဘယ်နေရာတွေမှာ အစွန်းရောက်နေသလဲ၊ ဘယ်လိုဆက်ဆံရေးမျိုးက ဘာတွေပြန်ရသလဲ၊ ဘယ်အကျင့်က မကောင်းဘူးလဲ၊ ကိုယ့်ကိုကိုယ်လုံးဝမညာဘဲ အမှန်အတိုင်းမြင်အောင်ကြည့်ပါ။ အခြားသူတစ်ယောက်ယောက်ကို ဝေဖန်သလိုပေါ့။


၁) ကိုယ့်ကိုကိုယ်ပြန်မြင်နိုင်ပါတယ်။
အခြားသူတစ်ယောက်ကို မြင်လိုက်သလိုမျိုး ကိုယ့်ကိုကိုယ်ပြန်မြင်အောင်ကြည့်လိုက်တဲ့အခါ အပြစ်အနာအဆာမှန်သမျှမြင်နိုင်လာပါတယ်။ အပြစ်တွေ၊ မှားနေတာတွေမြင်လာတဲ့အခါ ပြုပြင်ဖို့သုံးသပ်နိုင်ပါတယ်။ အဲဒါကြောင့် ဆန်းစစ်ခြင်းက ကိုယ့်ကိုကိုယ်ပြန်ပြီး မြင်နိုင်ပါတယ်။

၂) အမှားပြင်ဖို့ တွန်းအားဖြစ်စေပါတယ်။
ကိုယ့်ကိုကိုယ်ပြန်မြင်တဲ့အခါ “အော်….ဒါတွေ ငါမှားနေပါလား၊ ငါပြင်မှဖြစ်မယ်၊ ပြင်နိုင်မှ ဒီထက်ပိုတိုးတက်မှာ” ဆိုတဲ့အတွေးလေးပဲ တွေးမိပါစေအုံး၊ သင့်မှာ အသိတရားလေးတော့ ဝင်သွားနိုင်ပါတယ်။ ထိုကဲ့သို့ တွေးမိတာ အခါခါဖြစ်လာတဲ့အခါမှာတော့ သင့်ကိုသင်အမြဲ ပြုပြင်သင့်တယ်ဆိုတာကို သတိပေးနေသလိုဖြစ်စေပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ခြင်းက အမှားပြင်ဖို့ တွန်းအားဖြစ်စေပါတယ်။

၃) အမှန်ဖြစ်စေနိုင်ပါတယ်။
အမှားတွေကို မြင်လာတဲ့အခါ ပြင်ရမယ်ဆိုတာ သိလာပါတယ်။ ပြင်ရမယ်လို့ ကိုယ့်ကိုကိုယ်သတိပေးတာများလာတော့ အကြိမ်ပေါင်းများစွာမှာ တစ်ကြိမ်တော့ပြင်ဖြစ်လာတာပါပဲ။ အဲဒီတော့ အမှားတော့လျော့ပြီး အမှန်များလာနိုင်တာပေါ့။

၄) ပိုပြီးတိုးတက်စေနိုင်ပါတယ်။
အမှန်များလာတဲ့အခါ ဘဝကပိုပြီးတိုးတက်လာပါတယ်။ ဥပမာ။ စာမဖတ်ဖြစ်လို့ စာဖတ်ဖြစ်အောင်ကြိုးစားမယ်၊ အင်္ဂလိပ်စာမတိုးတက်လို့ ပိုပြီး အင်္ဂလိပ်စာတိုးတက်လာအောင် ကြိုးစားမယ်၊ ငွေအသုံးအဖြုန်းများလို့ ငွေကို ခြိုးခြံတတ်အောင် ကြိုးစားမယ်၊ ငွေမစုဖြစ်လို့ ငွေစုဖြစ်နိုင်လာအောင် ကြိုးစားမယ် စသည်ဖြင့်ပေါ့။ သင့်ဘဝအတွက် ပိုကောင်းတာတွေဖြစ်လာနိုင်တာပေါ့။

၅) ဘဝကပိုပြီး အဓိပါ္ပယ်ရှိနိုင်လာပါတယ်။
လူ့ဘဝဆိုတာ ရခဲပါတယ်။ ရခဲလှတဲ့လူ့ဘဝမှာ မှားနေလည်း အမှားထဲမှာနစ်နေပြီး အမှန်ပြင်ဖို့ မကြိုးစားရင် ဘဝက အဓိပါ္ပယ်ရှိမှာမဟုတ်ပါဘူး။အမြဲ ကိုယ့်ကိုကိုယ်ဆန်းစစ်တဲ့သူတစ်ယောက်ရဲ့ဘဝက မဆန်းစစ်ဘဲ အမှားရှိမှန်းလည်း မသိ၊ ပြင်ရမယ်မှန်းလည်းမသိ၊ ဆိုရင် ကိုယ့်ကိုကိုယ်သာအကောင်းဆုံးထင်ပြီး နွားခြေရာခွက်ထဲက ဖားသူငယ်လိုဖြစ်နေပါလိမ့်မယ်။ အဲဒါကြောင့် အမြဲလို ကိုယ့်ကိုကိုယ်ဆန်းစစ်တတ်တဲ့သူက အောင်မြင်ဖို့၊ တိုးတက်ဖို့ဖြစ်နိုင်ချေရှိပါတယ်။ သူရဲ့ဘဝကလည်း ဘာမှမသိတဲ့လူထက်စာရင် ပိုပြီး ရှင်သန်ရတာ အဓိပါ္ပယ်ရှိလာပါတယ်။

လူတိုင်းက ကိုယ့်ကိုကိုယ်ဆန်းစစ်ဖို့လိုပါတယ်။ လူတော်တော်များများက ကိုယ့်ကိုကိုယ်သာအကောင်းထင်၊ အတော်ဆုံး၊ အတတ်ဆုံး၊ အမှန်ဆုံးထင်တတ်ကြပါတယ်။ အဲလိုထင်နေတဲ့အတွက်ကြောင့်ပဲ တိုးတက်သင့်သလောက်မတိုးတက်တော့ပါဘူး။ တိုးတက်ချင်တယ်ဆိုရင် ကိုယ့်မှာမှားနေတဲ့အမှားတွေကို မြင်အောင်ကြည့်ရပါမယ်၊ မှားမှန်းသိတဲ့အခါ ပြုပြင်ဖို့ကြိုးစားရပါမယ်။ အဲဒီ့အခါ အမှားတွေပြင်နိုင်လာတဲ့အတွက်ကြောင့် ဘဝကပိုပြီးတိုးတက်လာနိုင်ပါတယ်။#BAWA101

ဘဝ စာမျက်နှာ

ကြော်ငြာများ

အခြား စိတ်ဝင်စားဖွယ် စာဆောင်များ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။