ကိုယ့်ကိုယ်ကိုယ်အတွက်သာ ရှင်သန်ကြည့်ပါ။

ဒီစာသားလေးကို မြင်တဲ့အခါ ဘာကိုတွေးမိသွားမလဲ။ ကိုယ့်ကိုယ်ကိုယ်အတွက်ရှင်သန်ခိုင်းရတာက ကျွန်မတို့တွေဟာ ဘဝမှာ မွေးစကနေ အခုအသက်အရွယ်ရောက်လာတဲ့အထိ အချိန်တွေကို သေချာပြန်တွေးကြည့်ရင် ကိုယ့်အတွက် အချိန်ဆိုတာ မပေးမိသလာက်နည်းတာကို တွေးမိလာပါလမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်အတ္တကြီးခိုင်းတာမဟုတ်ပါဘူးနော်။ တကိုယ်ကောင်းဆန်ခိုင်းတာလည်း မဟုတ်ပါဘူး။ ကိုယ့်ဖြစ်ချင်တဲ့ အရာတစ်ခုခုအတွက် ကိုယ့်ကိုယ်ကိုယ်အချိန်သီးသန့်လေးပေးပြီး ထိုအရာအပေါ်မှာ ရူးသွပ်စွာရှင်သန်တာမျိုးကိုပြောတာပါ။ ကိုယ်ဖြစ်ချင်တာလေးတွေလုပ်ရင်း ကိုယ့်ဘဝကို အေးချမ်းစွာရှင်သန်ကြည့်ဖို့ပြောချင်တာပါ။


မွေးစကတည်းကနေ အခုလက်ရှိရောက်နေတဲ့အရွယ်ထိမှာ ဘယ်သူတွေအတွက်ရှင်သန်ခဲ့သလဲ။ မွေးစကနေ ကျောင်းတက်အရွယ်မှာ မိဘတွေစိတ်တိုင်းကျ ၊ တက္ကသိုလ်ရောက်တဲ့အခါ ချစ်သူအတွက် ကိုယ့်ရဲ့နေ့ရက်အချိန်၊ ကိုယ့်ရဲ့အတွေး၊ အဲဒါအပြင် မိဘ၊ ပတ်ဝန်းကျင် စတဲ့အခြားသူတွေရဲ့အမြင်တွေနဲ့ နေထိုင်ခဲ့ဖူးမှာပါ။ ဘယ်လိုနေဘယ်လိုထိုင်၊ ဘယ်လိုနေရင် ဘယ်သူတွေက ဘာထင်လိမ့်မယ်ဆိုတဲ့အပြောမျိုးနဲ့လည်း စိမ်းကြမယ်မထင်ပါဘူးနော်။
ငါသာ ဒီလိုနေထိုင်လိုက်ရင် ငါ့ကိုဘယ်လိုဝေဖန်ကြမလဲ ဆိုတာမျိုးလည်း အတွေးဝင်လာမိခဲ့တဲ့အချိန်မျိုး ရှိမှာပါ။ အဲဒီလို လူတွေရဲ့အထင်အမြင်ကိုသာ လိုက်ဂရုစိုက်နေထိုင်ရင်းနဲ့မှ ကိုယ့်ဘဝက တဖြည်းဖြည်းပျောက်ဆုံးလာတာမျိုးပါ။ ကိုယ်တဖက်သတ်ချစ်နေတဲ့လူက အသားဖြူမှကြိုက်တာမို့ အသားဖြူဆေးတွေသောက်တာမျိုး၊ ကိုယ်ချစ်တဲ့လူက ခန္ဓာကိုယ်တောင့်တင်းမှကြိုက်တာမို့ Gym မဖြစ်မနေဆော့တာမျိုးကနေစပြီး အိမ်ထောင်သည်ဖြစ်လာပြန်တော့ အိမ်ရှင်မဖြစ်နေလို့ အိမ်ရှင်မတာဝန်၊ အိမ်ထောင်ဦးစီးဖြစ်နေလို့ အိမ်ထောင်ဦးစီးတာဝန် စတာတွေကြားထဲ ခေါင်းမြုပ်နေရင်း ကိုယ်အရမ်းကြိုက်တဲ့ဝါသနာကို တစ်ယောက်ယောက်ကြောင့် စွန့်ပစ်လိုက်ရတာမျိုးတွေက အခြားသူအတွက်တော့ ဘာမှမဟုတ်ပေမယ့် ကိုယ့်အတွက်ကတော့ ကိုယ့်ဖြစ်တည်မှုပျောက်ဆုံးသွားခြင်းပါပဲ။

လောကမှာ ဘယ်သူမှ Perfect မဖြစ်နိုင်တာမို့ ကိုယ်က အမြဲ ပတ်ဝန်းကျင်ကလူတွေစိတ်ကြိုက်ဖြစ်မနေနိုင်ဘူးဆိုတာကို နှလုံးသွင်းပါ။ အခြားလူစိတ်ကြိုက် နေထိုင်၇င်းကနေ စက်ရုပ်တစ်ရုပ်ရဲ့ရှင်သန်မှုလို အဓိပ္ပါယ်ပျောက်ဆုံးလာမယ့်အစား ကိုယ်လုပ်ချင်တဲ့အလုပ်၊ ကိုယ်ရှင်သန်ချင်တဲ့ဘဝက အဓိပ္ပါယ်ရှိတယ်ဆိုရင် ထိုဘဝအတိုင်းရဲရဲဝင့်ဝင့်ရှင်သန်ကြည့်လိုက်ပါ။ သင်ရှင်သန်ချင်တဲ့ဘဝက အခြားသူတွေရဲ့ဘဝကိုလည်း ထိခိုက်မှုမရှိဘူး။ သင့်ကိုယ်သင်လည်းထိခိုက်မှုမရှိနိုင်ဘူးဆိုရင် သင်ရှင်သန်ချင်တဲ့ဘဝအတိုင်း နေထိုင်ကြည့်ခြင်းက သင့်ကိုစိတ်ထွက်ပေါက်တစ်ခုလိုတောင်ဖြစ်လာစေပါတယ်။ တစ်နေ့တာလုံး အိမ်မှုကိစ္စတွေလုပ်ရင်း ပင်ပန်းနေရလို့ ညအိပ်ချိန်မတိုင်မီ ကိုယ်ကြိုက်တဲ့ရုပ်ရှင်ကားလေး အေးဆေးထိုင်ကြည့်လိုက်တာမျိုးကစပြီး ကိုယ့်ဝါသနာပါရာကို တစ်နေ့ ၂၄နာရီမှာ တစ်နာရီလောက် မရရအောင် အချိန်ဖဲ့ပြီး လုပ်ဖြစ်အောင်လုပ်တာမျိုးတွေအပါအဝင်ပေါ့။

ဥပမာ။ သင်ကဆေးလိပ်သောက်တာကြိုက်တယ်၊ သင်ချစ်သူက ဆေးလိပ်ဖြတ်ခိုင်းတယ်ဆိုတာမျိုးကတော့ သင့်ကျန်းမာရေးထိခိုက်မှာစိုးတဲ့အတွက် တားမြစ်တာမျိုးပါ။ သင်က အရက်စွဲနေလို့ အရက်ဖြတ်ခိုင်းတယ်ဆိုတာလည်း သင့်ရဲ့ဘဝအဆိုးဘက်မ‌ရောက်ခင် တားဆီးတာပါပဲ။ သင်က ဆေးသမားဖြစ်နေလို့ ဆေးပြတ်အောင် ဝိုင်းကူညီတာကလည်း သင့်ဘဝအတွက်ပါပဲ။ ကိုယ့်ကိုယ်ကိုယ်အတွက်သာ ရှင်သန်ကြည့်ပါဆိုတာက အဲဒါမျိုးကိုပြောချင်တာမဟုတ်ပါဘူး။ သင့်ဘဝအတွက် သင့်ရည်မှန်းချက်တွေကို ပုံဖော်ရင်းရှင်သန်ဖို့ပြောချင်တာပါ။ သင်ဖြစ်ချင်တာက ကဗျာဆရာဆိုပါတော့......သင့်ရည်မှန်းချက်အတွက် သင်လုပ်သင့်တာကို မှန်ကန်တဲ့နည်းလမ်းနဲ့ သင့်ဟာသင်ကြိုးစားပြီးရအောင်ရှင်သန်ဖို့ပြောချင်တာပါ။ သင်က ပန်းချီဆရာဖြစ်ချင်တယ်ဆိုပါတော့ အခြားဘယ်သူတေွဘယ်လောက်တားတား သင့်ရဲ့စားဝတ်နေရေးအတွက် အဆင်ပြေအောင်ကြိုးစားရုန်းကန်နေရင်း တဖက်ကနေလည်း သင်ဖြစ်ချင်တဲ့ပန်းချီဆရာအဖြစ် ကြိုးစားရှင်သန်တာမျိုးကို ပြောချင်တာပါ။

“Find out who you are and do it on purpose.” – Dolly Parton ပြောသလိုမျိုးပေါ့..... သင့်ကိုယ်သင်ဘယ်သူလဲဆိုတာသိဖို့လိုပါတယ်။ သင်က ပန်းချီဆွဲတဲ့နေရာမှာ တော်တဲ့လူမို့ ပန်းချီဆရာဖြစ်ချင်တာလား။ သင်က အသံကောင်းလွန်းတဲ့အတွက် အဆိုတော်ဖြစ်ဖို့ ကြိုးစားချင်တာလား၊ သင်က လက်မှုပညာမှာ တီထွင်နိုင်စွမ်းရှိလို့ ကိုယ်ပိုင် တံဆိပ်တစ်ခုနဲ့ဖောက်ထွက်ချင်တာလား။ စသဖြင့် ကိုယ့်က ဘယ်သူလဲဆိုတာကို သိပြီးသိထားတဲ့အတိုင်း ရည်မှန်းချက်ချပြီး ထိရောက်စွာ ကိုယ့်ဘဝအတွက် ကိုယ်ရှင်သန်ချင်တဲ့အတိုင်းရှင်သန်ဖို့ပါပဲ။
အရာအားလုံးမှာ လူတိုင်းဟာ အခြားလူတစ်ယောက်ရဲ့စိတ်ကြိုက် perfect ဖြစ်နေရဖို့ဆိုတာ လုံးဝမလွယ်တဲ့ကိစ္စပါပဲ။ အဲဒီလိုအခြားလူတွေ စိတ်တိုင်းကျလိုက်ပြီး အပြစ်ပြောမခံရအောင်၊ ဝေဖန်မခံရအောင်၊ ငြူစူမခံရအောင် နေထိုင်မယ်ဆိုရင်လည်း ဘယ်လောက်တောင် အသက်ရှုကြပ်ပြီး နေထိုင်ရခက်ခဲလိမ့်မလဲ။ ငါးကို သစ်ပင်တက်ခိုင်းလို့မရတာကို သတိရပါ။ သင်က ငါးဖြစ်နေရင် ရေးကူးရာမှာ ကျွမ်းကျင်မှာပါပဲ။ အခြားသူတွေက ဘယ်လိုတားတား သင့်ကိုယ်သင်သိမှ သင်ဖြစ်ချင်တဲ့ဘဝအတိုင်းရှင်သန်နိုင်မှာပါ။

အဲဒါကြောင့် သင့်ကိုယ်သင်သေချာသိပါ။ Bob Marley ပြောထားသလို “Love the life you live, Live the life you love” သင်ရှင်သန်နေတဲ့ဘဝကို ချစ်ပါ။ သင်ဖြစ်ချင်တဲ့ဘဝအတိုင်း ရှင်သန်နေထိုင်ပါ။ အဲဒါမှ သင်လည်းသင့်ဘဝကိုသင်ချစ်မှာဖြစ်ပြီး ရှင်သန်ရကျိုးလည်းနပ်သလို, ရှင်သန်ရတဲ့ဘဝက ပိုပျော်စရာကောင်းလာမှာပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။