ကိုယ့်ကိုယ်ကိုယ် စည်းကမ်းသတ်မှတ်နိုင်အောင် ဘယ်လိုကျင့်ကြံမလဲ။

အသိဉာဏ်ပြည့်ဝတဲ့လူတစ်ယောက် အရာရာမှာ အမှားနည်းတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ်စည်းကမ်းသတ်မှတ်ခြင်းဟာ အင်မတန်အရေးကြီးပါတယ်။ စည်းကမ်းသတ်မှတ်တယ်ဆိုကတည်းက မဖြစ်သင့်တာတွေ မဖြစ်အောင် တားဆီးနိုင်ဖို့ရည်ရွယ်တာမို့ ကိုယ့်ကိုယ်ကိုယ်စည်းကမ်းသတ်မှတ်တယ်ဆိုတာကလည်း ကိုယ့်အမှားတွေနည်းသထက်နည်းအောင် ၊ အမှားတွေကို စည်းလွတ်ဘောင်လွတ်မလုပ်မိအောင် ကိုယ့်ကိုယ်ကိုယ်တားမြစ်ထားတဲ့နည်းလမ်းတစ်မျိုးပါပဲ။


အဲဒီလို ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားတဲ့စည်းကမ်းကို ကိုယ်တိုင်ပဲသိပြီး အခြားသူက မသိပေမယ့် ကိုယ်တိုင်က ကိုယ့်စည်းကမ်းကိုသေချာလိုက်နာနိုင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုတိုးလာသလို၊ ကိုယ့်ကိုယ်ကိုယ်ပိုပြီး လေးစားတတ်လာပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးထားလာတတ်ပါတယ်။ ကိုယ်တိုင်လည်း အမှားနည်းလာသလို ကိုယ့်ဘဝတိုးတက်မှုကိုပိုပြီး ကြိုးစားလာနိုင်ပါတယ်။ တနည်းအားဖြင့်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်စည်းကမ်းသတ်မှတ်နိုင်ပြီး လိုက်နာနိုင်တဲ့သူမျိုးဟာ အခြားသူထက် အောင်မြင်ဖို့ပိုနီးစပ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်သတ်မှတ်ထားတဲ့ရည်မှန်းချက်ကိုလည်း ကိုယ်တိုင်ဖန်တီးပုံဖော်နိုင်လာမှာမို့လို့ပါပဲ။ အခြားသူများထက်လည်း ဘဝက ပျော်ရွှင်စရာပိုကောင်းသလို၊ ဘဝမှာ ရှင်သန်ရတာ အဓိပ္ပါယ်ရှိလာတယ်လို့ခံစားရစေပါတယ်။ အဲဒါကြောင့် ကိုယ့်ဘဝကိုလည်း ပိုပြီးတန်ဖိုးထားတတ်လာစေပါတယ်။ အဲဒီ့အတွက် ကိုယ့်ကိုယ်ကိုယ်စည်းကမ်းသတ်မှတ်ဖို့ အရေးကြီးပါတယ်။

၁) အသေးအဖွဲလေးတွေကစတင်ပါ။
ကိုယ့်ကိုယ်ကိုယ်စည်းကမ်းသတ်မှတ်ခြင်းလုပ်မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့တပြိုင်တည်း အကြီးကြီးတွေစလုပ်တာထက်စာရင် နေ့စဉ်လုပ်နေကျ အသေးအဖွဲလေးတွေကနေ စလုပ်ကြည့်ပါ။ ဥပမာ။ ရေငတ်တိုင်း energy drink တွေသောက်နေမိတယ်ဆိုရင် နေ့တိုင်း energy drink သောက်တာအကျင့်ဖြစ်နေပြီလား၊ ဖြစ်နေတဲ့အဲဒီ့အကျင့်ကိုပြင်မယ်လို့ဆုံးဖြတ်လိုက်တာနဲ့ မသောက်မိအောင်ထိန်းမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်စတင်စည်းကမ်းသတ်မှတ်လိုက်ပါ။ အဲဒီလိုဘာမှမဟုတ်တဲ့အသေးအဖွဲလေးတွေက စတင်တာကိုပြောတာပါ။ နေ့တိုင်း အကြောင်းပြပြီး အရက်သောက်မိနေသလား၊ အရက်စွဲတဲ့အဆင့်မရောက်ခင် တစ်ပတ်မှာတစ်ရက်၊ တစ်လမှာ တစ်ရက်လောက်ပဲ သောက်ဖို့ ကိုယ့်ကိုယ်ကိုယ်စည်းကမ်းသတ်မှတ်မယ် စသဖြင့် ဆုံးဖြတ်ပြီးတာနဲ့ တကယ်ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းသတ်မှတ်နိုင်ဖို့အတွက် အဓိကကျတဲ့အရာကတော့ self control လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်းပါပဲ။ အဲဒါကြောင့် self control လုပ်ဖို့က အသေးအဖွဲလေးက စတင်ကြည့်မှရပါမယ်။ အသေးအဖွဲလေးတွေကို လုပ်နိုင်သွားပြီဆိုရင် တဆင့်ချင်း ပိုခက်တဲ့အရာတွေကို လုပ်လို့ရနိုင်ပါတယ်။

၂) နေ့တိုင်း ကိုယ့်ကိုယ်ကိုယ်စကားပြောပါ။
ကိုယ့်ကိုယ်ကိုယ် နေ့တိုင်း အချိန်ခဏလောက်ပေးပြီး ဘယ်သူနဲ့မှ စကားမပြော၊ တိတ်ဆိတ်တဲ့နေရာမှာဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ်စကားပြောကြည့်ပါ။ “ဒီနေ့ ငါ့ကိုယ်ငါသတ်မှတ်ထားတဲ့အရာတွေကို လုပ်နိုင်ရဲ့လား။ ဒါမှမဟုတ် ဘယ်လောက်ထိ လုပ်နိုင်ခဲ့လဲ” “လုပ်မယ်လို့ ကိုယ့်ကိုယ်ကိုယ်ဆုံးဖြတ်ပြီး မလုပ်နိုင်ဘူးလား၊ အဲဒါဆိုရင် ပြန်ကြိုးစားရမယ်” စသဖြင့် ကိုယ့်ကိုယ်ကိုယ်ပြန် အမှန်အတိုင်းပြန်စဉ်းစားပါ။ သုံးသပ်ပါ။ အမှန်ကို မြင်အောင်အရိုးသားဆုံးနဲ့ ကိုယ့်ကိုယ်ကိုယ်ကြည့်ပါ။ အမှန်မြင်တာနဲ့ ဆက်လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးပါ။ နံပါတ်တစ်မှာပြောထားသလို Self control ဆိုတာက သင်ကိုယ်တိုင် သင့်ကိုယ်သင်ထိန်းချုပ်တာဖြစ်တဲ့အတွက် သင်ကလွဲပြီး ဘယ်သူမှလာလုပ်ပေးနိုင်မှာမဟုတ်ပါဘူး။

၃) တဆင့်ချင်းစီစည်းကမ်းကိုတိုးသွားပါ။
အသေးအဖွဲလေးတွေလောက်ကို ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်ပြီဆိုရင် တဆင့်ချင်းစီ စည်းကမ်းကိုတိုးသွားလိုက်ပါ။ ဥပမာ မနက်ခင်း စောစောအိပ်ရာထမယ်ဆိုတဲ့အကျင့်ကို လုပ်နိုင်သွားပြီဆိုရင် နောက်တဆင့် အင်္ဂလိပ်စာလုံးပေါင်း တစ်ရက်ကို အလုံး၂၀လောက် ရအောင်ကျမယ်ဆိုတာမျိုး နောက်တဆင့် အသံဖိုင်တွေတစ်နေ့တစ်နာရီလောက် နားထောင်မယ်ဆိုတာမျိုး စသဖြင့် ကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကနေ ကိုယ့်ရဲ့ဘဝတိုးတက်မှုဖြစ်လာမယ့် အကျင့်ကောင်းတွေထိ တိုးသွားပါ။ ဥပမာ။ မိဘဆီက ပိုက်ဆံလုံးဝမတောင်းဘဲ ကိုယ့်လစာဘယ်ပမာဏအထိရအောင် (အချိန်ပိုင်းအလုပ်တွေတိုးလုပ်ပြီး ရအောင်ရှမယ်) လို့ဆုံးဖြတ်တာမျိုးပေါ့။ ဒါမှမဟုတ် သင်တန်းတက်ဖို့ငွေကို ဘယ်နှစ်လအတွက် ကိုယ့်ဟာကိုယ်စုပြီး တက်မယ်ဆိုတာမျိုးပေါ့။ အဲဒီလိုမျိုးကနေမှ “ငါ့အိမ်ထောင်ရေးကို ဘယ်တော့မှဖောက်ပြန်မယ့်အလုပ်ကိုမလုပ်ဘူး” ဆိုတာမျိုး “ ကိုယ့်ကျင့်သိက္ခာကို ဖျက်ဆီးမှ ပိုက်ဆံရမယ့်အလုပ်မျိုးဘယ်တော့မှမလုပ်ဘူး” ဆိုတာမျိုး “ရိုးသားမှုကို ဘာကြောင့်မှ အထိခိုက်မခံဘူး” ဆိုတာမျိုးတွေနဲ့ ဘဝနဲ့ချီတဲ့ စည်းကမ်းမျိုးတိုးသွားခြင်းကနေ သင့်ကို လူကောင်းလူမှန်တစ်ယောက်ဖြစ်လာစေပါတယ်။

၄) အချိန်သတ်မှတ်ပါ။
အချိန်သတ်မှတ်မှုမရှိရင် လှော်တက်မပါဘဲ ပင်လယ်ထဲမြောနေတဲ့လှေလိုဖြစ်နေမှာပါ။ ပင်လယ်ထဲမှာပဲ ရေစီးလိုက်မြောနေရင် ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုတော့ မရောက်နိုင်ပါဘူး။ အဲဒါကြောင့် ပန်းတိုင်သတ်မှတ်ရုံနဲ့ မထိရောက်ပါဘူး။ ပန်းတိုင်လည်းသတ်မှတ်မယ် ၊ အဲဒီ့ပန်းတိုင်ကို ရောက်အောင်သွားနိုင်မယ် အချိန်ကိုလည်း သတ်မှတ်ထားမှ ပိုထိရောက်နိုင်ပါတယ်။ ထိုသတ်မှတ်ထားတဲ့အချိန်အတွက် ပန်းတိုင်ကို မရောက်ရောက်အောင်သွားမယ်ဆိုတဲ့စိတ်က သင့်ကို တွန်းအားဖြစ်စေတာမို့ ပိုပြီး ပန်းတိုင်ကို မြန်မြန်ရောက်နိုင်ပါတယ်။ ယုတ်စွအဆုံး ကိုယ်သတ်မှတ်ထားတဲ့ပန်းတိုင်ကို အပြည့်အဝမရောက်နိုင်ခဲ့ရင်တောင် အချိန်အနည်းသာ အလျော့အတင်းရှိသွားတဲ့အခါမှာတော့ ကိုယ်အလိုရှိတဲ့ပန်းတိုင်ကိုရောက်နိုင်မှာပါ။

၅) ကိုယ့်ကိုယ်ကိုယ်အမြဲသတိပေးနေပါ။
Self control လုပ်ဖို့ဆိုတာက ကိုယ့်ကိုယ်ကိုယ်အမြဲသတိပေးနေဖို့လိုပါတယ်။ အဲဒီ့သတိကလည်း သူများကလာပေးနေလို့ ကိုယ်တိုင်ကမလိုက်နာရင် မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် ကိုယ့်စိတ်ထဲကနေ ကိုယ့်ကိုယ်ကိုယ်အမြဲသတိပေးနေမှရတာပါ။ ဥပမာ ။ ကိုယ်ဒီနေ့ဘာတွေလုပ်မိနေသလဲ၊ ကိုယ့်သတ်မှတ်ထားတဲ့စည်းကမ်းတွေကို ဖောက်ဖျက်မိနေသလား၊ ဒါတွေကို ကိုယ်မလုပ်ဘူးလို့ဆုံးဖြတ်ထားတယ်နော်။ စသဖြင့် ကိုယ့်ကိုယ်ကိုယ်သတိပေးနေတာမျိုးပါ။ နောက်ပိုင်းအသားကျသွားတဲ့အခါ ကိုယ့်စိတ်ထဲ ပေါ်လာတဲ့အတွေးကိုတောင် ကိုယ်ကပြန်ပြီးထိန်းချုပ်နိုင်တဲ့အထိတိုးတက်လာပါတယ်။

ကိုယ့်ကိုယ်ကိုယ်စည်းကမ်းသတ်မှတ်လိုက်တဲ့အခါ ထိုစည်းကမ်းကိုမဖောက်ဖျက်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ရပါတယ်။ အဲဒါက အမြဲတမ်း သတိတစ်ခုလို ကိုယ့်ထံမှာ ကပ်နေတဲ့စိတ်ပါ။ မလုပ်သင့်တာတွေကို ဘာကြောင့်ဖြစ်ဖြစ်မလုပ်ဘူးဆိုတဲ့စိတ်တစ်ခုပေါ့။ နောက်ဆုံးကိုယ့်ကိုယ်ကိုယ်ပိုထိန်းချုပ်နိုင်သွားတဲ့လူတွေဟာ လျှာပေါ်မြက်ပေါက်ရင်ပေါက်ပါစေ မလုပ်သင့်တာကိုမလုပ်ဘူးဆိုတဲ့စိတ်နဲ့ မဟုတ်မမှန်တာလုပ်ပြီး ဟန်ဆောင်နေတဲ့သူတွေထက်ကို ပိုရဲရင့်လာပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုပိုတိုးလာပါတယ်။ self control လုပ်နိုင်တဲ့အတွက် စိတ်အလိုလိုက်ပြီး မဖြစ်သင့်တာဖြစ်သွားတယ်ဆိုတဲ့ပြဿနာမျိုးတွေလုံးဝမရှိနိုင်တော့ပါဘူး။ အကျင့်ဆိုးတွေကို ပယ်ဖျောက်နိုင်ပြီး အကျင့်ကောင်းတွေစုလာစေပါတယ်။ အကျင့်ကောင်းတွေများလာတဲ့အခါ ထိုလူတစ်ယောက်က self control မလုပ်နိုင်တဲ့လူထက်ကို ပိုပြီး အောင်မြင်တိုးတက်လာနိုင်ပါတယ်လို့ ဖော်ပြလိုက်ပါတယ်။

ဘဝ စာမျက်နှာ

ကြော်ငြာများ

အခြား စိတ်ဝင်စားဖွယ် စာဆောင်များ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။