ကိုယ့်ဘဝကို အခြားသူများနဲ့မနှိုင်းယှဉ်ပါနဲ့။

လူအတော်များများက ကိုယ့်ဘဝကို အလိုမကျမိတိုင်း အခြားသူများရဲ့ဘဝတွေနဲ့ နှိုင်းယှဉ်တတ်ကြပါတယ်။ ကိုယ့်ကိုကိုယ်တောင် သတိမထားမိလိုက်ဘဲ နှိုင်းယှဉ်မိနေတာမျိုးပါ။ ကိုယ်နဲ့ရွယ်တူတွေ ဘာသင်တန်းတွေတက်နေပြီ၊ ကိုယ်ကမတက်ရသေးဘူးဆိုတာမျိုး။ ဘယ်သူကတော့ စီးပွားရေးတွေအဆင်ပြေနေပြီ၊ ကိုယ်ကတော့ခုထိ မတိုးတက်လာနိုင်ဘူးဆိုတာမျိုး။ သူများသားသမီးတွေများ လစာ ဘယ်နှစ်သိန်းရတဲ့အလုပ်ရပြီး မိဘကို ပြန်ရှာကျွေးနေပြီ၊ ကိုယ့်တွေရဲ့သားသမီးက ခုထိအလုပ်မရသေးဘူး ဆိုတာမျိုး စသည်ဖြင့်ပေါ့။ အကြောင်းအရာတစ်ခုမဟုတ်တစ်ခုနဲ့တော့ အမြဲလိုလို အခြားသူများကို ကြည့်မိ၊ နှိုင်းယှဉ်မိတတ်ကြပါတယ်။


တကယ်တော့ ကိုယ့်ဘဝကို အခြားသူများနဲ့နှိုင်းယှဉ်တတ်ခြင်းက ကိုယ့်ဘဝကို ပိုပြီးမကျေမနပ်ဖြစ်စေပါတယ်။ နှိုင်းယှဉ်ပြီဆိုကတည်းက ကိုယ့်မှမရှိနိုင်တာ၊ မရနိုင်တာကို အခြားသူများထံမှာရှိနေခြင်းကို လိုချင်စိတ်ဖြစ်လာပါတယ်။ အားကျစိတ်ဖြစ်လာပါတယ်။ အဲဒါကြောင့် ကိုယ့်မှာ ရှိထားပြီးသားကို တန်ဖိုးမထားတတ်တော့ပါဘူး။ အခြားသူများရဲ့ဘဝက ကိုယ့်ရဲ့လက်ရှိဘဝထက်စာရင် အများကြီးသာတယ်လို့ တွေးမိသွားတဲ့အတွက် ကိုယ့်ကိုကိုယ် အလိုမကျခြင်း၊ အားငယ်ခြင်း၊ သိမ်ငယ်ခြင်း၊ အားမလိုအားမရဖြစ်ခြင်းတွေ ခံစားရပါတော့တယ်။ အဲဒါက သင့်ရဲ့စိတ်ကို ဖိစီးမှုဖြစ်စေပါတယ်။ သင့်ကိုသင်လည်း ယုံကြည်မှုကင်းမဲ့လာတတ်သလို၊ ကိုယ့်ကိုကိုယ်လည်း မလေးစားအထင်မကြီးတော့ပါဘူး။ ကိုယ့်ဘဝကို အခြားသူများနဲ့ နှိုင်းယှဉ်ခြင်းက သင့်ကိုစိတ်ဓာတ်ကျရောဂါလိုမျိုးတောင် ဖြစ်စေနိုင်ပါသေးတယ်။

အဲဒါကြောင့် ကိုယ့်ဘဝကို အခြားသူများနဲ့ နှိုင်းယှဉ်ခြင်းက မကောင်းတဲ့အကျိုးဆက်ကိုသာ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် အခြားသူများလို ဖြစ်အောင် ကိုယ်တိုင်လည်း ကြိုးစားမယ်ဆိုတဲ့အတွေးနဲ့ စိတ်ဓာတ်မကျဘဲ ကြိုးစားသွားနိုင်ရင်တော့ ပိုကောင်းတာပေါ့။
တကယ်တော့ အခြားသူများရဲ့ အားကျစရာကောင်းတဲ့ဘဝ၊ ပျော်ရွှင်စရာကောင်းတဲ့ဘဝဆိုတာ သင်မြင်ရတဲ့ သူတို့ဘဝရဲ့ တပိုင်းတစပါပဲ။ လူတိုင်းရဲ့ ဘဝက သူ့ဘဝနဲ့သူတော့ ကြမ်းတမ်းကြတာချည်းပါပဲ။ အခက်အခဲတွေ၊ စိတ်ညစ်စရာတွေ၊ အတိုက်အခိုက်တွေ၊ ကြပ်တည်းမှုတွေ စသည်ဖြင့် မကောင်းတဲ့အရာတွေလည်း အများကြီးပါပဲ။ ။ ပျော်ရွှင်ခြင်း၊ ဝမ်းသာခြင်းတွေလည်း အများအပြားရှိကြမှာပါပဲ။ ဘဝဆိုတာကိုက ပျော်ရွှင်တလှည့် ဝမ်းနည်းတစ်ခါမဟုတ်လား။ ဒါပေမယ့် ပျော်ရွှင်စရာဆိုရင် အထိမ်းအမှတ်လေးတစ်ခုအနေနဲ့ မှတ်သားတတ်ကြပြီး ဝမ်းနည်းစရာဆိုရင်တော့ မမှတ်မိချင်ကြတာ လူတွေရဲ့သဘောပါပဲ။ သင်ကိုယ်တိုင်လည်း အခြားသူများကို သင်ဝမ်းနည်းနေတဲ့အကြောင်းအရာထက် ပျော်ရွှင်စရာတွေကိုသာ မြင်စေချင်တာမဟုတ်လား။

အဲဒါကြောင့်ကိုပဲ လူတိုင်းက သူတို့ဘဝရဲ့ ပျော်ရွှင်စရာအစိတ်အပိုင်းတွေကို အခြားသူများကို ပြသတတ်ကြပြီး ဝမ်းနည်းစရာအစိတ်အပိုင်းတွေကိုတော့ လူအားလုံးထဲက ရင်ဖွင့်လို့ရတဲ့သူမျိုးကိုသာ ပြောပြတတ်ကြတာပါ။ အဲဒီ့အတွက် သင်မြင်နေရတဲ့အခြားသူများရဲ့ အားကျစရာဘဝဆိုတာက သူတို့ဘဝရဲ့ သင့်ကိုချပြထားတဲ့ အစိတ်အပိုင်းလေးတစ်ခုသာဖြစ်တယ်လို့ သင်သိထားသင့်ပါတယ်။ လူတိုင်းဘဝမှာ အခက်အခဲပေါင်းစုံရှိနေတတ်ကြပါတယ်နော်။ သင်က စာရင်းကိုင်တစ်ယောက်လုပ်နေပြီး ဝင်ငွေများစွာရပြီး လှတပတလေးနေတဲ့ ရုပ်ရှင်မင်းသမီးကို အားကျပြီး ကိုယ့်ဘဝကို စိတ်ညစ်နေလို့ အချိန်ကုန်တာပဲ အဖတ်တင်မှာပါ။ သင်က ဒီဇိုင်နာတစ်ယောက်လုပ်နေပြီး ကုမ္ပဏီပိုင်ရှင်တစ်ယောက်ကို အားကျနေလို့ သင့်ဘ၀ စိတ်ဓာတ်ကျရင်းအချိန်ကုန်တာပဲအဖတ်တင်မှာပါ။ သင်လက်ရှိရထားတဲ့ဘဝနေရာမှာသာ အကောင်းဆုံးဖြစ်အောင်ကြိုးစားပါ။ အဲဒါကသာ နေရာတစ်နေရာတော့ ရလာမှာ သေချာပါတယ်။

အဓိကက အခြားသူများကို ငေးမောအားကျနေရင်းနဲ့ သင့်ရဲ့ဆုပ်ကိုင်ထားရတဲ့ တန်ဖိုးရှိတဲ့ဘဝလေး အလဟဿအချိန်မကုန်သွားဖို့ အရေးကြီးတာပါ။ အဲဒါကြောင့် အခြားသူတွေရဲ့ဘဝက ကိုယ့်ထက်သာနေရင် မုဒိတာပွားပါ။ ဘယ်လိုနေထိုင်လို့ ဒီလိုစိတ်ချမ်းသာအဆင်ပြေနေသလဲလို့ နည်းလမ်းယူပါ၊ သင်ယူသင့်တာသင်ယူပါ။ ကိုယ့်ဘဝမှာ ကိုယ်ရရှိပိုင်ဆိုင်ထားသလောက်လေးကို နည်းပါစေ၊ တန်ဖိုးထားပါ။ ပျော်ရွှင်တတ်ပါ။ ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်နေတယ်ဆိုရင် ကိုယ်ရောက်နေတဲ့နေရာလေးမှာတင် အကောင်းဆုံဖြစ်အောင် ကြိုးစားပါလို့ တိုက်တွန်းလိုက်ရပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။