ကိုယ်ပေးတိုင်းပြန်မရတတ်တဲ့အရာများ

သင်ပေးလိုက်တိုင်းပြန်မရနိုင်တဲ့အရာတွေအများကြီးရှိမှာပါ။ လူချင်းမတူနိုင်သလို၊ ခံယူချက်ချင်းလည်းမတူဘဲ ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ချက်တွေလည်း မတူကြပါဘူး။ အဲဒါကြောင့် ကိုယ်က တခါတလေ နှလုံးသားနဲ့ရင်းပြီး ပေးလိုက်ရပေမယ့် တန်ဖိုးသတ်မှတ်ပုံခြင်းမတူတာကြောင့် ကိုယ့်စိတ်နဲ့ထပ်တူမကျနိုင်ပါဘူး။ အဲဒီ့အတွက် အောက်မှာဖော်ပြထားတဲ့အရာတွေကို ၁၀၀ရာခိုင်နှုန်းပြန်ရမယ်လို့ မျှော်လင့်ထားလို့မဖြစ်ပါဘူး။


၁) ကိုယ်ချင်းစာနာစိတ်
အထူးသဖြင့်မရနိုင်တာကတော့ ကိုယ်ချင်းစာနာစိတ်ပါပဲ။ လူတစ်ယောက်နဲ့တစ်ယောက်အပေါ် အပြန်အလှန်စာနာစိတ်က သင်ပေးလို့မရနိုင်ပါဘူး။ ကိုယ်တိုင်ခံစားဖူးမှသာ ကိုယ်တိုင်ကိုယ်ချင်းစာတတ်ကြတာဖြစ်ပါတယ်။ အတ္တကြီးပြီး နားလည်မှုမရှိတဲ့လူတွေအတွက်ကတော့ ကိုယ့်အသာရဖို့ချည်းတွေးတတ်တာမို့ ဘယ်တော့မှတဖက်လူကို ကြည့်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် သင့်အလှည့်တုန်းကတော့ သင်ကကိုယ်ချင်းစာစိတ်နဲ့ နားလည်ပေးလိုက်ပေမယ့် သူတို့အလှည့်ကျရင် သင့်ကိုပြန်ပြီး ကိုယ်ချင်းစာမှာမသေချာပါဘူး။

၂) ကူညီဖေးမမှု
သင်ကကူညီပေးလိုက်ပေမယ့် သင့်ကိုပြန်ကူညီပေးလိမ့်မယ်လို့ သင်တရားသေယူဆထားလို့မဖြစ်ပါဘူး။ တချို့တွေကပြန်ပြီးကျေးဇူးပြုရမယ်ဆိုတာကို နားလည်ချင်မှနားလည်တာပါ။ အဲဒါကြောင့် အခြားသူက ကိုယ့်ကိုပြန်ပြီး ကူညီဖေးမမလားဆိုတာကို မျှော်လင့်ထားတာထက်စာရင် ကိုယ့်အားကိုယ်ကိုးဖို့သာ စဉ်းစားတာအကောင်းဆုံးပါပဲ။

၃) ချစ်ခြင်းမေတ္တာ
ချစ်ခြင်းမေတ္တာလည်းအလားတူပါပဲ။ သင်ကဘယ်လောက်ပဲချစ်ချစ်၊ မေတ္တာဘယ်လောက်ပဲထားထား၊ သင့်အပေါ်မှာ တုံ့ပြန်တဲ့ချစ်ခြင်းမေတ္တာရမယ်လို့ သင်မျှော်လင့်ထားလို့မရပါဘူး။ အဲဒါကြောင့် သင်နဲ့ပတ်သက်သူတိုင်းကို သင်မေတ္တာမျှဝေပေးပါ။ အဲဒါက သင်လုပ်နိုင်တဲ့အကောင်းဆုံးလုပ်ရပ်ပါပဲ။ သင်ပေးလိုက်တဲ့မေတ္တာတရားပြန်ရမယ်လို့တော့ တရားသေမျှော်လင့်မထားပါနဲ့။

၄) သိတတ်နားလည်မှု
သိတတ်နားလည်မှုဆိုတာကလည်း တန်ဖိုးထားတတ်တဲ့သူမှသာ သိတာပါ။ ကိုယ့်အပေါ်မှာ သေးသေးလေးကအစ ကျေးဇူးပြုဖူးတဲ့သူကို ကျေးဇူးလို့လေးနက်စွာခံယူတဲ့သူမှသာ ကိုယ့်အပေါ်ပြန်ပြီးသိတတ်နားလည်မှုပေးမှာဖြစ်ပါတယ်။ ကိုယ်ကသေးသေးလေးကျေးဇူးပြုမိပေမယ့် နှလုံးသားထဲကနေ ကြီးမားစွာလက်ခံပြီးလေးနက်စွာအသိအမှတ်ပြုသူက ဘယ်လောက်သေးတဲ့ကျေးဇူးဖြစ်ဖြစ် သိတတ်နားလည်မှုပြန်ပေးမှာပါပဲ။ ဒါပေမယ့် သင်ပေးလိုက်တဲ့ကျေးဇူးက သင့်အတွက်ကြီးမားစွာစွန့်စားကူညီထားတာဖြစ်ပါစေ ။ လက်ခံတဲ့သူက ရတုန်းယူလိုက်မယ်ဆိုတဲ့အချောင်စိတ်ရှိသူမျိုးဖြစ်နေမယ်ဆိုရင်တော့ သင်ဒုက္ခရောက်နေချိန်မှာလည်း ပြန်ပြီးသိတတ်နားလည်မှုရှိမှာမဟုတ်ပါဘူး။ သိတတ်နားလည်မှုဆိုတာက လူရဲ့စိတ်ထားပေါ်အခြေခံပြီးဖြစ်တည်လာတာမို့ လက်ခံယူတဲ့လူရဲ့အသိပညာနဲ့အများကြီးသက်ဆိုင်ပါတယ်။

၅) ညှာတာထောက်ထားမှု
ကိုယ့် မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်ကလူတွေ၊ ကိုယ့်ထက်အားငယ်နိမ့်ကျတဲ့သူတွေအပေါ်မှာ ညှာာတာ ထောက်ထားမှုဟာ လူသားဆန်တဲ့စိတ်ထားရှိတဲ့သူတွေအတွက်တော့ သင်ပေးစရာမလိုပါဘူး။ အလိုလို နှလုံးသားနဲ့အခြေခံ စာနာစိတ်ကြောင့် အချင်းချင်းညှာတာထောက်ထားရမယ်ဆိုတဲ့စိတ်အလိုလျောက်ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါပေမယ့် လူသားဆန်တဲ့စိတ်ထားမဟုတ်ဘဲ အရာရာကို ကိုယ့်တစ်ဖို့ထဲသာကြည့်တတ်သူတွေမှာတော့ ထိုစိတ်ထားက ရှိနိုင်မှာမဟုတ်သလို သင်ပေးတိုင်းလည်း တတ်မြောက်မှာမဟုတ်ပါဘူး။

အထက်ကအချက်တွေအားလုံးဟာ နှလုံးသားကခြေခံပေါက်ဖွားလာတဲ့စိတ်သာဖြစ်ပါတယ်။ အဲဒီ့စိတ်တွေဖြစ်ပေါ်လာဖို့က နှလုံးသားနဲ့ခံစားနားလည်ပြီး လူသားဆန်တဲ့စိတ်ထားရှိဖို့သာလိုပါတယ်။ လောကမှာ လူကောင်းရယ်လူဆိုးရယ်အကြမ်းဖျင်းရှိတာမို့ ကိုယ့်ဘဝမှာ ကိုယ်ကြုံတွေ့ရမယ့်လူဟာ ဘယ်လိုလူအမျိုးအစားထဲပါမယ်ရယ်လို့ အမြင်နဲ့တင်ဆုံးဖြတ်လို့မရပါဘူး။ အဲဒီ့အတွက် အထက်ကအချက်တွေအားလုံးကို ကိုယ်နဲ့ပေါင်းသင်းပတ်သက်နေသူတိုင်းဆီက ပြန်ရမယ်လို့လည်း မျှော်လင့်ထားလို့မဖြစ်နိုင်ပါဘူး။ ကိုယ်မျှော်လင့်ထားသလိုပြန်မရခဲ့ရင်လည်း ကိုယ့်ဘက်က လုပ်နိုင်တာနဲ့ ကိုယ့်ဘက်က ပေးနိုင်တဲ့အကောင်းဆုံးတွေကိုသာ မျှဝေလိုက်ပါ။ အဲဒါက သင့်ကိုဘယ်လိုလူဖြစ်တယ်ဆိုတာကို သတ်မှတ်ပေးတာဖြစ်ပါတယ်။ အဓိကက ကိုယ်ဟာလူကောင်းစာရင်းဝင်ဖို့ပါပဲ။ ကိုယ်ကောင်းရင်ခေါင်းမရွေ့ဘူးဆိုတဲ့စကားလိုပေါ့…..သင့်ရဲ့ကောင်းခြင်းကို သင်ပဲတစ်နေ့ပြန်ခံစားရမှဖြစ်သလို၊ သင့်ကိုလည်း သင့်သမိုင်းမှာ အကောင်းဆုံးနာမည်တစ်ခုသတ်မှတ်ပေးသွားမှာပဲဖြစ်ပါတယ်။

ဘဝ စာမျက်နှာ

ကြော်ငြာများ

အခြား စိတ်ဝင်စားဖွယ် စာဆောင်များ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။