ကလေးတွေကို သင်ပေးသင့်သော အလေ့အကျင့်ကောင်း ၅ချက်

ကလေးကောင်းမှ လူကြီးကောင်းဖြစ်မှာဆိုသလိုပါပဲ၊ လူကြီးကောင်းတွေကသာ ကလေးကောင်းတွေဖြစ်အောင် ပြုစုပျိုးထောင်နိုင်မှာပါနော်။ အဲဒီ့တော့ ကလေးကောင်းဖြစ်အောင်ကြိုးစားပြုစုပျိုးထောင်နိုင်ဖို့ လူကြီးတွေက သင်ပေးသင့်တာလေးတွေကို ရှာဖွေလေ့လာမှတ်စုလုပ်ပြီး ကလေးတွေကို ပြန်လည်သွန်သင်ဆုံးမတတ်ရပါတယ်။ အဲဒါကြောင့် ကလေးတွေကို လူတလုံးသူတလုံးဖြစ်အောင် ပျိုးထောင်သင်ပေးသင့်တဲ့အလေ့အကျင့်ကောင်း ၅ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။


၁) လေးစားရိုသေမှုရှိပါစေ။
လူတိုင်းကို လေးစားရိုသေသမှုနဲ့ ဆက်ဆံတတ်ဖို့သင်ပေးပါ။ အခြားသူတွေကို အနိုင်ကျင့်တာ၊ ရိုက်နှက်တာ၊ နှိပ်စက်တာ ဒါမှမဟုတ် နှိမ်ချအထင်သေးတာတွေ မလုပ်မိဖို့ သွန်သင်ပေးပါ။ အမြဲလို “ကျေးဇူးပြုပြီး…..၊ တောင်းပန်ပါတယ်၊ ကျေးဇူးတင်ပါတယ်” စတဲ့စကားလုံးတွေ ပြောတတ်ဖို့ သင်ပေးသင့်ပါတယ်။
၂) ရိုးသားမှုရှိပါစေ။
အမှန်တရားကို ပြောတတ်ပါစေ။ အသေးစိတ်ကအစ ချန်လှပ်ထားတာမျိုး၊ မပြောဘဲထားတာမျိုး မဖြစ်ပါစေနဲ့။ သင်ဆိုလိုချင်တာက ဘာလဲဆိုတာကို ကလေးကို နားလည်အောင်ပြောပြပေးပါ။ သင့်ရဲ့စကားလုံးတွေက အမှန်တရားတွေသာဖြစ်ပါစေ။ သင်ကိုယ်တိုင်ကအပြောနဲ့အလုပ်ညီပါစေ။ သင်ကိုယ်တိုင်က ပြောတဲ့စကားနဲ့အလုပ်ညီတဲ့အခါ သင့်ကိုလည်း ကလေးက ရိုးသားစွာတုံ့ပြန်တတ်ပါလိမ့်မယ်။ ပြီးတော့ ဘယ်အရာမှမချန်လှပ်တော့ဘဲ ရိုးသားစွာ ပြောပြတတ်လာပါလိမ့်မယ်။
၃) တာဝန်ကျေပါစေ၊ တာဝန်ယူတတ်ပါစေ။
သင့်ရဲ့လုပ်ဆောင်မှုတိုင်းရဲ့ သက်ရောက်မှုကို လက်ခံတတ်ပါစေ။ ဥပမာ သင်မှားတာလုပ်မိရင်လည်းတောင်းပန်တာမျိုးပေါ့။ သင်တစ်ခုခုကို မလုပ်ဆောင်မီ ဖြစ်လာမယ့်အကျိုးဆက်ကို ကြိုတွေးတာမျိုးပေါ့။ ဖြစ်လာတဲ့အကျိုးဆက်ကိုလည်း ရဲရဲတာဝန်ယူတတ်ရမယ်ဆိုတာကို သင်ပေးထားသင့်ပါတယ်။
၄) ကျေးဇူးတင်တတ်ပါစေ။
ကိုယ်ပိုင်ဆိုင်ထားတာလေးတွေကို ကျေးဇူးတင်တတ်ဖို့ သင်ပေးပါ။ သင့်ရဲ့ကံကောင်းခြင်းတွေကို အသိအမှတ်ပြုပါ။ အခြားသူများဆီက ရတတ်တဲ့တန်ဖိုးထားစရာလေးတွေကိုလည်း တန်ဖိုးထားတတ်ဖို့သင်ပေးပါ။
၅) ကြင်နာတတ်ပါစေ။
အခြားသူများအတွက် တွေးပေးပါ။ ကိုယ့်အတွက်လည်း အကျိုးရှိပြီး အခြားသူများအတွက်လည်း မထိခိုက်စေတဲ့အရာမျိုးတွေကိုပဲ လုပ်တတ်ဖို့ သင်ပေးပါ။ အခြားသူများကို ကောင်းတဲ့အပြုအမူတွေ၊ အကြင်နာတရားထားတတ်ဖို့ သင်ပေးပါ။ ကိုယ့်အတွက်ကိုယ်ကြည့်တာထက် ကိုယ်လုပ်လိုက်တဲ့အကျိုးဆက်က အခြားသူများထိခိုက်နိုင်မလား တွေးတာမျိုးပေါ့။
အကြောင်းအရာလေးတွေက တိုပေမယ့် တကယ်တမ်း ကလေးတစ်ယောက်ကို အထက်က အကျင့်ကောင်း ၅ချက်လုံး ရင်ထဲစွဲနေအောင် သင်ပေးထားနိုင်ပြီဆိုရင် ကလေးတစ်ယောက်က လူကြီးကောင်းတစ်ယောက်ဖြစ်လာဖို့ အခြေခံကောင်းတစ်ခုဖြစ်မှာ သေချာပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။