ဂိမ်းစွဲနေတဲ့ကလေးကို ဘယ်လိုလုပ်သင့်သလဲ။
ဒီနေ့ခေတ်မှာ နည်းပညာတိုးတက်လာတဲ့အတွက် ကောင်းကျိုးတွေအများကြီးရှိသလို နည်းပညာရဲ့ဆိုးကျိုးတွေအများကြီးလည်းရှိလာပါတယ်။ ထိုဆိုးကျိုးတွေထဲမှာ ဖုန်းကို အချိန်တိုင်းအသုံးပြုနိုင်ခြင်းနဲ့ ဖုန်းထဲကနေ application ပေါင်းများစွာထည့်သွင်းအသုံးချနိုင်ပြီး ဂိမ်းစွဲလမ်းခြင်းလည်း တခုအပါအဝင်ပါပဲ။ အထူးသဖြင့် အရမ်းငယ်သေးတဲ့ကလေးတွေနဲ့ ကျောင်းသားလူငယ်လေးတွေ ဂိမ်းစွဲလမ်းခြင်းက ဆိုးကျိုးတွေအများကြီးဖြစ်လာပါတယ်။ အရမ်းငယ်သေးတဲ့ကလေးတွေမှာတော့ ဖုန်းစွဲလမ်းခြင်းက ဦးနှောက်ရဲ့ကြီးထွားမှု၊ ဦးနှောက်လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ဖြစ်စေပြီး ဉာဏ်ရည်မမီတဲ့အထိဖြစ်နိုင်ပါတယ်။ ကျောင်းသားလူငယ်တွေမှာတော့ ကျောင်းစာကိုစိတ်မဝင်စားခြင်း၊ အခြားသော activities တွေကို စိတ်မဝင်စားခြင်း၊ နေ့မအိပ်ညမအိပ်ဂိမ်းဆော့ခြင်းကြောင့် ကျန်းမာရေးထိခိုက်ခြင်း၊ ဦးနှောက်လုပ်ဆောင်ချက်တွေပျက်ပြားခြင်းထိဖြစ်နိုင်ပါတယ်။ ကျောင်းနေအရွယ် စာကိုစိတ်မဝင်စားသလို မိဘရဲ့အုပ်ထိန်းမှုကိုလည်း ဂရုမပြု၊ လျစ်လျူရှုတတ်သူတွေဖြစ်လာနိုင်တဲ့အတွက် ထိန်းကျောင်းရခက်လာတတ်ပါတယ်။ အဲဒါကြောင့် ဂိမ်းစွဲနေတဲ့ကလေးကို ဘယ်လိုလုပ်သင့်သလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
အဓိကက စည်းကမ်းနဲ့ဖုန်းကိုပေးဖို့ပါပဲ။ တချို့မိဘတွေက ကျောင်းသားအရွယ် အလယ်တန်းမို့ အခြားသူတွေလည်း သုံးနေတာမို့ ကိုယ့်ကလေးကို အောက်ကျမခံစေလိုတဲ့စိတ်နဲ့ ဖုန်းဝယ်ပေးသုံးတတ်ကြပါတယ်။ တကယ်တော့ ဖုန်းကို အရွယ်မတိုင်မီ ပေးကိုင်စေခြင်းက အခြားသောပြဿနာတွေအများကြီးဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် အထက်တန်းပြီးဆုံးမှသာ ဖုန်းပေးကိုင်သင်တာပါ။ ဒါပေမယ့် ခုလိုအခြေအနေဖြစ်လာပြီဆိုရင်တော့ ကျောင်းမှာ ဖုန်းမပေးလိုက်ဘဲ အိမ်မှာ ဒါမှမဟုတ် ကျူရှင်ပြီးချိန်မှာ စာလုပ်ပြီးမှ ဘယ်နှစ်နာရီပေးသုံးမယ်ဆိုတာမျိုး စည်းကမ်းသတ်မှတ်လိုက်သင့်ပါတယ်။ ချက်ချင်းဖုန်းကိုပေးသုံးခိုင်းတာမျိုးထက် ကျောင်းသားအရွယ်မို့ စာ ၊ အိမ်စာ စသဖြင့် လုပ်စရာရှိတာလုပ်ခိုင်းပြီးမှ စာဆိုလည်း ရသင့်တာရပြီဆိုမှ ဖုန်းကို ပေးသုံးခိုင်းပါ။ အချိန်သတ်မှတ်ပေးထားပြီး ထိုအချိန်အတွင်း သုံးရန်၊ အချိန်ပြည့်တာနဲ့ မိဘက ချက်ချင်းပြန်သိမ်းပါ။
၂) ဖုန်းကို password ခံထားပါ။
ဖုန်းကို မိဘတွေသာသိတဲ့ password ခံထားပါ။ အဲဒါမှ မိဘမရှိတဲ့အချိန်မျိုး၊ မိဘမကြည့်နိုင်တဲ့အချိန်မှာတောင် ကလေးက ဖုန်းကို ကိုင်သုံးနိုင်တော့မှာ မဟုတ်ပါဘူး။ ဖုန်းကိုချထားရင်တောင် ကိုင်ကြည့်ပြီး ဘာမှလုပ်နိုင်မှာ မဟုတ်လို့ ကိုယ်မရှိချိန်၊ ကိုယ်သတိမထားမိချိန် ဂိမ်းဆော့ဖို့ ပူစရာမလိုတော့ပါဘူး။ ပတ်စဝေါ့ကိုတော့ ကလေးကို လုံးဝအသိမခံပါနဲ့။ သုံးရမယ့်အချိန်ရောက်ရင် ကိုယ်က ဖွင့်ပေးလိုက်ပါ။ တပတ်တခါဖြစ်ဖြစ် နှစ်ပတ်တစ်ခါဖြစ်ဖြစ် ပတ်စဝေါ့ကိုချိန်းထားလိုက်ပါ။
၃) စာဖတ်ခိုင်းပါ။
ဒီကမိဘတော်တော်များများက သူတို့ကိုယ်တိုင်တောင် စာဖတ်တဲ့လူရှားပါတယ်။(ဖတ်တဲ့သူလည်း ရှိပါတယ်) မိဘစာဖတ်ခြင်းရဲ့အားသာချက်က သားသမီးတွေကိုပါ စာဖတ်ဖို့ ငယ်စဉ်ကတည်းက သိမ်းသွင်းနိုင်ပါတယ်။ ကလေးအရွယ်မှာကတည်းက ကလေးကစာအုပ်တွေ မရွေးချယ်တတ်ခင်၊ မိဘက ဖတ်သင့်တဲ့စာတွေကို ကလေးကို ပုံပြင်ပုံစံ စတင်ပြီးပြောပြထားလို့ရပါတယ်။ အဲဒီလိုပြောပြထားတတ်တဲ့မိဘရဲ့ကလေးတွေက အရွယ်ရောက်လာတဲ့အခါ သူတို့ကိုယ်တိုင် စာအုပ်မြင်တာနဲ့စာဖတ်ချင်စိတ်ဖြစ်ပေါ်နေတတ်လို့ စာမဖတ်မှာကြောက်စရာမလိုတော့ပါဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ လေ့လာချက်အရ စာဖတ်ကျင့်ရှိတဲ့ကလေးက ဂိမ်းကိုအာရုံနည်းပါတယ်။ ဂိမ်းကိုစွဲလမ်းစရှိသွားတဲ့ကလေးကိုလည်း စောစီးစွာဂိမ်းအကျင့်ကို ဖျောက်မပေးရင် စာဖတ်ဖို့လုံးဝပြန်လည် ဆွဲခေါ်လို့မရဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ဂိမ်းစွဲနေတဲ့ကလေးကို ဂိမ်းကိုချက်ချင်းမဖြတ်ခိုင်းဘဲ စာဖတ်ခိုင်းမယ်၊ စာဖတ်ပြီး စာထဲကအကြောင်းအရာကို ဆွေးနွေးနိုင်မှ ဂိမ်းကို တစ်နာရီပြန်ပေးဆော့မယ်….ဆိုတာမျိုးနဲ့ ဂိမ်းကို ဖြေးဖြေးချင်းဖြတ်မှဖြစ်ပါမယ်။ ဂိမ်းအလွန်အကျွံ့ဆော့နေတယ်ဆိုရင် ဖတ်သင့်တဲ့စာအုပ်တစ်အုပ်ကို ကလေးကိုဖတ်ခိုင်းလိုက်ပါ။ ကလေးဖတ်တဲ့စာအုပ်ကို ကလေးနဲ့မိဘ ဆွေးနွေးပါ။ ဒီစာအုပ်ထဲက ဇာတ်ကောင်ကို ဘယ်လိုထင်သလဲဆိုတာမျိုး ဒါမှမဟုတ် ဒီဇာတ်လမ်းဖတ်ပြီး ဘာကိုတွေးမိသလဲလို့၊ ဒီဇာတ်လမ်းဖတ်ပြီး ဘာခံစားရသလဲတို့ပေါ့။(ဖတ်ပြီးတဲ့အခါ မိဘနဲ့အပြန်အလှန်ဆွေးနွေးဖို့ မိဘကိုယ်တိုင်က စာဖတ်မှဖြစ်ပါလိမ့်မယ်။)
၄) အပေးအယူလုပ်ပါ။
အထက်ကပြောသလို ကျောင်းစာဆိုရင် “ဘယ်အခန်းဘယ်သင်ခန်းစာကို ရမှ ဂိမ်းတစ်နာရီပေးဆော့မယ်” ဆိုတာမျိုးနဲ့ ကျောင်းစာဘက်ကို လုပ်ခိုင်းပါ။ အပြင်စာကိုလည်း ဖတ်ခိုင်းမှ စာဖတ်တဲ့အကျင့်ဖြစ်လာတဲ့အခါ ဂိမ်းချိန်တဖြေးဖြေးလျှော့လာမှာဖြစ်ပါတယ်။ အဲဒါကြောင့် အပြင်စာဖတ်ပြီး ဆွေးနွေးနိုင်ရင် ဂိမ်းတစ်နာရီပေးဆော့မယ်ဆိုတာမျိုးလုပ်လို့ရပါတယ်။ စာဖတ်ပြီးဆွေးနွေးခိုင်းတာမျိုးနဲ့ ကျောင်းစာဖတ်ပြီး ကျောင်းစာကို မိဘကိုယ်တိုင်က ကလေးသေချာရမရ စစ်ပါ။ မဟုတ်ရင် ဂိမ်းဆော့ချင်စိတ်နဲ့သာ ကျောင်းစာကို ဟန်ပြလုပ်နေတာမျိုးဖြစ်နိုင်တာကြောင့် အပေးအယူလုပ်ထားတဲ့သင်ခန်းစာကို တကယ်ရမရ မိဘကိုယ်တိုင်က ကြပ်မတ်ပါ။ စာဖတ်ပြီးဆွေးနွေးခိုင်းတဲ့အခါမှာလည်း မိဘကိုယ်တိုင်က အပေါ်ယံပုံစံဆွေးနွေးတာမျိုးမဖြစ်ပါစေနဲ့။ အဲဒါဆို မကြာခင် ဂိမ်းပြန်ဆော့တဲ့အကျင့်ပြန်စွဲသွားပါလိမ့်မယ်။ ဖတ်ခိုင်းထားတဲ့စာအုပ်ကို မိဘကိုယ်တိုင်က အလေးအနက်ထားပြီး ကလေးနားလည်လောက်တဲ့စကားမျိုးနဲ့ဆွေးနွေးပါ။ ဂိမ်းဆော့ချင်စိတ်နဲ့ အပေါ်ယံဖတ်ချင်ယောင်ဆောင်နေတာမျိုးမဖြစ်ရအောင် မိဘကိုယ်တိုင်နဲ့ဆွေးနွေးစေတာဖြစ်ပါတယ်။
၅) ပြင်ပ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ မိဘက ဦးဆောင်ပါ။
အားလပ်ရက်လိုမျိုး၊ ဒါမှမဟုတ် အားလပ်ချိန်လိုမျိုးမှာ ပန်းခြံ သို့မဟုတ် ကန်ဘောင် သို့မဟုတ် ပြင်ပပတ်ဝန်းကျင်မှာ ကိုယ်လက်လှုပ်ရှားမှုလုပ်ခိုင်းပါ။ ကလေးကို “သွား….လေ့ကျင့်ခန်းလုပ်” လို့ခိုင်းတာက မထိရောက်ပါဘူးနော်။ အဲဒီလိုခိုင်းရင် ကလေးက သူ့လိုဂိမ်းအတူဆော့နေကျသူငယ်ချင်းဆီသာ သွားပြီး ဂိမ်းဆော့နေဖို့များပါတယ်။ သင်ကိုယ်တိုင်က “လာဟေ့ …..ဒီတပတ်ဆန်းဒေး မနက်စောစော ကန်ဘောင်မှာ လမ်းလျှောက်ကြမယ်” လို့ ဦးဆောင်သင့်ပါတယ်။ သင်ကိုယ်တိုင်ပါဝင်လှုပ်ရှားပါ။ ကလေးကို ပျော်ရွှင်စေပါ။ အဲဒါမှ ကလေးက နောက်ထပ်သင်အဲဒီလိုခေါ်ရင် လိုက်ပါချင်မှာဖြစ်ပါတယ်။ ကလေးရဲ့သူငယ်ချင်းတွေကိုပါ အတူအဖော်ခေါ်သွားစေပြီး ပန်းခြံထဲ ဆော့ကစားတာ၊ ဘောလုံးကန်တာမျိုးတွေလုပ်ပါစေ။
၆) အိမ်မှုကိစ္စအသေးအဖွဲလေးတွေ ခိုင်းပါ။
နောက်ထပ်ပြဿနာတစ်ခုက လူငယ်လေးတွေက ကျောင်းနဲ့အိမ် ၊ အိမ်နဲ့ကျူရှင်ချိန်ပြီးတာနဲ့ မိဘက သားသမီးကို သိပ်သတိမထားမိတာပါပဲ။ ကျူရှင်ချိန်ပြီးတာနဲ့မိဘက အိမ်ထိရောက်အောင် သွားကြိုပေးပါ။ အိမ်ရောက်ရင် စာလုပ်စရာပါရင်လုပ်ခိုင်းပြီး ကျန်တဲ့အားလပ်ချိန် ဥပမာ တီဗွီကြည့်တာ၊ ရုပ်ရှင်ကြည့်တာမျိုးလုပ်တာ ကိစ္စမရှိပေမယ့် ဘာမှလုပ်စရာမရှိတဲ့အခါ ယောကျာ်းလေးလူငယ်က အပြင်ထွက်ဖို့လမ်းစရှာတတ်ပါတယ်။ ဥပမာ။ သူငယ်ချင်းအိမ်သွားမယ်ဆိုတာမျိုး ၊ ဂိမ်းဆိုင်သွားမယ်ဆိုတာမျိုးပါ။ ဂိမ်းစွဲနေတဲ့ကလေးကို အဲဒီလို အားလပ်ချိန်မပေးပါနဲ့။ ဂိမ်းသမားက အားလပ်ချိန်ရသွားတာနဲ့ ဂိမ်းဆော့ဖို့လောက်သာ အာရုံရှိတတ်ပါတယ်။ အဲဒါကြောင့် ရုပ်ရှင်ကြည့်၊ တီဗွီကြည့်၊ စာဖတ်တာမျိုး ပြီးသွားလို့ အားသွားတာနဲ့ အိမ်ရဲ့ကိစ္စအသေးအဖွဲလေးတွေကို ကလေးကို အရေးတယူလုပ်ပြီးခိုင်းပါ။ ကလေးရဲ့အကြံတောင်းပါ။ ဥပမာ။ တံမြက်စည်းလှည်းခိုင်းတာ၊ အိပ်ရာခင်းအသစ်လဲခိုင်းတာ၊ လိုက်ကာပြန်တပ်ခိုင်းတာ၊ ဖုန်သုတ်ခိုင်းတာ၊ ကြက်သွန်နွှာခိုင်းတာမျိုးတွေလုပ်ပါ။
၇) ပြင်းထန်စွာအပြစ်ပေးပါ။
ကလေးက ကိုယ်သတ်မှတ်ထားတဲ့ စည်းကမ်းကိုမလိုက်နာတဲ့အခါ ပြင်းထန်စွာအပြစ်ပေးမယ့်အကြောင်း ကြိုတင်သတိပေးပြောပြထားပါ။ ပြောပြထားရက်နဲ့ မလိုက်နာတာမျိုးကြုံတဲ့အခါ ပြင်းထန်စွာအပြစ်ပေးပါ။ အဲဒါမှ နောင်စည်းကမ်း မဖောက်ဖျက်ဖို့ မှတ်သားသွားမှာဖြစ်ပါတယ်။ တခါလွှတ်ပေးလိုက်တဲ့အခါ နောက်အခါခါ ဂိမ်းကိုခိုးဆော့တာမျိုး၊ ဖုန်းကိုတိတ်တိတ်လေးယူသုံးတာမျိုးထပ်လုပ်နေရင် သင်သတ်မှတ်ထားတဲ့စည်းကမ်းက အလကားဖြစ်မှာဖြစ်သလို၊ သင့်ကလေးလည်း ဂိမ်းစွဲလမ်းတဲ့အကျင့်ပျောက်မှာမဟုတ်တော့ပါဘူး။
အထက်ကအချက်တွေအပြင် အထူးသဖြင့် ဂိမ်းစွဲနေတတ်တဲ့ကလေးတွေရဲ့မိဘတွေမှာ အားနည်းချက်ရှိပါတယ်။ အဓိကက မိဘရဲ့အားနည်းချက်ကြောင့်ပါ။ မိဘက ကလေးကို အဖက်မလုပ်နိုင်ခြင်း ၊ ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေပြီး ကလေးကို ဖက်လှဲတကင်းမရှိခြင်း၊ ပေးသင့်မပေးသင့်မစဉ်းစားဘဲ ရွယ်တူချင်းဖုန်းကိုင်တာနဲ့ အားကျမခံ ကိုယ့်ကလေးကို ဖုန်းဝယ်ပေးတတ်ခြင်း၊ မိဘကိုယ်တိုင်က စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးကို နားမလည်ခြင်း၊ မိဘတွေကိုယ်တိုင်က စာမဖတ်ခြင်း၊ စတာတွေကြောင့် ကလေးတွေက သူတို့အားလပ်ချိန်မှာ ဖုန်းကို အပျင်းပြေဖို့အသုံးချရာကနေ ဖုန်းက ပြန်ပြီးအသုံးချတာကို ခံသွားကြရတာဖြစ်ပါတယ်။ အဲဒါကြောင့် ကလေးတွေဂိမ်းစွဲခြင်းမစွဲခြင်းကလည်း မိဘတွေနဲ့အများကြီးသက်ဆိုင်မှုရှိပါတယ်။ ကိုယ့်ကလေးက ဂိမ်းအလွန်အကျွံ့ဆော့နေပြီဆိုရင်လည်း သတိလေးထားပြီး အထက်ကအချက်လေးတွေလုပ်ကြည့်ပါလို့ အကြံပေးလိုက်ပါတယ်။