ဘဝနဲ့ပတ်သက်ပြီးနောင်တချိန်နောင်တရနေမိမယ့်အချက်များ

အချိန်တန်လူတိုင်းဘဝရဲ့နေဝင်ချိန်ကိုရောက်ကြရမှာပါပဲ။ ဒါပေမယ့် ဘဝမှာ ဘာမှမလုပ်နိုင်တဲ့အချိန်ကျမှ ကိုယ်မလုပ်ခဲ့ရလေးခြင်းလို့ နောင်တရနေမယ့်အစား အချိန်ရှိတုန်း လုပ်နိုင်မယ့်ခွန်အားရှိတုန်းလေးမှာ ကိုယ်လုပ်ချင်တာတွေ၊ လုပ်သင့်တာတွေကို လုပ်သွားနိုင်ဖို့အတွက် ဒီဆောင်းပါးလေးကိုဖော်ပြပေးလိုက်ပါတယ်။ ဘဝကိုအလိုက်သင့်မျောပါနေမိတယ်လို့ ခံစားနေရရင် ဒီဆောင်းပါးထဲက တချို့အချက်တွေကို ဖတ်ကြည့်ရင်း ကိုယ့်ကိုကိုယ်လှုပ်နိုးလိုက်ပါအုံးနော်။


၁) အချိန်ကို အကျိုးရှိအောင် မသုံးမချခဲ့ခြင်း
အသက်ကြီးလာချိန် ၊ ခွန်အားမရှိတဲ့အချိန်ကျမှ အရင်ဆုံးနောင်တရနေမိမှာကတော့ ငယ်တုန်းကအချိန်တွေကို အကျိုးရှိရှိ အသုံးမချခဲ့မိခြင်းပါပဲ။ ငယ်တုန်းမှာ ကိုယ့်ကိုကိုယ်ခိုင်းထားမှ အသက်ကြီးလာချိန်မှာ သူများကို ပြန်ခိုင်းနိုင်မှာဖြစ်ပါတယ်။ ငယ်တုန်းအရွယ်၊ သန်စွမ်းနေတုန်းမှာ အားအားယားယားနဲ့မိဘရှာသမျှ အေးဆေးထိုင်သုံးပြီး အပေါင်းအသင်းတွေကြားထဲ သူဌေးလိုနေခဲ့ခြင်းက ကိုယ့်ကိုထောက်ပံ့မယ့်မိဘမရှိတော့တဲ့အချိန်၊ ကိုယ်လည်း ဘာကိုမှ ထိရောက်အောင်မလုပ်တတ်မကိုင်တတ်၊ ပညာလည်း ထိရောက်အောင်မသင်ထားခဲ့ရင် နောင်တရစရာတွေတသီကြီးပေါ်လာပါလိမ့်မယ်။ အဲဒါကြောင့် ကိုယ်ရောက်ရှိနေတဲ့အသက်အရွယ်မှာ အချိန်တွေကို အကျိုးရှိရှိအသုံးချသင့်ပါတယ်။ ကိုယ်မသန်စွမ်းတဲ့အချိန်ကျမှ နောင်တရပြီး လုပ်ချင်ကိုင်ချင်စိတ်ရှိနေပေမယ့် လူကလိုက်နိုင်မှာမဟုတ်တော့ပါဘူး။ စိတ်ပဲရှိပြီး ခန္ဓာကိုယ်ကမလိုက်နိုင်တဲ့အခါမျိုးကျမှ စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်ရမယ်ဆိုရင် သူများထက်လည်း နှစ်ဆပင်ပန်းပြီး ထိရောက်တဲ့အကျိုးကျေးဇူးလည်း ခံစားရမှာမဟုတ်ပါဘူး။

၂) ဖြစ်ချင်တာတွေကို ထိရောက်စွာမကြိုးစားခဲ့ခြင်း
ကိုယ်ဖြစ်ချင်တာတွေအတွက် အချိန်တစ်ခုကိုစောင့်နေပြီး ဘယ်နေ့လုပ်မယ်၊ ဘယ်တော့လုပ်မယ်လို့ အချိန်ရွေ့ရင်းနဲ့ အခြားသောကိစ္စတွေနဲ့သာအချိန်ကုန်သွားတတ်ပါတယ်။ များသောအားဖြင့်ကတော့ ကိုယ်ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေပဲဦးစားပေးနေရတတ်ပါတယ်။ ဒါပေမယ့်လည်း ဖြစ်သင့်တာတွေလုပ်နေရင်းနဲ့ပဲ အချိန်ရှိတုန်း ကိုယ်စွမ်းဉာဏ်စွမ်းရှိတုန်းမှာ ဖြစ်ချင်တာတွေကိုလည်း တဖက်ကနေ တွဲလုပ်သွားသင့်ပါတယ်။ အချိန်တစ်ခုရောက်လာတဲ့အခါမှာတော့ အတိုင်းအတာတစ်ခုထိတော့ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် လူတချို့က အချိန်မရှိဘူးအကြောင်းပြရင်း ဖြစ်သင့်တာတွေပဲဦးစားပေးရင်း ကိုယ်ဖြစ်ချင်တာတွေကို နောက်ပို့ထားတတ်ကြပါတယ်။ အသက်အရွယ်ရလာလို့ ကိုယ်ဖြစ်ချင်တာတွေမလုပ်ခဲ့ရတာကို ဖြစ်ချင်တာတွေဖြစ်အောင်လုပ်ခဲ့သူတွေကိုကြည့်ရင်း နောင်တရနေတတ်ပါတယ်။

၃) မိဘကိုအချိန်မပေးခဲ့ခြင်း
ကိုယ့်ရဲ့ငယ်ဘဝကနေ လူလတ်ပိုင်းရောက်တဲ့အထိ ကိုယ့်ဘဝတစ်ခုလုံးကို အချိန်အများဆုံးပေးခဲ့တာ ကိုယ့်ရဲ့မိဘတွေပဲဖြစ်ပါတယ်။ တချို့သားသမီးတွေဆိုရင် လူကြီးပိုင်းရောက်တဲ့အချိန်ထိကို မိဘက ဘေးကနေအတူဖေးမကူညီနေရတာတွေတောင်ရှိပါတယ်။ ကိုယ့်အတွက် ဘဝတစ်ခုလုံးရင်းပြီး ဘဝရဲ့အချိန်တော်တော်များများကို ကိုယ့်အတွက်ကုန်ဆုံးပေးထားတဲ့မိဘကို သူတို့ရဲ့နေဝင်ချိန်ရောက်တဲ့အခါမှာတော့ သေချာဂရုတစိုက်နဲ့ပြန်လည်ဖေးမသင့်ပါတယ်။ တချို့သားသမီးတော်တော်များများက ထိုအချိန်မှာ ကိုယ့်မိသားစုအရေး၊ စားဝတ်နေရေးနဲ့တင် လုံးချာလည်လိုက်နေတာမို့ မိဘကို လုံးဝဂရုမစိုက်ဖြစ်ကြပါဘူး။ ဂရုစိုက်နိုင်ရင်တောင် ကိုယ်ငယ်စဉ်ကမိဘတွေပြုစုယုယခဲ့သလိုမျိုး ပြုစုယုယရကောင်းမှန်းမသိဘဲ ဖြစ်သလို ဂရုစိုက်တတ်ကြပါတယ်။ တကယ်တော့ မိဘများရဲ့ဘဝနေဝင်ချိန်မှာ မိဘတွေက ကလေးတစ်ယောက်လိုပြန်လည်ပြုစုပေးရတော့မှာဖြစ်ပါတယ်။ ကလေးတစ်ယောက်လို အစားအသောက်ကအစ၊အသွားအလာ၊ အနေအထိုင်ကအစ ကလေးငယ်တစ်ယောက်လို သေချာဂရုစိုက်ဖို့၊ သူတို့ပြောချင်တဲ့စကားလေးတွေကို အခါခါ ထပ်ထပ်ပြောနေပေမယ့် မပြောဖူးတဲ့စကားတွေ၊ နားမထောင်ဖူးတဲ့စကားတွေကို ကြားနေရသလိုမျိုး ဟန်လုပ်ရင်း ကလေးတစ်ယောက်လိုမျိုး ပြန်ပြောပေး၊ အားပေး၊ ရယ်စရာတွေပြောရင်း ဂရုစိုက်ပေးသင့်ပါတယ်။ မိဘများကွယ်လွန်သွားချိန်ကျမှ ထိုကဲ့သို့ ပြုစုစောင့်ရှောက်ပေးချင်လို့မရနိုင်တော့ပါဘူး။ မိဘရှိတုန်းလေး ထိုအချိန်ကို သတိထားပြီးပြုစုစောင့်ရှောက်ပေးသင့်ပါတယ်။

၄) အလုပ်တစ်ခုခု (သို့) အတတ်ပညာတစ်ခုခုကို ထိရောက်စွာမသင်ကြားခဲ့ခြင်း
ဘယ်နေရာမှာမဆို အတတ်ပညာတစ်ခုခုကို ဆရာကျအောင် ထိရောက်စွာသင်ယူခဲ့ခြင်းက ကိုယ့်ဘဝရဲ့ခွန်အားမရှိတော့တဲ့အချိန်မှာ အေးဆေးသက်သာစွာနဲ့ငွေရှာရလွယ်စေပါတယ်။ အဲလိုမှမဟုတ်ရင်လည်း ပညာတတ်မြောက်အောင် သေချာသင်ယူပြီး အလုပ်နေရာတစ်ခုခုမှာ ဆရာနေရာရောက်နေအောင် ထိရောက်စွာကြိုးစားသင့်ပါတယ်။ အဲလိုမှမဟုတ်ရင်တော့ အတတ်ပညာလည်းမတတ်မြောက်၊ ပညာလည်း ထိရောက်အောင်မသင်ယူထားဘဲ အချိန်တန်လို့ ဘဝရဲ့နေဝင်ချိန်မှာ ခွန်အားလည်းမရှိချိန်မှာ ကိုယ်အတွက်ပဲ နောင်တရစရာဖြစ်လာတတ်ပါတယ်။ ထိုအချိန်ကျမှ အချိန်ကိုနောက်ပြန်လှည့်လို့မရနိုင်တော့လို့ ခုချိန်မှာကတည်းက ဒီဆောင်းပါးဖတ်ပြီး သင်ယူသင့်တာသင်ယူထားသင့်ပါတယ်။

၅) ကိုယ့်ကိုချစ်တဲ့သူတွေကိုတန်ဖိုးမထားခဲ့ခြင်း
လူဆိုတာမျိုးက အချစ်ခံရတဲ့အခါ ချစ်နေတဲ့သူကို အနိုင်ကျင့်တတ်ကြပါတယ်။ ကိုယ့်အနားမှာနေပြီး ကိုယ့်ကိုချစ်ခင်အလိုလိုက်၊ ပေးဆပ်နေတတ်တဲ့သူမျိုးကိုတော့ နီးကပ်လွန်းနေတော့ မမြင်တတ်ကြပါဘူး။ အဝေးကမရနိုင်တဲ့အချစ်မျိုးကိုသာ မျှော်လင့်တမ်းတနေရင်း လွမ်းဆွတ်နေတတ်ကြပါတယ်။ တနည်းအားဖြင့်တော့ တန်ဖိုးရှိတဲ့အချစ်ကိုတော့ လက်ထဲရောက်နေပေမယ့် တန်ဖိုးမထားတတ်ကြတာပေါ့။ လူတွေရဲ့သဘောကိုက လွမ်းဆွေးနေရတာကို ပိုပြီး စွဲလမ်းတတ်တဲ့သဘောပါ။ အဲဒီ့တော့ လွမ်းဆွေးစရာမလိုဘဲ အနားမှာတင်ကိုယ့်ကိုချစ်ခင်တန်ဖိုးထားတတ်တဲ့သူကို မမြင်ဘဲ အဝေးကမရနိုင်တော့တဲ့သူမျိုးကိုသာ တမ်းတရင်း လွမ်းဆွေးတဲ့ခံစားချက်နောက်ကိုလိုက်နေတတ်ကြပါတယ်။ အဲဒီ့မှာပဲ ကိုယ်လိုချင်တာလဲမရ၊ ကိုယ့်ကိုတကယ်ချစ်ခင်တန်ဖိုးထားတဲ့သူကိုလည်း မမြင်နဲ့ဖြစ်တတ်ကြပါတယ်။ တကယ်တော့ သင့်ပတ်ဝန်းကျင်မှာ သင့်ကို ၁၅၀၀ချစ်ခြင်းနဲ့မှမဟုတ်ပါဘူး။ ၅၂၈ချစ်ခြင်းနဲ့ချစ်ခင်တတ်သူတွေကိုလည်း တန်ဖိုးထားသင့်ပါတယ်။ ထိုသူတွေက သင့်ကိုချစ်ခင်ပေးနေတဲ့အတွက်နဲ့တင် ပျော်စရာကောင်းနေပါပြီ ။ အတ္တကြီးလှတဲ့လူတွေရဲ့သဘော၊ လူ့လောကမှာ ကိုယ့်ကိုသူတို့ရဲ့ချစ်ခြင်းတွေနဲ့ချစ်ခင်ပေးနေတာနဲ့တင် ပျော်စရာကောင်းနေပါပြီ။ ၁၅၀၀ နဲ့ဖြစ်ဖြစ်၊ ၅၂၈နဲ့ပဲဖြစ်ဖြစ် ဘယ်လိုချစ်ခြင်းမျိုးမဆို ကိုယ်မရနိုင်တာကို တမ်းတငေးငိုင်နေခြင်းက ဘဝအချိန်တွေအလကားကုန်ပါတယ်။ ရထားတာနဲ့ပျော်ရွှင်ကြည့်ပါ။ ကိုယ့်ကိုချစ်ခင်ပေးသူတွေကို အချိန်ရှိတုန်း အပြန်အလှန်တန်ဖိုးထားလိုက်ပါ။ အချိန်တွေကုန်ရကျိုးနပ်ပါစေ။ ဒါမှ နောင်တစ်ချိန်နောင်တမရနိုင်မှာဖြစ်ပါတယ်။

၆) သားသမီးတွေကိုသေချာမပြုစုမပျိုးထောင်ခဲ့ခြင်း
ဒီတစ်ချက်ကတော့ ကိုယ့်ဘဝရဲ့နေဝင်ချိန်မှာ အကြီးအကျယ်နောင်တရနေမိမယ့်အချက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ငယ်သေးလို့နားမလည်ပါဘူး…..ဆိုပြီး ကလေးတစ်ယောက်ရဲ့ရိုင်းပြတဲ့အပြုအမူ၊ ရိုင်းပြတဲ့အပြောအဆိုမျိုးကို ချစ်ခင်စိတ်နဲ့လွှတ်ထားခဲ့သမျှ အချိန်တန်လို့ကလေးကနေလူကြီးဖြစ်လာတဲ့အခါ သင်မပြုပြင်ခဲ့တဲ့အမှားတွေက သင့်ကိုပဲ အရင်ဆုံးအကျိုးပေးမှာပါ။ ငယ်စဉ်က ရယ်စရာ၊ လည်လိုက်တာလို့သတ်မှတ်ခဲ့တဲ့အမှားတွေက သင့်ကိုသင့်ကလေးက ထိုရိုင်းပြတဲ့အပြုအမူနဲ့အရင်ဆုံးဆက်ဆံခြင်းကို သင်ခံရပါလိမ့်မယ်။ ပြီးမှ မိသားစုဝင်တွေ၊ ပတ်ဝန်းကျင်အသိုင်းအဝန်းတွေကို သင်မပြုပြင်ပေးခဲ့တဲ့အမှားတွေနဲ့ ဆက်ဆံမှာဖြစ်ပါတယ်။ ကြီးလာရင်နားလည်ပါလိမ့်မယ်…..လို့ သင်ထင်ထားပြီး အမှန်မပြင်ပေးခဲ့သမျှတွေက သင့်ဘဝနေဝင်ချိန်မှာ သင့်ကိုမသိတတ်ခြင်း၊ နားမလည်ခြင်း၊ ရိုင်းစိုင်းခြင်းတွေနဲ့သာပြန်ပြီးတုံ့ပြန်ခံရဖို့များပါတယ်။ ဥပမာ။ သင့်ကလေးပူဆာသမျှ လွယ်လွယ်အလိုလိုက်ခဲ့ခြင်းက အချိန်တန်သင်ငွေမရှာနိုင်တော့ချိန်မှာမှ သင်နားလည်လာပါလိမ့်မယ်။ သင့်ကလေးအခြားသူကိုရိုင်းစိုင်းစွာတုံ့ပြန်တာကို သင်အမှန်မပြင်ပေးခဲ့သမျှ သင့်ကလေးကသင့်ကိုထိုအပြုအမူအတိုင်းတုံ့ပြန်လာမှ သင်နားလည်လာပါလိ့မ်မယ်။ သင့်ကလေးကိုပညာလိုလားအောင် မဆုံးမနိုင်ခဲ့သမျှ သင်ခေါင်းချမယ့်အချိန်မှာမှ စိတ်ပူတတ်လာပါလိမ့်မယ်။ သင့်ကလေးကို ကိုယ်ကျင့်တရားရဲ့တန်ဖိုးကိုနားလည်အောင်မသွန်သင်ခဲ့မိသမျှကို သင့်ကလေးလူဆိုးလူမိုက်ကြီးအဖြစ် အားလုံးကဝိုင်းသတ်မှတ်ကြတဲ့အခါကျမှ သင်နောင်တရလာပါလိမ့်မယ်။ အဲဒါကြောင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိတုန်း အချိန်ရှိတုန်း ငွေကိုလိုအပ်သလောက်ရှာဖွေနေရင်းနဲ့လည်း သားသမီးလေးတွေကို လူတော်ဖြစ်ဖို့ထက် လူကောင်းဖြစ်အောင် သွန်သင်ဆုံးမတတ်ဖို့ကလည်း လူတစ်ယောက်ရဲ့ဘဝမှာအရေးကြီးပါတယ်။ ထိုအကျိုးရလဒ်က ကိုယ့်ဘဝနေမဝင်ခင်မှာ ကိုယ်တန်ပြန်ခံစားသွားရမှာမလွဲပါပဲ။
အထက်ကအချက်တွေကတော့ သင့်ဘဝမှာ အမှန်တကယ် နောင်တရမိနေမယ့်အချက်တွေပဲဖြစ်ပါတယ်။ သင်က မိဘမဖြစ်သေးလို့ နံပါတ် ၆အချက်က သင်နဲ့မဆိုင်သေးဘူးဆိုရင် ကျန်တဲ့အချက်တွေအတွက် သင့်ကိုသင်ပြန်သုံးသပ်ပြီး ပြန်ဆင်ခြင်သင့်ပါတယ်။ ထိုအချက်တွေကနေမှတဆင့် နောက်ဆုံးအချက်ဖြစ်တဲ့သားသမီးတွေကိုပြုစုပျိုးထောင်ခြင်းကိုလည်း နောင်တစ်ချိန်အတွက် ကြိုတင်ပြင်ဆင်ပြီး သင်ခန်းစာယူသင့်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။