ဘဝနဲ့ပတ်သက်ပြီး သင်ခန်းစာရစေမယ့် ဇာတ်လမ်းတိုများ
ဘဝနဲ့ပတ်သက်ပြီး သင်ခန်းစာရစေမယ့် ဇာတ်လမ်းတိုများ
၁) သင်ပြောမယ့်စကားတိုင်းကို သတိထားပါ။ တစ်ခါတုန်းက အဖိုးအိုတစ်ယောက်ရဲ့အိမ်နားက အိမ်နီးချင်းဟာ သူခိုးတစ်ယောက်ဖြစ်တယ်ဆိုတဲ့ ကောလဟာလတွေထွက်နေပါတယ်။ အဲဒါကြောင့် သူခိုးအဖြစ်သံသယအဖြစ်ခံရတဲ့ အိမ်နီးချင်းဟာ အဖမ်းခံရပါတယ်။ ရက်အနည်းငယ်ကြာပြီးတဲ့နောက်မှာ သူခိုးအဖြစ်အစွပ်စွဲခံရတဲ့အိမ်နီးချင်းက အပြစ်မရှိကြောင်း သက်သေပြနိုင်ခဲ့ပြီး ပြန်လွှတ်မြောက်လာခဲ့ပါတယ်။ သူခိုးအဖြစ်စွပ်စွဲခံရတဲ့ အိမ်နီးချင်းက သူအရှက်ရခဲ့တဲ့အတွက် အဖိုးအိုကို တရားစွဲလိုက်ပါတယ်။ တရားရုံးမှာ အဖိုးအိုက ပြောပါတယ်။ “ဒီတိုင်းအထင်လေးပေးလိုက်တာက အခြားသူတစ်ယောက်ယောက်ကို ဘာများထိခိုက်စေလို့လဲ” တရားသူကြီးက အဖိုးအိုကိုပြောလိုက်ပါတယ်။ “ဟုတ်ပြီ….အဲဒါဆိုရင် သင်စွပ်စွဲခဲ့တဲ့အိမ်နီးချင်းကို ပြောချင်သမျှ စကားတွေကို စာရွက်ပေါ်မှာ ချရေးလိုက်ပါ။ အိမ်ကိုပြန်တဲ့လမ်းမှာ အဲဒီ့စာရွက်တွေကို ကတ်ကြေးနဲ့ညှပ်ပစ်လိုက်ပါ။ မနက်ဖြန်ကို အဖြေကြားနာဖို့ တရားရုံးကိုပြန်လာခဲ့ပါ” လို့ အမိန့်ပေးလိုက်ပါတယ်။ နောက်တစ်နေ့မှာ တရားသူကြီးက အဖိုးအိုကိုမေးပါတယ် “ ကဲ….အဖြေကို မကြားနာခင် မနေ့က သင်ကတ်ကြေးနဲ့ ညှပ်ထားတဲ့စာရွက်တွေကို အကုန်လုံတစုတစည်းထဲရအောင် လိုက်ကောက်လာခဲ့” အဖိုးအိုက ပြောလိုက်ပါတယ် “ ဘယ်လိုလုပ်ရပါ့မလဲ၊ လေတိုက်တိုင်း စာရွက်အပိုင်းအစတွေက အကုန်လွှင့်ကုန်တာ၊ ဘယ်နေရာမှာ လိုက်ရှာရမှန်းတောင် သိမှာမဟုတ်ဘူး” တရားသူကြီးက “ ဟုတ်တယ်…..အဲဒီ့အတိုင်းပဲ။ လူတစ်ယောက်ရဲ့ရိုးသားမှုကိုလည်း သင့်ရဲ့ဘာမှမတွေးဘဲ သမရိုးကျပြောလိုက်တဲ့စကားတွေက ဖျက်ဆီးပစ်လိုက်နိုင်တယ်။ လေထဲလွှင့်သွားတဲ့ စက္ကူစတွေလိုပဲ၊ အကောင်အထည်မပြနိုင်ပေမယ့် သူ့ရဲ့ကိုယ့်ကျင့်သိက္ခာကို ပြန်ပြီး ဆောက်တည်လို့မရနိုင်ဘူး။ သူ့ဘဝမှာ သူမလုပ်ဘဲနဲ့ အမည်းစက်ကြီးတစ်ခုလို လူတွေကမြင်ကြတော့မယ်၊ ဘယ်တော့မှ အကောင်းအတိုင်းပြန်မဖြစ်နိုင်တော့ဘူး” လို့ ပြောလိုက်ပါတယ်။ အဲဒီ့အခါကျမှ အဖိုးအိုက သူမှားသွားကြောင်း၊ တောင်းပန်ခဲ့ပါတော့တယ်။ ကျွန်တော်တို့ရဲ့လက်တွေ့ဘဝမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ကိုယ်တကယ်မသိတဲ့ အခြားသူ့ရဲ့ကိစ္စတွေကို မစွပ်စွဲပါနဲ့၊ ကိုယ်ကတော့ ဘာရယ်မဟုတ် ထင်တာလေးကို ပြောလိုက်ပေမယ့် အခြားသူတစ်ယောက်မှာတော့ ဘဝတစ်ခုလုံးနဲ့ချီတဲ့ကိစ္စမျိုးဖြစ်သွားနိုင်တယ်လို့ သင်ခန်းစာပေးထားတာဖြစ်ပါတယ်။
နောက်တစ်ပုံ၂) အောင်မြင်မှုရဲ့လျှို့ဝှက်ချက် တစ်နေ့မှာ လူငယ်လေးတစ်ယောက်က ဆိုကရေးတီးကို မေးခဲ့တယ်။ “အောင်မြင်ဖို့အတွက် လျှို့ဝှက်ချက်က ဘာဖြစ်မလဲ” လို့ပေါ့။ ဆိုကရေးတီးက ကောင်လေးရဲ့မေးခွန်းကို စိတ်ရှည်စွာနားထောင်ပြီးတဲ့အခါမှာတော့ အဖြေပေးဖို့အတွက် မနက်ဖြန်မနက်မှာ မြစ်ကမ်းနံဘေးမှာ သူ့ကိုလာတွေ့ပါလို့ လူငယ်လေးကို ပြောခဲ့ပါတယ်။ နောက်တစ်နေ့မနက်မှာတော့ လူငယ်လေးနဲ့ ဆိုကရေးတီးဟာ မြစ်ကမ်းနံဘေးမှာလမ်းလျှောက်ခဲ့ကြပါတယ်။ လမ်းလျှောက်လာရင် မြစ်ထဲကို ဆင်းမလားလို့ ဆိုကရေးတီးကမေးလိုက်ပါတယ်။ မြစ်ထဲကို ဆင်းကြရင်း ရေက သူတို့နှစ်ယောက်လုံးရဲ့လည်ပင်းနားလောက်အရောက်မှာ ဆိုကရေးတီးက လူငယ်လးရဲ့ခေါင်းကို ရေထဲဆွဲပြီး နှစ်ချလိုက်ပါတော့တယ်။ လူငယ်လေးမှာ အံ့အားသင့်နေပေမယ့် အသက်ရှင်ရေးအတွက် အတင်းရုန်းကန်ရပါတယ်။ ဒါပေမယ့်ဆိုကရေးတီးက အရမ်းကိုသန်မာတာမို့ လူငယ်လေးက ဘယ်လောက်ရုန်းရုန်း ရေပေါ်ပြန်ပေါ်လာအောင် မနည်းကို ရုန်းကန်နေရတာပေါ့။ မကြာခင်မှာပဲ ဆိုကရေးတီးက လူငယ်လေးကို လွှတ်ပေးလိုက်ပါတယ်။ ရေပေါ်ပြန်ပေါ်လာတဲ့လူငယ်လေးက ရေတွေကို ခါထုတ်လိုက်ပြီး လေကို အားရပါးရ ရှုသွင်းလိုက်ပါတယ်။ အဲဒီ့အခါမှာ ဆိုကရေးတီးက လူငယ်လေးကို မေးခွန်းတစ်ခုမေးပါတယ်။ “ရေထဲမှာ မင်းရဲ့ခေါင်းနှစ်နေတဲ့အချိန်မှာ မင်းအလိုချင်ဆုံးအရာက ဘာလဲ” “လေ…..ပါ” လို့ လူငယ်လေးက ပြန်ဖြေပါတယ်။ “အောင်မြင်မှုအတွက် လျှို့ဝှက်ချက်က အဲဒါပဲ။” “ရေထဲကို ရောက်နေတဲ့အချိန်မှာ လေကို အသည်းအသန်လိုအပ်နေလို့ အတင်းမရရအောင် ကြိုးစားရုန်းကန်တဲ့အခါ လေကို ရသွားသလိုပဲ အောင်မြင်မှုကို အသည်းအသန်ကြိုးစားတတ်တဲ့သူက ရမှာပါပဲ။ အောင်မြင်မှုမှာ လျှို့ဝှက်ချက်သီးသန့်ရယ်လို့ မရှိဘူး” လို့ ဆိုကရေးတီးက ဖြေလိုက်ပါတော့တယ်။ ဒီစာသားလေးထဲကလိုပါပဲ။ တကယ်တော့ အောင်မြင်မှုဆီသွားတဲ့လမ်းမှာ လျှို့ဝှက်ချက်ရယ်၊ ဖြတ်လမ်းရယ်ဆိုတာ မရှိပါဘူး။ အောင်မြင်ချင်စိတ် ပြင်းပြစွာရှိနေတဲ့အခါမှာ မရရအောင် အတင်းကြိုးစားရုန်းကန်ခြင်းကသာ အရာအားလုံးကို အောင်နိုင်စေမှာပါ။ မီးတောက်ငယ်လေးအဖြစ်နဲ့ဆိုရင်တော့ အပူမပေးနိုင်ပါဘူး။ စိတ်အားထက်သန်မှုအားနည်းတဲ့သူအတွက် ကြီးမားတဲ့အောင်မြင်မှုရလဒ်ကို မရနိုင်ပါဘူးလို့ ဖော်ပြပေးလိုက်ပါတယ်။
နောက်တစ်ပုံ၃) တန်ပြန်ခြင်း တစ်နေ့မှာ ခွေးတစ်ကောင်က မှန်တွေနဲ့ချည်းဆောက်လုပ်ထားတဲ့ ပြခန်းတစ်ခုဆီကို ပြေးဝင်သွားပါတယ်။ ပြခန်းက နံရံတွေကော၊ ကြမ်းခင်းတွေကော၊ မျက်နှာကြက်တွေကော အားလုံးကို မှန်တွေနဲ့အလှဆင်ထားတာဖြစ်ပါတယ်။ အဲဒါကြောင့်ခွေးက မှန်ထဲမှ သူ့ရဲ့ပုံရိပ်ရောင်ပြန်တွေကို ကြည့်မိပါတယ်။ ခွေးက သူ့ရဲ့ဘေးပတ်လည်ကို ကြည့်ပြီး အံ့အားသင့်နေလေရဲ့။ ခွေးက သူ့ရဲ့သွားတွေကို ဖြဲလိုက်၊ သူ့ပုံရိပ်တွေကို ဟောင်လိုက်စသည်ဖြင့် နည်းလမ်းအစုံနဲ့ လုပ်နေပါတယ်။ အပြင်ခွေးက ဟောင်လေ၊ မှန်ထဲက ခွေးက ပြန်ဟောင်လေ၊ အပြင်က ခွေးက ဒေါသထွက်လေ ပိုထိုးဟောင်လေ မှန်ထဲကခွေးက ထပ်ပြီးဟောင်လေနဲ့ ခွေးမှာ ဒေါသတွေထွက်နေတာပေါ့။ ဒေါသထွက်လေ ထိုးဟောင်ရုံသာမက မှန်ကိုတစ်ဘက်ကနေ ခေါင်းနဲပစ်တိုက်လိုက် အခြားတစ်ဘက်ကိုလည်း ပစ်တိုက်လိုက်နဲ့ လုပ်ပါတော့တယ်။ နောက်တစ်နေ့မနက်မှာတော့ ပြခန်းလုံခြုံရေးက အသက်မဲ့နေတဲ့ခွေးကို ပြခန်းအလယ်မှာ မြင်လိုက်ရပါတယ်။ ဘယ်သူကမှ ခွေးကို သတ်ပစ်လိုက်တာမဟုတ်ပါဘူး။ ခွေးရဲ့ပုံရိပ်တွေကသာ ခွေးကို သတ်ပစ်လိုက်တာပါ။ ကျွန်တော်တို့ရဲ့ဘဝတွေမှာလည် းအဲလိုပါပဲ။ လောကကြီးက ကောင်းခြင်းဆိုးခြင်းတွေကို ယူလာပေးတာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေ၊ ခံစားချက်တွေ၊ ဆန္ဒတွေနဲ့ လုပ်ဆောင်ချက်တွေပေါ်မူတည်ပြီး အကျိုးအကြောင်းတွေဖြစ်ပျက်လာရတာပါ။ လောကကြီးက မှန်ချပ်ကြီးနဲ့တူပါတယ်။ အဲဒါကြောင့် ဒီနေ့ကစပြီး စိတ်ကောင်းထားဖို့၊ အကောင်းဆုံးဖြစ်အောင် ပြုမူဆက်ဆံကြဖို့၊ အခြားသူများအပေါ်စိတ်ကောင်းထားဖို့ စတဲ့ အကောင်းဆုံပုံစံမျိုးစံနဲ့ ရှင်သန်ကြရအောင်ပါ။ အဲဒါမှ သင်ပုံရိပ်ကလည်း ကောင်းမှာဖြစ်ပါတယ်လို့ တိုက်တွန်းလိုက်ပါတယ်။
နောက်တစ်ပုံ၄) သင့်ရဲ့ကိုယ်ပိုင်အလင်းရောင်နဲ့သာတောက်ပပါစေ။ ဆာမူရိုင်းတစ်ယောက်က သူ့အတွက်အကြံပေးစကားနာကြားချင်တဲ့အတွက် သူလေးစားအားကိုးရတဲ့ ဘုန်းတော်ကြီးတစ်ပါးထံကိုသွားခဲ့ပါတယ်။ ဘုန်းတော်ကြီးက ဆာမူရိုင်းရဲ့အရိုအသေပေးမှုကို ခံယူပြီးတဲ့နောက်မှာတော့ ဆာမူရိုင်းက ဘုန်းတော်ကြီးကိုမေးပါတယ်။ “ကျွန်တော်က လူတိုင်းကို အနိုင်တိုက်နိုင်ခဲ့တယ်၊ အားလုံးဟာ ကျွန်တော့်ကို ကြောက်ရွံ့ပြီး အရှုံးပေးကြတာချည်းပဲ။ ဒါပေမယ့် ကျွန်တော် ဘဝက့ ဘုန်းတော်ကြီးဘဝလိုမဟုတ်ဘဲ ဘယ်သူ့အတွက်မှ အရေးမပါဘူးလို့ ခံစားနေရပါတယ်။ ဘာလို့ အဲဒီလိုဖြစ်ရတာလဲ” “ဒီနေ့ ဆရာတော်ကိုတွေ့ဖို့အခြားသူတွေလာလိမ့်အုံးမယ်။ ထိုသူတွေလာပြီးတော့ အဖြေပေးတာပေါ့။ ခဏလောက်စောင့်အုံး” လို့ ဘုန်းတော်ကြီးက မိန့်ပါတယ်။ ဆာမူရိုင်းလည်း တစ်နေ့လုံး ဘုန်းတော်ကြီးဆီလာမယ့်ဧည့်သည်တွေကို ဘုန်းကြီးကျောင်းရဲ့ဥယျာဉ်ထဲမှာ စောင့်နေပါတယ်။ ဘုန်းတော်ကြီးကို လာတွေ့တဲ့လူတွေက အဆက်မပြတ်ပါပဲ။ ဘုန်းတော်ကြီးက ညအချိန်ရောက်တဲ့အခါမှာတော့ လူတွေအားလုံးပြန်ကုန်ကြပါပြီ။ ထိုအချိန်မှာပဲ ဆာမူရိုင်းကမေးလိုက်ပါတယ်။ “အခုကျွန်တော့်ကို အကြံပေးတော့မှာလား။” ဘုန်းတော်ကြီးက သူ့ရဲ့အခန်းထဲကို ဦးဆောင်ပြီး ဆာမူရိုင်းကိုခေါ်သွားပါတယ်။ ကောင်းကင်မှာ လပြည့်ဝန်းက ဝိုင်းစက်လို့ လင်းထိန်နေပါတယ်။ “ကောင်းကင်မှာ လမင်းကြီးကို မင်းမြင်ရဲ့လား၊ ဘယ်လောက်များ လှပလိုက်သလဲ” လို့ ဘုန်းကြီးကပြောပါတယ်။ “ ဒီအချိန်ကို ကျော်လွန်သွားရင် မနက်ဖြန်ခါမှာ နေမင်းကြီးက တခါ ထပ်ပြီတောက်ပနေအုံးမှာပါပဲ” “ဒါပေမယ့် နေရဲ့အလင်းရောင်ကတော့ ပိုပြီးတောက်ပတယ်။ ငါတို့အားလုံးဟာ နေရဲ့အလင်းရောင်းကို ခံစားနိုင်တယ်၊ နွေးထွေးမှုကို ရတယ်၊ အပင်တွေက နေရောင်ခြည်ဓာတ်ကိုရဖို့လိုအပ်တယ်။ နှစ်ပေါင်းများစွာကြာအောင် နေနဲ့လရဲ့စွမ်းအင်တွေအကြောင်း စဉ်းစားခဲ့ဖူးတယ်။ လမင်းကြီးကတော့ဘယ်တုန်းကမှ ငါကနေမင်းကြီးရဲ့အလင်းရောင်လို မတောက်ပရတာလဲလို့ မမေးဖူးဘူး။ နေနဲ့လဆိုတာ မတူညီတဲ့အရာ၂ခုပါ။ တစ်ခုစီမှာ သူတို့ရဲ့ကိုယ်ပိုင်အလင်းရောင်နဲ့ တောက်ပမှုရှိတယ် ။သူတို့၂ခုကို မနှိုင်းယှဉ်နိုင်ဘူး။ အဲဒီ့တော့ မင်းလည်း အဖြေကိုသိလောက်ပြီထင်တယ်။ ငါတို့ဟာလည်း မတူညီတဲ့လူ ၂ယောက်ပါ။ မင်းကလည်း မင်းရဲ့တိုက်ပွဲတိုင်းမှာ အနိုင်တိုက်နိုင်တဲ့စွမ်းရည်ရှိတယ်။ ငါကလည်း လူတိုင်းကို တရားပြဖို့ စိတ်ရှည်စွာရှင်းပြနိုင်တဲ့စွမ်းရည်ရှိတယ်။ လူတိုင်းက ကိုယ်လုပ်နိုင်တာကို အကောင်းဆုံးလုပ်နေခြင်းက ပိုကောင်းပါတယ်။ မတူတဲ့အရာတွေကို လိုက်ပြီး နှိုင်းယှဉ်နေလို့မရပါဘူး။ ကျွန်တော်တို့ဘဝမှာလည်း ထိုကဲ့သိုပါပဲ။ ကိုယ်ကတော့ သူ့လိုအခြေအနေမျိုးမရပါလားဆိုပြီး မတူတာကို နှိုင်းယှဉ်လို့ အားငယ်စိတ်ညစ်လို့မဖြစ်ပါဘူး။ လူတိုင်းက သူ့အရည်အချင်းနဲ့သူရှိပြီးသားပါ။ အခြေအနေချင်းမတူတဲ့အတွက် တောက်ပမှုခြင်းလည်း ကွဲပြားပါတယ်။ အဓိကက ကိုယ်ရဲ့လုပ်နိုင်စွမ်းအားကိုသိပြီး ဘယ်အရာကိုအကောင်းဆုံးလုပ်နိုင်လဲ ဆိုတာကိုသာ ဦးတည်ပါ။ ကိုယ်လုပ်နိုင်တာကိုသာ အကောင်းဆုံးဖြစ်အောင်လုပ်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။
နောက်တစ်ပုံ၅) ဘောလုံးတွေက ပေးတဲ့သင်ခန်းစာ လူတစ်စုက သူတို့ရဲ့ဘဝတွေပျော်ရွှင်ဖို့အတွက် ပျော်ရွှင်မှုကိုဘယ်လိုရှာရမလဲ ဆိုတာဆွေးနွေးဖို့ စုရုံးလိုက်ကြပါတယ်။ သူတို့ကို ဆွေးနွေးပေးတဲ့ဆရာက ဘဝအတွက် သင်ခန်းစာတွေနဲ့ အခြားစွမ်းရည်တွေကို သင်ပေးပါတယ် ။ ရုတ်တရက် ဆရာကဆွေးနွေးနေတာကို ရပ်တန့်လိုက်ပြီး လူတစ်ယောက်ကို ဘောလုံးတစ်လုံးစီပေးပါတယ်။ လူတိုင်းကိုပြောပါတယ်။ ဆော့ပင်နဲ့ ဘောလုံးပေါ်မှာ နာမည်တစ်ခုကိုရေးပြီးနောက် ဘောလုံအားလုံးကို တစုတစည်းထဲ အခြားအခန်းတစ်ခုကို လာပို့ပေးဖို့ မှာလိုက်ပါတယ်။ ပြီးတဲ့နောက်မှာတော့ အဲဒီ့ဘောလုံးတွေထဲကနေ ငါးမိနစ်အတွင်း ကိုယ့်နာမည်ကိုယ်ရှာဖို့ အမိန့်ပေးလိုက်ပါတယ်။ လူတိုင်းက ထိုငါးမိနစ်အတွင်းမှာ ကိုယ့်နာမည်ရေးထားတဲ့ဘောလုံးကို အသည်းအသန်ရှာရပါတယ်။ တွန်းလိုက်၊ တိုက်လိုက်၊ လဲပြိုကျလိုက်နဲ့ အသည်းအသန်ရှာပေမယ့် အချိန်က အရမ်းကိုနည်းလွန်းနေတဲ့အတွက် ကိုယ့်နာမည်ပါတဲ့ဘောလုံးကို ရှာမရပါဘူး။ ငါးမိနစ်ပြည့်တဲ့အခါမှတော့ ဆရာကပြောပါတယ်။ ကျွန်တော်တို့အားလုံးဟာ ကိုယ့်နာမည်ကိုယ်ရှာသလိုပါပဲ။ ကိုယ့်ရဲ့ပျော်ရွှင်မှုကို ဘယ်ဆီမှာမှန်းမသိဘဲ လိုက်ရှာနေကြပါတယ်။ တကယ်တော့ အခြားသူများကို ကူညီပြီး သူတို့နာမည်ပါတဲ့ဘောလုံးကို ရှာပေးလိုက်မယ်ဆိုရင် သင့်နာမည်ပါတဲ့ဘောလုံးကို သင်ရှာမတွေ့ပေမယ့် သင်ကျေနပ်နေပါလိမ့်မယ်။ ခုနက ဘောလုံးရှာခိုင်းတဲ့အချိန်မှာ သင့်လက်ထဲရောက်လာတဲ့ဘောလုံးက သင့်နာမည်ပါတဲ့ဘောလုံးမဟုတ်ပေမယ့် ထိုနာမည်ပိုင်ရှင်ကို ပေးလိုက်ရင် အခြားသူတစ်ယောက်ပျော်သွားသလို၊ သင်လည်းကျေနပ်နေမိမှာပါပဲ။ အဲဒါကသာ လူ့ဘဝမှာ ရှင်သန်ရခြင်းရဲ့ အနှစ်သာရပျော်ရွှင်ခြင်းဖြစ်ပါတယ်။ ဒီစာပိုဒ်ထဲကလိုပါပဲ။ ကျွန်တော်တို့နေ့စဉ်ဘဝမှာလည်း ပျော်ရွှင်ဖို့ဆိုတာကို အသည်းအသန်လိုက်ရှာနေတတ်ကြပါတယ်။ တကယ်တော့ ပျော်ရွှင်မှုဆိုတာက ကျွန်တော်တို့ရဲ့အတွင်းစိတ်ထဲမှာသာ ရှိနေတတ်ပါတယ်။ အခြားသူများကို ပျော်ရွှင်ကျေနပ်စေချင်တဲ့စိတ်နဲ့ ပြုမူလိုက်ခြင်းက ကိုယ့်ရဲ့စိတ်တွင်းမှာ ကိုယ်တိုင်ပျော်ရွှင်ကျေနပ်သွားပြီးမှ အခြားသူထံကူးစက်သွားတာဖြစ်ပါတယ်။အဲဒါကြောင့် ပျော်ရွှင်မှုကို အခြားသောအရာတွေထဲမှ မရှာဘဲ ကိုယ့်စိတ်တွင်းအေးချမ်းမှု၊ ကျေနပ်မှုကိုသာရှာတဲ့အနေနဲ့ အခြားသူများကို ကူညီပေးလိုက်ပါ။ တကယ်ပျော်ရွှင်ကျေနပ်လာပါလိမ့်မယ်လို့ တိုက်တွန်းရင်း ဘဝခံယူချက်နဲ့ပတ်သက်တဲ့ စာပိုဒ်လေးတွေကို ကြိုက်နှစ်သက်လိမ့်မယ်လို့ ယူဆမိပါတယ်။ https://alltimeshortstories.com/balloon-exercise-our-happiness-lies-with-others/လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။