ဘဝမှာလူတွေနဲ့ပတ်သက်ပြီး စကားလက်ဆောင်များ
ဘဝမှာ လူအမျိုးမျိုး ကို ရင်ဆိုင်ရပြီး စိတ်ထားအမျိုးမျိုးကို ကြုံတွေ့ရပါလိမ့်မယ်။ တချို့လူတွေက ကိုယ့်ကို ဒဏ်ရာတွေပေးသွားပြီး တချို့လူတွေကတော့ သင့်ကို အမှတ်တရတွေပေးသွားပါလိမ့်မယ်။ သင်က အမှတ်တရတွေကိုတော့ သိမ်းထားရင်း ပီတိဖြစ်နိုင်သလို ဒဏ်ရာတွေကနေတော့ သင်ခန်းစာအချို့ရအောင်ယူတတ်ဖို့လိုပါတယ်။ အချို့လူတွေကတော့ သင့်ကို စွန့်ပစ်ခဲ့မှာဖြစ်ပြီး အချို့လူတွေကတော့ သင့်ကို တလေးတစားနဲ့ တန်ဖိုးထားကြမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ဘဝရဲ့အချိန်အချို့ကို သင်ပြန်တွေးတောမိတဲ့အခါ သင့်ဘဝတစ်လျှောက်မှာ ပတ်သက်ဖူးခဲ့သူတွေအားလုံးအပေါ် သင်ကိုယ်တိုင်က လိပ်ပြာမလုံစရာကောင်းတဲ့အကျင့်မျိုး၊ ဒုက္ခရောက်အောင်လုပ်ခဲ့တာမျိုး၊ အနိုင်ကျင့်ခဲ့တာမျိုးတွေနဲ့ စိတ်ပျက်စရာအမူအကျင့်တွေမလုပ်ခဲ့မိဖို့လိုပါတယ်။ အဲဒီလောက်ဆိုရင်ပဲ သင့်ဘဝမှာ သင့်ရှင်သန်မှုဟာ အဓိပ္ပါယ်ရှိနေပါပြီ။ အကောင်းဆုံးကတော့ သင့်အနားကလူတွေကို သင်အတတ်နိုင်ဆုံးမျှဝေကူညီဖူးခဲ့တယ်ဆိုရင်တော့ အတိုင်းထက်အလွန်ကောင်းတာပဲပေါ့။ သင့်ဘဝမှာ လူတွေနဲ့ပတ်သက်ပြီး သင်မှတ်ထားသင့်တဲ့စကားလက်ဆောင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁) မကောင်းနိုင်ရင်ကင်းအောင်နေ မကင်းနိုင်ရင်ကောင်းအောင်နေပါ။ ဒီစကားကို အချို့ကြားဖူးကြမယ်ထင်ပါတယ်။ ကိုယ့်ဘဝမှာ ကိုယ်ပတ်သက်နေတဲ့လူအချို့ကို ကိုယ်က ပြတ်သားစွာ ငြင်းပယ်နိုင်ပြီ ထိုလူတွေနဲ့မပတ်သက်ဘဲ ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ပြီဆိုရင် ထိုလူနဲ့ကိုယ်ဟာ မတူညီတဲ့အတွေးအခေါ်တွေရှိတယ်ဆိုရင် ပြတ်သားစွာ ကင်းအောင်နေလို့ရပါတယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ အတွေးအခေါ်ခြင်းက မတူပေမယ့်လည်း သူ့နဲ့ကိုယ်ရဲ့ ပုံမှန်ဆက်ဆံရေးတစ်ခုကိုတော့ ဆက်ဆံထားရမှာဖြစ်ပါတယ်လို့ပြောချင်တာပါ။ တနည်းအားဖြင့် ကိုယ်နေ့တိုင်းတွေ့နေရမယ့်လူမျိုးကို စိတ်ငြိုငြင်နေမိရင် ကိုယ်လည်း အဆင်မပြေသူလည်းအဆင်မပြေပါဘူး။ အဲဒါကြောင့် ကိုယ့်ဘဝထဲက အပြီးတိုင်ထုတ်ပစ်လို့မရတဲ့လူမျိုးကို မကောင်းမှန်းသိပေမယ့်လည်း အတတ်နိုင်ဆုံး အကောင်းဆုံးနည်းလမ်းနဲ့ဆက်ဆံဖို့ပါပဲ။ တကယ်လို့ သင့်အပေါ်စိတ်ထားမမှန်စွာ ဆက်ဆံတတ်တဲ့သူမျိုးကို သင့်အရမ်းစိတ်ကုန်နေပေမယ့်လည်း ဒီစကားကိုပြန်သတိရလိုက်ပါ။ ခံစားရသက်သာသွားပါလိမ့်မယ်။
နောက်တစ်ပုံ၂) လူတိုင်းဟာ စေတနာနဲ့မတန်ပါဘူး။ အချို့လူတွေဟာ သူတို့ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့ဘာမဟုတ်တဲ့ပြဿနာလေးကိုတောင်မှ မဖြေရှင်းဘဲ ဘေးကလူကို အကူအညီတောင်းတတ်ပါတယ်။ အဲဒီလိုလူတွေရဲ့စိတ်ထားက ပြဿနာကို သူတို့ကိုယ်တိုင်ပဲဖန်တီးတတ်ပြီး ပြဿနာဖြစ်လာကာမှ အခြားသူတွေရဲ့အကူအညီကိုလိုချင်သူတွေဖြစ်ပါတယ်။ အဲဒီ့အခါမှာ သနားစိတ်၊ ညှာတာစိတ်နဲ့ကူညီတတ်တဲ့သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာစေပါတယ်။ သနားစိတ်ညှာတာစိတ်ကို ခုတုံးလုပ်အသုံးချတတ်တဲ့သူမျိုးတွေပါ။ အဲဒီလိုလူမျိုးအတွက် အခါခါ ပြဿနာဖြေရှင်းပေးဖို့က အဆင်မပြေနိုင်ပါဘူး။ သူတို့ကိုယ်တိုင်ဖြေရှင်းဖို့ကို မစဉ်းစားဘဲ အမြဲတမ်း မိုးကျရွေကိုယ်အဖြစ်လာရောက်ကူညီပေးမယ့်သူတွေကိုသာ ထိုင်မျှော်နေတတ်တဲ့သူမျိုးတွေပါ။ အဲဒီ့လိုလူတွေနဲ့ကြုံတဲ့အခါ သင်သိထားရမှာက သင်နိုင်သလောက်ကူညီပေးပါ။ သင့်အတွက် ဝန်ထုပ်ဝန်ပိုးတော့အဖြစ်မခံပါနဲ့။ အဲဒီလိုလူတွေဟာ ဘဝကိုခပ်ပေါ့ပေါ့သဘောထားဖြတ်သန်းသူတွေဖြစ်တာကြောင့် လေးနက်စွာ ပြောပြလမ်းမှန်တည့်ပေးလို့မရပါဘူး။
နောက်တစ်ပုံ၃)အဆိပ်အတောက်လိုလူတွေကို ပြတ်သားစွာစွန့်ပစ်ပါ။ သင့်နဲ့ရင်ဆိုင်လာရတဲ့လူတွေတိုင်းက သင့်အပေါ်ကောင်းချင်မှကောင်းမှာပါ။ သင်ကတော့ လူတိုင်းအပေါ် အကောင်းဆုံးဆက်ဆံပေးလိုက်ပါ။ အဲဒါက သင့်တာဝန်ပါပဲ။ ဒါပေမယ့် သင့်အပေါ်မကောင်းတဲ့လူတွေကိုလည်း ခပ်ရဲရဲသာစွန့်ခွာပါ။ အဲဒါက သင့်လုပ်ပိုင်ခွင့်ပါပဲ။ ဘာလို့လဲဆိုတော့ ဘယ်သူကမှ ကိုယ့်အပေါ်မကောင်းတဲ့လူကို လိုချင်ကြမှာမဟုတ်ပါဘူး။ သင့်ကိုထိခိုက်စေတဲ့လူ၊ နာကျင်စေတဲ့လူ၊ ဒုက္ခပြဿနာတွေလာပေးတဲ့လူမျိုးတွေက toxic people တွပါပဲ။ အဲဒါကြောင့် ကိုယ့်အတွက် ရေရှည်မှာဒုက္ခပေးနိုင်တာမို့ စွန့်ခွာလိုက်ပါ။ အဲဒါက ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားခြင်းတစ်မျိုးဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ခြင်းပါပဲ။ ဥပမာ။ သင့်အနားမှာ သင့်ရဲ့စည်းစိမ်ဥစ္စာကြောင့် လာပတ်သက်တဲ့လူဟာ အချိန်တန် သင့်စည်းစိမ်ဥစ္စာမရှိရင် သင့်ကိုထားခဲ့မှာကို သိသိကြီးနဲ့ ပြတ်သားစွာမစွန့်လွှတ်နိုင်ဘူးဆိုရင်တော့ သင်ညံ့ဖျင်းတာဖြစ်သွားပါပြီ။ အဲဒီ့အတွက် ပြတ်သားသင့်တဲ့လူကိုပြတ်သားခြင်းဟာ သတ္တိတစ်မျိုးပါ။
နောက်တစ်ပုံ၄) အချို့လူတွေဟာ ကိုယ်မကယ်တင်နိုင်ဘူးဆိုတာ လက်ခံပါ။ လူတိုင်းဟာ အခက်အခဲပြဿနာတွေနဲ့ချည်းပါပဲ။ အချို့လူတွေက ကိုယ့်အခက်အခဲကို ကိုယ့်ဟာကိုယ် ကျော်လွှားနိုင်အောင်ကြိုးစားနေကြပါတယ်။ အချို့လူတွေကတော့ ကိုယ့်အခက်အခဲကို တခြားတစ်ယောက်လာဖြေရှင်းမလားစောင်ေ့နရင်း ပိုပြီးခက်ခဲလာကြပါတယ်။ ရေကြီးနေတဲ့မြို့မှာ ဘုရားသခင်လာကယ်တာကို ထိုင်စောင့်နေတဲ့လူလိုမျိုးပေါ့။ ဘုရားသခင်လာကယ်မှာပါဆိုပြီး ဘယ်သူလာကယ်ကယ် မလိုက်ဘဲ ဘုရားသခင်ကိုသာ ထိုင်စောင့်နေတဲ့သူမျိုးတွေ ဘဝမှာ အများကြီးကြုံရပါလိမ့်မယ်။ အဲဒီ့အခါ ကိုယ့်ကြောင့်မဟုတ်ဘူးဆိုတာ လက်ခံပါ။ အချို့လူတွေဟာ ဘယ်လောက်ပဲ ကောင်းစေချင်လို့ ကူညီပါစေ၊ သူတို့ကိုယ်တိုင်က ပြုပြင်ရကောင်းမှန်းမသိကြပါဘူး။ အဲဒီလိုလူတွေနဲ့တွေ့တဲ့အခါ မရအရ ကယ်ဖို့ထက် ကူညီနိုင်သလောက်ကူညီပေးပြီး ကိုယ်လည်းမစွမ်းနိုင်တော့အခါ လျစ်လျူရှုလိုက်တာအကောင်းဆုံးပါပဲ။
နောက်တစ်ပုံ၅) အခြားလူတွေရဲ့နှုတ်ခမ်းဖျားမှာ ဘဝမဆုံးပါစေနဲ့။ ပြောချင်တာက အဆိုးမြင်စိတ်ကိုင်စွဲပြီး သင့်ကိုမဟုတ်တမ်းတရားပြောဆိုလိုက်တိုင်း သင်တကယ်မဟုတ်ရင်၊ သင်တကယ်မလုပ်ရင် သင့်ကလူဆိုးတစ်ယောက်ဖြစ်သွားစေတာမဟုတ်ပါဘူး။ တနည်းအားဖြင့် သူတို့ပြောတဲ့အတိုင်း သင်ဖြစ်သွားတာမဟုတ်ပါဘူး။ သင့်ရှင်သန်မှုပေါ်မူတည်ပြီး သင့်ဘဝကဖြစ်လာတာပါ။ သင်က အကောင်းဆုံးရိုးသားတဲ့လူတစ်ယောက်အဖြစ်ရှင်သန်ရင် အချိန်တန် သင်ကရိုးသားသူမှန်း သိလာကြမှာပါပဲ။ ဘယ်လောက်ပဲ ပြောကြပါစေ၊ သင့်ရိုးသားမှုကြောင့် သင်လိပ်ပြာလုံမှာပါ။ အဲဒီလိုမဟုတ်ဘဲ လူတွေက သင့်ကိုဘယ်လောက်ချီးမွမ်းနေပါစေ သင်ကမဟုတ်တာလုပ်နေရင်လည်း သင့်ကိုယ်သင်တော့ လိပ်ပြာမလုံဖြစ်နေမှာပါပဲ။ အခြားလူရဲ့ နှုတ်ခမ်းဖျားမှာ သတ်မှတ်လိုက်တဲ့အတိုင်း သင်ဖြစ်လာတာမဟုတ်ပါဘူး။ သင့်ဘဝကို သင်ကိုယ်တိုင်သတ်မှတ်တာပါ။
နောက်တစ်ပုံ၆) ရွက်ကျပင်ပေါက်လိုရှင်သန်ပါ။ ဘယ်နေရာမှာမဆို ရှင်သန်တတ်အောင် အဆင်ပြေအောင် နေထိုင်ပါလို့ပြောချင်တာပါ။ လူ့ဘဝဆိုတာက ဒီနေ့နဲ့မနက်ဖြန် အခြေအနေခြင်းက တူတာမဟုတ်ပါဘူး။ အဲဒါကြောင့် ဖြစ်လာတိုင်းအခြေအနေတွေတိုင်းမှာ ရွက်ကျပင်ပေါက်လို၊ အရွက်ကျတဲ့နေရာ အပင်ဖြစ်အောင် ရှင်သန်ရမှာပါပဲ။ ဘာကြောင့်ရယ်လို့ အပြစ်တင်နေရုံနဲ့တော့ အကောင်းဆုံးရှင်သန်နိုင်မှာမဟုတ်ပါဘူး။ ဘဝက ပေးထားသလောက်နဲ့ အကောင်းဆုံးဖြစ်အောင်ကြိုးစားပါလို့ ပြောချင်တာပါ။ ဘဝက ကိုယ်ထင်ထားသလို မရိုးရှင်းသလိုပဲ ကိုယ်ကြုံတွေ့ရတဲ့လူတွေဟာလည်း ကိုယ့်လိုမဖြစ်နိုင်ပါဘူး။ ကိုယ်က ကောင်းစေချင်ပေမယ့် သူတို့ကိုယ်တိုင်က ပြုပြင်ချင်မှဖြစ်မှာပါ။ အဲဒီလိုပါပဲ ကိုယ်က စေတနာထားလိုက်ပေမယ့် ဝေဒနာလို့မြင်ချင်မြင်မှာပါ။ အဲဒီလိုပဲ ကိုယ်က ကောင်းတာထက်ကို အဆပေါင်းများစွာ ပိုကောင်းတဲ့လူတွေကိုလည်း သင်ကြုံတွေ့လာနိုင်ပါတယ်။ အဲဒီလိုလူတွေကိုတော့ သင်တန်ဖိုးထားပါ။ ကျေးဇူးတင်စွာ အကောင်းဆုံးတုံ့ပြန်ပါ။ သင်နဲ့ဘက်ညီတဲ့သူမျိုးလည်း သင်ကြုံနိုင်ပါတယ်။ အကောင်းဆုံးကတော့ လူတိုင်းအပေါ် ကိုယ်တတ်နိုင်တဲ့ဘောင်ထဲကနေ အကောင်းဆုံးဆက်ဆံဖို့ပါပဲ။ ထိုအခြေအနေပေါ်မှာမှ ပြန်ပြီးတုံ့ပြန်လာတဲ့တုံ့ပြန်မှုဟာ သူတို့ရဲ့ ပုံရိပ်ကို သင့်ကိုပြသသွားတာပဲဖြစ်ပါတယ်။