အသက်ရှင်နေခြင်းက ဘဝကိုပြန်ပြီးတိုက်ပွဲဝင်ဖို့ အကောင်းဆုံအခွင့်အရေးပါပဲ။

ဘဝမှာ စိတ်ဓာတ်ကျနာကျင်မှုတွေ ဆိုးဆိုးဝါးဝါးခံစားဖူးကြမှာပါ။ ဖြေရှင်းရခက်တဲ့ပြဿနာတွေ၊ ခံစားလို့မဆုံးတဲ့နာကျင်မှုတွေ၊ အမြဲတမ်းလွယ်ကူချောမွေ့စွာ မဖြစ်မြောက်လာနိုင်တဲ့ အိပ်မက်တွေ စသဖြင့် အများကြီး ကြုံရမှာပါ၊ ကြုံနေရအုံးမှာဖြစ်သလို နောက်ထပ်လည်း ကြုံလာရအုံးမှာပါပဲ။ ဦးဇော်ဇော်ပြောသလိုပေါ့…..လူရယ်လို့ ဖြစ်လာရင် အခက်အခဲဆိုတာ ရှိမှာချည်းပါပဲတဲ့။ အခက်အခဲတွေကြုံလာရလို့ လူ့ဘဝကို အရှုံးပေးဖို့တောင် စဉ်းစားတဲ့အချိန်ရှိဖူးမှာပါ။ အခက်အခဲကနေ ဖြေရှင်းစရာအဖြေရှာရင်း စိတ်ဖိစီးမှုဖြစ်လာမယ်၊ စိတ်ဖိစီးမှုကို အချိန်တိုင်းတွေးတောနေရင်း စိတ်ညစ်သထက်ညစ်လာမယ်၊ တဖြေးဖြေး စိတ်ဓာတ်ကျမယ်၊ နောက်ဆုံး အသက်ရှင်နေခြင်းသည် အလကားပဲလို့ အတွေးရောက်လာမိတဲ့အချိန်မျိုး ရှိဖူးမှာပါ။ တကယ်တော့ ကျွန်တော်တို့အတွက် အခက်အခဲဆိုတာကို ဖြေရှင်းဖို့ အဖြေတစ်ခုအမြဲရှိပြီးသားပါ။ အဲဒီ့အဖြေကို ကျွန်တော်တို့ ရှာမတွေ့သေးတာပဲဖြစ်ပါတယ်။


အလှမွေးတဲ့ငါးတွေဆိုရင် ရေကန်ထဲမှာသာနေရပြီး မွေးထားတဲ့လူက ရေမလဲပေးရင်တောင် သေကြရမှာပါ။ ခွေးဆိုလည်း အဲဒီလိုပါပဲ။ ဘယ်လောက်ဗိုက်ဆာလို့ အစာတောင်းတောင်း သခင်ကျွေးမှ စားရမှာပါ။ သခင်မကျွေးလဲ အစာလိုက်ရှာစားမယ်ဆိုရင်တောင် လူထက်တော့ အဆပေါင်းများစွာ နိမ့်ကျတဲ့နေရာမျိုးမှာ ရှာစားကြရပါတယ်။ သူတို့တခုခုဖြစ်ချင်တာရှိရင်တောင် သူတို့ပါးစပ်ကဖွင့်ဟမပြောနိင်ပါဘူး၊ ပြောနိုင်ရင်တောင် ဘယ်သူကမှ အဖက်လုပ်မှာမဟုတ်ပါဘူးနော်။

အဲဒါဆိုရင် လူသားတွေအတွက်မှာကော..….။ လူ့ဘဝမှာ ခက်ခဲကြမ်းတမ်းပါတယ်။ ဒါပေမယ့် ကိုယ်ဖြစ်ချင် ကိုယ်ပြောခွင့်ရှိမယ်၊ ဖြစ်နိုင်သည်မဖြစ်နိုင်သည်ထား…..ပြောပြခွင့်ရပါတယ်။ အဲဒါထက်ပိုပြီး သာတာက ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ခွင့်ရှိပါတယ်။ အမှန်အမှားခွဲခြားနိုင်တဲ့စဉ်းစားဉာဏ်ရှိပါတယ်။ ကိုယ်ရည်မှန်းထားတာကို ကိုယ်ဖြစ်အောင်ကြိုးစားလို့ရပါတယ်။ ဖြစ်ချင်စိတ်သာထက်သန်မယ်ဆိုရင် မရရအောင်ဖြစ်မြောက်အောင်တော့ ကြိုးစားနိုင်ပါတယ်။ လူဖြစ်နေတဲ့အတွက်ကို အခက်အခဲကြုံလာတာကို ဖြေရှင်းလို့ရပါတယ်။ တကယ်တမ်း ကျွန်တော်တို့ဘဝမှာ ကြုံလာရတဲ့အခက်အခဲတွေ၊ ကြပ်တည်းမှုတွေ၊ နာကျင်စရာတွေက ကျွန်တော်တို့ရဲ့ခုခံနိုင်စွမ်းကို စမ်းသပ်တာဖြစ်ပါတယ်။ အခက်အခဲကို မခံနိုင်ရင် တခါတည်း အဆုံးသတ်သွားမှာဖြစ်ပြီး အခက်အခဲကို ကြံ့ကြံ့ခံပြီး မရရအောင် ကျော်လွှားဖြေရှင်းနိုင်တဲ့အခါမှာတော့ mission တစ်ခုအောင်မြင်သွားသလိုပေါ့။ ကိုယ်တစ်ခါအနိုင်ရလေ….ကိုယ့်ရဲ့ခံနိုင်ရည်စွမ်းအားတွေတိုးတက်လာလေပါပဲ။ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုပိုတိုးလာစေပါတယ်။ ဘဝရဲ့အခက်အခဲတွေကို ရင်ဆိုင်ဖို့လည်း ပိုပြီးအတွေ့အကြုံရှိသွားပါတယ်။ အဲဒီလိုနည်းလမ်းနဲ့ပဲ ဘဝက ပိုပြီးရှင်သန်ရလွယ်ကူလာအောင် ကြိုးစားရတာပါပဲ။

အခက်အခဲနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့ ထိုအတွေးတွေကို တွေးမိမှာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုတွေနဲ့တင် အာရုံနောက်ပြီး ဘယ်လိုဖြေရှင်းရမလဲ စဉ်းစားရကြပ်နေမှာပါပဲ။ ပြန်စဉ်းစားရမှာက အခက်အခဲက ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့အခက်အခဲဆိုရင် အခြားဘယ်သူကိုမှ အားကိုးဖို့မစဉ်းစားဘဲ ဖြေရှင်းလိုက်ပါ။ ကိုယ့်ကိုကိုယ်သင်ယူရမယ့်အခက်အခဲမျိုးဆိုရင် ကိုယ့်စွမ်းရည်ကိုမြင့်တင်တယ်လို့ တွေးပြီး ကြိုးစားကျော်လွှားလိုက်ပါ။ ဥပမာ။ အလုပ်ခွင်မှာ အင်္ဂလိပ်စကားတတ်မှရမယ်ဆိုတဲ့အခက်အခဲမျိုးဆိုရင် ထိုအင်္ဂလိပ်စာကို ကိုယ်မရရအောင် သင်ယူလိုက်ရုံပဲမဟုတ်လား။

ကိုယ်တိုင်မဖြေရှင်းနိုင်ဘူး၊ ကိုယ်တိုင်ထိန်းချုပ်လို့မရတဲ့အခက်အခဲမျိုးဆိုရင်တော့ လျစ်လျူရှုလိုက်ပါ။ ထိုအခက်အခဲထဲကနေ ကိုယ်ဘာလုပ်ယူနိုင်မလဲသာ စဉ်းစားသင့်ပါတယ်။ ဥပမာ။ သင့်အလုပ်ခွင်မှာ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်က သင့်ကိုနည်းအမျိုးမျိုးနဲ့နှောင့်ယှက် တိုက်ခိုက်နေတာမျိုးပေါ့။ အဲဒါက သူ့ကိုသင်သွားပြီး တားဆီးလို့မရပါဘူး၊ သူ့စိတ်နဲ့သူ့ကိုယ်ဖြစ်နေတာမို့ သူ့အကြောင်းကို သင့်ခေါင်းထဲကထုတ်ပစ်လိုက်ရုံကလွဲပြီး တခြားဘာမှမရှိပါဘူး။ အဲဒါထက် သင့်ရဲ့အလုပ်တွေကိုသာ သင်အမှားအယွင်းနည်းပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါ။ သူဘယ်လိုမှ သင့်ကိုချောက်ချလို့မရနိုင်အောင်ပေါ့။ အခက်အခဲတွေထဲမှာ အဖြေတစ်ခုအမြဲရှိပြီးသားပါ၊ သင်က အခက်အခဲတွေကြောင့် ခေါင်းရှုပ်ပြီး အဖြေကိုမတွေးတောနိုင်တာပဲရှိတာပါ။ အဲဒါက အခိုက်အတန့်လေးသာဖြစ်ပါတယ်။ ထိုအခိုက်အတန့်လေးကို တစ်ဘဝစာထင်ပြီး စိတ်ညစ်စရာတွေကြောင့် စိတ်ဓာတ်ကျဆင်းပြီး ကိုယ့်ကိုကိုယ်သတ်သေတာမျိုး ၊ ဘဝကြီးကခက်ခဲလွန်းလို့ ဘဝထဲကနေ ထွက်သွားဖို့ ဆုံးဖြတ်လိုက်တာကမှ တကယ်ရှုံးတာပါ။

တကယ်တော့ အသက်ရှင်နေခြင်းက ကျွန်တော်တို့အတွက် ဘဝရဲ့လက်ဆောင်တစ်ခုပါပဲ။ သေချာစဉ်းစားကြည့်ရင် အသက်ရှင်နေသေးတာကမှ ဘဝရဲ့အခက်အခဲကို တနည်းနည်းနဲ့ဖြေရှင်းနိုင်မယ့်နည်းလမ်းရှာနိုင်မှာမဟုတ်ပါလား။ အဲလိုမဟုတ်ဘဲ သေဖို့ဆုံးဖြတ်လိုက်တာကသာ ဘဝထဲမှာ တကယ်အရှုံးနဲ့ထွက်သွားတာပါပဲ။ အသက်ရှင်နေသေးသရွေ့ ကိုယ့်ကိုချစ်တဲ့သူတွေရဲ့ အချစ်ကို ခံစားနိုင်ပါသေးတယ်၊ အသက်ရှင်နေသေးသရွေ့ ကိုယ့်ရည်မှန်းချက်ကို ပုံဖော်နိုင်ပါသေးတယ်၊ ကိုယ့်ဖြစ်ချင်တာတွေ ဆက်လုပ်နိုင်ပါသေးတယ်၊ ကိုယ့်ကို ချိုးနှီမ်နေသူတွေကို ပြန်ပြီး တိုက်ထုတ်နိုင်ပါသေးတယ်။ ကိုယ့်ကိုရှုံးနိမ့်စေချင်သူတွေကို ကိုယ်ကအောင်မြင်သူဖြစ်ကြောင်း ပြသနိုင်ပါသေးတယ်။ စသဖြင့် အသက်ရှင်နေတာကမှ ဘဝကို အကောင်းဆုံးဖြစ်အောင် တိုက်ပွဲဝင်နိုင်ပါသေးတယ်။ အသက်ရှင်နေခြင်းကသာ ဘဝကိုပြန်တိုက်ဖို့ အကောင်းဆုံးခွန်အားဖြစ်နေပါသေးတယ်။

အဲဒါကြောင့် ကိုယ်တကယ်ဖြစ်ချင်တယ်ဆို ဖြစ်အောင်လုပ်ခွင့်ရှိသေးတဲ့…..၊ ကိုယ်ရည်မှန်းထားရင် တကယ်ပုံဖော်လာနိုင်သေးတဲ့…….၊ ကိုယ့်ကိုချစ်တဲ့သူတွေကို ပြန်ချစ်နိုင်သေးတဲ့…….၊ ကိုယ့်ကိုကိုယ် အစွမ်းရှိသူဖြစ်ကြောင်းပြသနိုင်သေးတဲ့ ကိုယ့်ရဲ့အသက်ရှင်ဖြစ်တည်မှုကို ဘယ်လိုစိတ်ညစ်စရာမျိုးကြောင့်မှ မဖျက်ဆီးလိုက်ပါနဲ့။ ကိုယ်အသက်ရှင်နေခြင်းက စွမ်းအားတစ်မျိုးပါပဲ။ ကိုယ့်ကိုကိုယ်ချစ်ခင်ပါ….ကိုယ့်ကိုကိုယ်ပြုစုပါ….ကိုယ့်ကိုကိုယ်အားပေးပါ…..ကိုယ့်ကိုကိုယ်ယုံကြည်ပါ။ ကိုယ်အသက်ရှင်နေခြင်းသည် ကိုယ့်ဘဝကို ပြန်ပြီအနိုင်တိုက်ဖို့ အကောင်းဆုံးခွန်အားတစ်မျိုးဖြစ်နေပါသေးတယ်လို့ အားပေးလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။