အသက်ကြီးပေမယ့် မရင့်ကျက်တဲ့လူတွေနဲ့ ဘယ်လိုဆက်ဆံမလဲ။

အသက်ကြီးပေမယ့် မရင့်ကျက်တဲ့လူတွေနဲ့ ဆက်ဆံရတဲ့အခါ အင်မတန် လက်ပေါက်ကပ်ပါတယ်နော်။ ဆက်ဆံဖူးရင် သိမယ်ထင်ပါတယ်။ အကြီးတွေလည်းဖြစ်တော့ သူတို့စကားကို ပယ်ရှားဖို့က အဆင်မပြေ၊ လက်သင့်ခံရအောင်လည်း မဖြစ်နိုင်၊ မထွေးနိုင်၊ မအန်နိုင်နဲ့ အာရုံနောက်ရတတ်ပါတယ်။ အဲဒါအပြင် ကိုယ်က အမှန်ကိုအမှန်အတိုင်းဖြစ်တတ်တာကို ပြောပြ၊ မဖြစ်နိုင်တာကိုလည်း ပြောပြပေမယ့် လက်မခံပြန်၊ အဲဒါကြောင့် အသက်ကြီးပေမယ့် အတွေးအခေါ်မရင့်ကျက်တဲ့လူတွေနဲ့ ပတ်သက်ရတဲ့အခါ အဆင်ပြေစေမယ့် နည်းလမ်းလေးတွေဖော်ပြပေးလိုက်ပါတယ်နော်။


၁) ပြိုင်မငြင်းပါနဲ့။
သူတို့က သူတို့ကိုယ်သူတို့ အသက်ပိုကြီးတာကြောင့် ပိုပြီး အတွေ့အကြုံရှိတယ်၊ ပိုသိတယ်လို့ အမြဲတွေးနေတတ်သူဖြစ်တာကြောင့် သူတို့နဲ့ ပြိုင်ငြင်းရင် ဒေါသထွက်၊ စိတ်အနှောင့်အယှက်ဖြစ်ရတာပဲ အဖတ်တင်မှာပါ။ အဲဒီ့အခါ ကိုယ်ပဲ အလုပ်ပျက်အကိုင်ပျက် စိတ်အနှောင့်အယှက်ဖြစ်ရပါလိမ့်တယ်။ အဲဒါကြောင့် အတတ်နိုင်ဆုံး သူတို့က ကိုယ်ပြောပြ၊ ရှင်းပြတာ လက်မခံရင် စိတ်အနှောင့်အယှက်အဖြစ်ခံပြီး မငြင်းပါနဲ့။ ထားလိုက်ပါ။ ကိုယ်ပြောတာသည် မှန်ကန်ကြောင်း သက်သေပြဖို့သာ စဉ်းစားပါ။

၂) သူတို့ကိုအာရုံမထားပါနဲ့။
သူတို့ကို ကိုယ့်ရဲ့အလုပ်အပျက်ခံပြီး အာရုံမထားပါနဲ့လို့ဆိုလိုတာပါ။ သူတို့က ကိုယ့်ကို အနှောင့်အယှက်ဖြစ်စေတယ်၊ သူတို့က ကိုယ်လုပ်ချင်နေတာ၊ ကိုယ့်ရဲ့အခွင့်အရေးကို တားဆီးနေတာ ဆိုတဲ့အတွေးတွေကိုသာ အာရုံထဲထည့်ရင် သင်လုပ်သင့်တာတွေလုပ်ရမှာမဟုတ်ပါဘူး။ သင်မှန်ကန်ကြောင်း သက်သေပြချင်နေတာတွေရောပေါ့။ အဲဒါကြောင့် ကိုယ်လုပ်နေတဲ့အလုပ်ကိုသာ အာရုံထဲ တစိုက်မတ်မတ်ထည့်ပြီး အလုပ်လုပ်ပါ။

၃) ကိုယ်လုပ်စရာရှိတာကိုသာ အလေးထားပါ။
သူတို့အကြောင်း ၊ သူတို့အပြုအမူ သူတို့စကားတွေ အာရုံထဲရောက်လာလေလေ ကိုယ်လုပ်စရာရှိတဲ့အလုပ်တွေကိုသာ ပိုပြီး အာရုံစိုက်လေလေ လုပ်ပါ။ အဲဒါမှ ကိုယ့်အလုပ်ပြီးမြောက်သလို သူတို့ကိုလည်း အာရုံထဲက ထုတ်ပစ်နိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ်လုပ်စရာရှိတာကိုသာ အလေးထားပြီး အစီအစဉ်တကျ အတွေးမများနိုင်အောင် ဦးနှောက်ကို အလုပ်ပေးထားလိုက်ပါ။

၄) ကိုယ်မှန်ကန်ကြောင်း ချက်နဲ့လက်နဲ့ သက်သေပြပါ။
အထက်ကပြောခဲ့သလို၊ ကိုယ်သက်သေပြနိုင်တဲ့အခြေအနေမျိုးရလာတဲ့အခါ ယဉ်ကျေးစွာနဲ့ ပညာရှိဆန်ဆန် ချက်နဲ့ လက်နဲ့ ဒါသည် မှန်ကန်ကြောင်း ဒါသည် မမှန်ကန်ကြောင်း ပြောပြသက်သေပြလိုက်ပါ။ များသောအားဖြင့် အသက်ကြီးပြီး မရင့်ကျက်သူတော်တော်များများက သူတို့သာလျှင် တတ်၊ သူတို့သာလျှင် သိတယ်၊ သူတို့သိတဲ့အသိသာ ပြီးပြည့်စုံပြီလို့ ထင်တတ်ကြပါတယ်။ အဲဒါကြောင့် သူတို့ကို သက်သေပြဖို့က သက်သေအပြည့်အစုံနဲ့ မျက်မြင်ပြသနိုင်ဖို့လိုပါတယ်။

၅) No လို့ငြင်းတတ်ပါစေ။
တခါတလေ သူတို့စိတ်နဲ့ သူတို့အတွေးနဲ့ ဖြစ်နိုင်တယ်လို့ထင်သမျှကို ကိုယ့်အပေါ် လွှမ်းမိုးပြီး လုပ်စေချင်တာမျိုးရှိနိုင်ပါတယ်။ တကယ်တမ်းလက်တွေ့မှာ အဆင်မပြေနိုင်တာမျိုးဆို လိမ္မာပါးနပ်စွာ No လို့ ငြင်းလိုက်တာက အားနာစရာ၊ မျက်နှာပူစရာ၊ မလိုတော့သလို အပြစ်တင်လည်းမခံရနိုင်တော့ပါဘူး။ ကိုယ်မလုပ်နိုင်တာကို ပြတ်သားစွာငြင်းထားလိုက်တာမျိုးပေါ့။
မဖြစ်မနေပတ်သက်ရမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် အမုန်းပွားစရာမလိုဘဲ အထက်က အချက်တွေနဲ့သာ ဆက်ဆံသွားမယ်ဆိုရင် နှစ်ဦးနှစ်ဖက်အဆင်ပြေနိုင်ပါတယ်။ စာဖတ်သူတွေရော အဲဒီလိုလူတွေနဲ့ ကြုံတဲ့အခါ ဘယ်လိုအချက်တွေကို အများဆုံးသုံးဖြစ်ကြသလဲဆိုတာ မျှဝေခဲ့ပါအုံးနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။