အဆိပ်သင့်အိမ်ထောင်ရေးမှာနစ်မွန်းခြင်းက သားသမီးတွေအပေါ်ဘယ်လိုဆိုးကျိုးမျိုးဖြစ်စေသလဲ။

အချို့လူတွေကအိမ်ထောင်တစ်ခုကို လွယ်လွယ်မပြိုကွဲသင့်ဘူးလို့ ပြောကြပါတယ်။ အဲဒါက မှန်သင့်သလောက်မှန်ပေမယ့် အချို့အိမ်ထောင်ရေးတွေအတွက်ကျပြန်တော့ အပြည့်အဝမမှန်ပါဘူး။ ဘာလို့လဲဆိုတော့ တချို့အိမ်ထောင်ရေးတွေကတော့ အချင်းချင်းအမှားတွေကို ပြန်လည်ညှိုယူပြီး အမှားတွေကို တစ်ယောက်ချင်းပြုပြင်ရင်း အဆင်ပြေသွားနိုင်ပါတယ်။ တချို့တွေကျပြန်တော့ တစ်ယောက်ကပြုပြင်ပြီး အိမ်ထောင်ရေးမှာ မြေဇာပင်ဖြစ်မယ့်သားသမီးတွေကို ငဲ့နေပေမယ့် အမှားကိုမသိလည်းမသိ၊ သိလည်းမပြုပြင်ဘဲ အမှားချည်းအတိုင်းရှေ့ဆက်တဲ့လူတွေလည်းရှိပါတယ်။


ထိုလူတွေအတွက်တော့ အမျိုးသားကပြုပြင်ပေမယ့် အမျိုးသမီးလုပ်သူကမပြုပြင်ရင် အဆင်မပြေသလို၊ အမျိုးသမီးလုပ်သူကပြုပြင်ပေမယ့် အမျိုးသားလုပ်သူက မပြုပြင်ဘူးဆိုရင်လည်း ထိုကဲ့သို့သောအိမ်ထောင်ရေးမျိုးက ညှို့ယူမရတဲ့အိမ်ထောင်ရေးလို့ပြောရမှာဖြစ်ပါတယ်။ ထိုကဲ့သို့သော ညှိုယူမရတဲ့အိမ်ထောင်ရေးကို သားသမီးတွေအဖေတကွဲအမေတကွဲဖြစ်မှာစိုးလို့ဆိုတဲ့စိတ်နဲ့ စိတ်ဆင်းရဲခံပြီး
ရှေ့ဆက်နေခြင်းကတော့ တစ်ယောက်ကိုတစ်ယောက်နှိပ်စက်နေသလို သားသမီးတွေကပိုပြီး မြေဇာပင်အနင်းခံဘဝရောက်တတ်ပါတယ်။ ထိုအဆိပ်သင့်အိမ်ထောင်ရေးက မတော်တဲ့ဖိနပ်ကိုစီးထားသလို အမြဲနာကျင်နေရမှာပါ။ အဲဒီလိုအိမ်ထောင်ရေးမှာအမြဲနေထိုင်နေရတဲ့သားသမီးတွေအတွက် ဆိုးကျိုးတွေအများကြီးရှိပါတယ်။ အဲဒီ့ဆိုးကျိုးတွေက အချိန်တန် သားသမီးအရွယ်ရောက်မှ ပြုပြင်ပြောင်းလဲပေးချင်လဲမဖြစ်နိုင်တော့ပါဘူး။ သားသမီးတွေအတွက်က ပြန်တွေးတိုင်းအိပ်မက်ဆိုးလိုခံစားကြောက်လန့်နေရပါလိမ့်မယ်။ ဘယ်လိုဆိုးကျိုးတွေလဲဆိုတာဖတ်ကြည့်လိုက်ပါနော်။

၁) မိဘတွေကိုအတုခိုးတတ်ပါတယ်
သားသမီးဆိုတာက မိဘကို စံပြထားပြီး နမူနာယူတတ်သူတွေပါ။ အိမ်ထောင်ရေးဖောက်ပြန်တဲ့မိဘမျိုးကို မြင်ထားရတဲ့သားသမီးအတွက် ဖြစ်လာစရာ (၂)မျိုးပဲရှိပါတယ်။ “အဖေတောင်မှ မိန်းမအများကြီးယူသေးတာပဲ၊ သားလည်း အိမ်ထောင်ရေးဖောက်ပြန်တာမဆန်းပါဘူး” ဆိုတဲ့သားသမီးမျိုးရယ်၊ “ အဖေအိမ်ထောင်ရေးဖောက်ပြန်တာ အမေစိတ်ဆင်းရဲမျက်ရည်ကျနေရတယ်။ သားအလှည့်ကျရင် ဘယ်တော့မှအိမ်ထောင်ရေးမဖောက်ပြန်ဘူး။ သားသမီးတွေကိုယ့်တုန်းကလို မနာကျင်စေရဘူး” ဆိုတဲ့သားသမီးမျိုးရယ်ပါပဲ။ အဲဒီ့မှာ သားသမီးရဲ့ သုံးသပ်ဆင်ခြင်နိုင်စွမ်းပေါ်မူတည်ပြီး ထို လူ၂မျိုးထဲက တစ်မျိုးဖြစ်လာစေပါတယ်။ ဆင်ခြင်ဉာဏ်အားနည်းပြီး ငယ်ဘဝက စိတ်ဆင်းရဲမှုတွေကြောင့် အုပ်ထိန်းသူက မထိန်သိမ်းတတ်ဘဲ ထင်ရာစိုင်းတဲ့သားသမီးဖြစ်လာတဲ့အခါ အဖေ၊ အမေနောက် ခြေရာခံမယ့်သားသမီးမျိုးဖြစ်လာပါလိမ့်မယ်။ ထိုသားသမီးမျိုးကနေ ထပ်မွေးလာမယ့် မျိုးဆက်သည်လည်း နာကျင်မှုတွေနဲ့ ထပ်ကြုံရပါလိမ့်အုံးမယ်။

၂) စိတ်ပိုင်းဆိုင်ရာအားဖြင့် ထိခိုက်နာကျင်စေနိုင်ပါတယ်
ပြောတော့သာ လွယ်တာပါ။ စိတ်ပိုင်းဆိုင်ရာအားဖြင့်နာကျင်စေခြင်းဟာ ခံစားရတာတော့ တနုံနုံနဲ့မို့ ခံစားလို့ မဆုံးတတ်ပါဘူး။ ဘယ်အရွယ်ရောက်ရောက်ပြန်တွေးတိုင်း တသသနာကျင်မှုခံစားရပါတယ်။ အဖေက အမေကို ရိုက်နှက်နေတာကို မြင်တဲ့အခါ အမေ့ကိုယ်စားဝမ်းနည်းတဲ့စိတ်၊ ကြောက်စရာကောင်းတဲ့အဖေကို ကြောက်လန့်တဲ့စိတ်၊ အမေ့မျက်ရည်ကိုမြင်တဲ့အခါ ဘာရယ်မသိ ဝမ်းနည်းလာတဲ့စိတ်၊ စတဲ့နာကျင်မှုတွေကို ဘာမှမသိတဲ့သားသမီးက ရေရှည်ခံစားနေရမှာပဲဖြစ်ပါတယ်။ အဲဒါကိုမှ အဆင်မပြေတဲ့အိမ်ထောင်ရေးကို သားသမီးတွေအဖေတကွဲအမေတကွဲမဖြစ်ရအောင် သည်းခံပေါင်းသင်းနေတဲ့အခါ ရေရှည်မှာ ထိုပြဿနာမျိုးကို နေ့စဉ်ကြုံတွေ့ရလေလေ သားသမီးမှာ နေ့တိုင်းလိုလို စိတ်ဆင်းရဲရလေလေဖြစ်နေမှာပါ။ တကယ်တော့ အိမ်ထောင်ရေးမှာ သားသမီးမျက်နှာကို ကြည့်ပါလို့ဆိုခြင်းက အဖေတကွဲအမေတကွဲဖြစ်လို့ သားသမီးစိတ်ဆင်းရဲတာကို ဆိုလိုတာမဟုတ်ပါဘူး။ အဖေနဲ့အမေရဲ့နေ့စဉ်ရန်ပွဲကိုကြည့်ပြီး သားသမီးနေ့စဉ်စိတ်ဆင်းရဲရမယ့် သားသမီးရဲ့အငိုမျက်နှာကို ကြည့်ပြီး စဉ်းစားခိုင်းတာဖြစ်ပါတယ်။

၃) လူမှုဆက်ဆံရေးမှာအဆင်မပြေနိုင်တော့ပါဘူး
ငယ်စဉ်က စိတ်ဆင်းရဲမှုကိုခံစားရတဲ့ကလေးငယ်တွေဟာ များသောအားဖြင့် အားငယ်လွယ်ပါတယ်။ ဒါပေမယ့် လူရှေ့သူရှေ့ ဝမ်းနည်းအားငယ်ပြခြင်းဟာလည်း သနားစရာကောင်းသူအဖြစ်သတ်မှတ်ခံရမှာကို ကြောက်တတ်ကြပါတယ်။ အဲဒီ့အတွက် လူတကာရှေ့မှာ ဘာမှမခံစားတတ်သူလို ခပ်တည်တည်မာကြောကြော ဟန်ဆောင်တတ်ကြသူတွေဖြစ်လာကြပါတယ်။ လူမှုဆက်ဆံရေးမှာ ဖော်ရွေသူမဖြစ်နိုင်တော့ပါဘူး။ ကိုယ့်ခံစားချက်ကိုဖွင့်ဟဖို့ရာလည်း မရဲကြပါဘူး။ လူတိုင်းကို သံသယနဲ့ဆက်ဆံတတ်သူလည်းဖြစ်လာနိုင်ပါတယ်။

၄) အကျင့်ဆိုးတွေဖြစ်လွယ်စေပါတယ်
ဆင်ခြင်သုံးသပ်နိုင်စွမ်းအားနည်းတဲ့ကလေးတွေက မှန်ကန်တဲ့ မိဘအုပ်ထိန်းမှုကလည်း လွတ်နေတဲ့အခါ သူတို့စိတ်ဆင်းရဲမှုတွေကို ပြေပျောက်ဖို့အတွက် စိတ်ထွက်ပေါက်ရှာတတ်ကြပါတယ်။ အဲဒီ့အခါ အပေါင်းအသင်းကောင်းတဲ့တွေ့ရင် လမ်းမှန်ရောက်တတ်ပေမယ့် အပေါင်းအသင်းမှားတဲ့အခါမှာတော့ လမ်းမှားရောက်လွယ်ကြပါတယ်။ အပေါင်းအသင်းကိုသာအမှန်ယူဆတတ်ပြီး မိဘကိုလေးစားမှုမရှိတဲ့အတွက် မိဘစကားလည်း အရာမရောက်တတ်ပါဘူး။ အဲဒါကြောင့် မှန်ကန်တဲ့အုပ်ထိန်းမှုမပေးနိုင်ဘဲ အချိန်ပြည့် ရန်ပွဲဆင်နွှဲနေတဲ့မိဘတွေရဲ့သားသမီးအချို့ဟာ အကျင့်ဆိုးတွေလည် ဖြစ်လွယ်ပါတယ်။ အိမ်တွင်းစိတ်ဆင်းရဲမှုကို မေ့ထားချင်တဲ့အခါ တဖက်က တခုခုကို အာရုံပိုထားပြီး လုပ်မိတတ်တဲ့အတွက် ကောင်းရင်လည်း အကောင်းဆုံးလူဖြစ်လာနိုင်သလို ဆိုးရင်လည်း အဆိုးဆုံးလူဖြစ်လာပါတယ်။ ဥပမာ။ အိမ်မှာ မိဘတွေရန်ဖြစ်နေတာကို နာကျင်ခံစားရလွန်းလို့ အာရုံပြောင်းတဲ့အနေနဲ့ ကျောင်းစာကိုချည်းလှိမ့်ဖတ်တဲ့ကလေးဟာ အတန်းထဲမှာ ထိပ်ဆုံးက ကျောင်းသားဖြစ်လာနိုင်ပါတယ်။ အဲလိုမဟုတ်ဘဲ မိဘရန်ပွဲကို အာရုံလွှဲချင်လို့ စာမလုပ်ဘဲ အားလုံးမေ့ချင်စိတ်နဲ့ ဂိမ်းဆော့တတ်တဲ့ကလေးက ဂိမ်းကိုစွဲစွဲလမ်းလမ်းဆော့ပြီး ဂိမ်းကလွှဲရင်ဘာမှမလုပ်တော့ဘဲ ဂိမ်းစွဲတဲ့ကလေးဖြစ်လာတတ်ပါတယ်။

၅) သီးသန့် အထီးကျန်နေတတ်ပါတယ်
ထိုကဲ့သို့ ကလေးမျိုးတွေဟာ သူတို့ဝန်းကျင်မှာရှိတဲ့သူတွေကို မယုံကြည်တတ်တဲ့အတွက် သူတို့ခံစားချက်အစစ်အမှန်ကိုလည်း ဘယ်သူ့ကိုမှ ထုတ်မပြတတ်ပါဘူး။ လူတိုင်းကို အဆိုးမြင်နေတဲ့စိတ်များလာပြီး အိမ်မှာ၊ ကျောင်းမှာ၊ သင်တန်းမှာ စသဖြင့် သီးသန့်ဖြစ်နေတတ်ပါတယ်။ တနည်းအားဖြင့်တော့ အပေါင်းအသင်းမရှိရင်လည်း တစ်ကိုယ်တည်းလည်း ဖြစ်နေတတ်ပါတယ်။ လူတိုင်းဟာ သူတို့ခံစားချက်ကိုလှောင်ပြောင်သရော်လိမ့်မယ်လို့ သံသယဝင်နေတတ်ကြပါတယ်။ သူတို့ခံစားချက်ကို ပွင့်လင်းစွာထုတ်ပြရမှာကို ရှက်ရွံ့နေတတ်ပါတယ်။ အဲဒီလိုနဲ့ အထီးကျန်တဲ့ကလေးတွေဖြစ်လာနိုင်ပါတယ်။
တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ချစ်ခင်လို့အိမ်ထောင်ပြုကြပေမယ့် တစ်ယောက်ရဲ့မကောင်းတဲ့အကျင့်တွေကို တစ်ယောက်က ထိုအချိန်မှာ ပွင့်လင်းစွာမြင်လာရတာဖြစ်ပါတယ်။ ထိုကဲ့သို့ အစစ်အမှန်ကိုမြင်လာရတဲ့အခါမှာ ကိုယ့်အမှားကို ကိုယ်တိုင်သိမြင်၊ ပြုပြင်ပြီး တည်ထောင်ထားပြီးသား အိမ်ထောင်ရေးမပြိုကွဲဖို့ နှစ်ဦးနှစ်ဖက်လုံး ကြိုးစားကြပါလိမ့်မယ်။ အဲလိုမဟုတ်ဘဲ တစ်ယောက်ကတော့ သူ့ရဲ့အမှားတွေကိုပြုပြင်ပေမယ့်နောက်တစ်ယောက်ကတော့ လုပ်ချင်ရာလုပ်နေမယ်၊ အိမ်ထောင်ရေးပြိုကွဲခြင်းမပြိုကွဲခြင်း၊ သားသမီးတွေရဲ့အနာဂတ်၊ ပျော်ရွှင်မှု၊ စတာတွေကိုဘာမှထည့်မတွေးဘဲ အမှားတွေကိုမပြုပြင်ဘူးဆိုရင်တော့ ထိုအိမ်ထောင်ရေးဟာ ဘက်မညီတဲ့အိမ်ထောင်ရေးဖြစ်လာပြီး အဆိပ်သင့်အိမ်ထောင်ရေးဖြစ်လာပါတယ်။ ထိုကဲ့သို့အဆိပ်သင့်အိမ်ထောင်ရေးမျိုးကို ပြတ်သားစွာပြိုကွဲလိုက်ခြင်းကသာ အကောင်းဆုံးနည်းလမ်းပါ။ သားသမီးအတွက် အဖေနဲ့အမေခွဲနေလိုက်ခြင်းကသာ အမြဲလို ရန်ဖြစ်၊ ဝမ်းနည်းနာကျင်၊ ကြေကွဲရတာတွေကနေ ရှောင်လွှဲနိုင်ပြီး စိတ်သက်သာရရစေမှာဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ မကွဲလည်းမကွဲ၊ အဆင်လည်းမပြေတဲ့အိမ်ထောင်ရေးကို ဆက်ပြီးရှေ့ဆက်နေခြင်းက တနည်းအားဖြင့် သားသမီးတွေရဲ့စိတ်ကျန်းမာရေးနဲ့ အနာဂတ်ကို မိဘတန်မဲ့ဖျက်ဆီးပစ်လိုက်ခြင်းပါပဲလို့ သတိပေးလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။