အလုပ်တစ်ဖက်နဲ့မိခင်တွေ ပျော်ရွှင်နေဖို့နဲ့ စိတ်ဖိစီးမှုကင်းဝေးအောင် ဘယ်လိုနေထိုင်ရမလဲ။

ဒီနေ့ခေတ်အမျိုးသမီးတွေက အခန်းကဏ္ဍတော်တော်များများမှာ ပါဝင်လှုပ်ရှားနေကြရပါတယ်။ မိခင်အဖြစ်၊ ဇနီးအဖြစ်၊ ဝန်ထမ်းအဖြစ် စသည်ဖြင့်ပေါ့။ အဲဒီလို တာဝန်ပေါင်းများစွာကို ထမ်းရွက်နေရတဲ့အတွက်ကြောင့်ကိုပဲ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအရ စိန်ခေါ်မှုတွေအများကြီးရှိလာပါတယ်။ အလုပ်တစ်ဖက်နဲ့ မိခင်ဘဝ၊ ဇနီးမယားဘဝကိုဖြတ်သန်းနေရတဲ့ အမျိုးသမီးတွေမှာ အခြားသူများထက်ကို စိတ်ဖိစီးမှု၊ စိတ်ခံစားမှု၊ စိတ်ကျန်းမာရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးက ကွာခြားမှုရှိလာနိုင်ပါတယ်။ အဲဒါကြောင့် အလုပ်လုပ်ရတဲ့မိခင်ဝန်ထမ်းတွေအတွက် စိတ်ကော ရုပ်ကော ကျန်းမာဖို့အတွက် အေရးကြီးတဲ့အချက် ၈ချက်ကို မျှဝေပေးချင်ပါတယ်။


၁) သင့်ကိုသင်အချိန်ပေးပါ။
သင့်က အေရးကြီးပါတယ်။ သင့်ကိုသင် အေကာင်းဆုံးဖြစ်အောင် ဂရုမစိုက်ဘူးဆိုရင် အလုပ်မှာကော အိမ်မှာပါ သင်ကဘယ်တာဝန်ကိုမှ အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ တစ်နေ့တာလုံးမှာ သင်နှစ်သက်တာ တစ်ခုခုလုပ်ဆောင်ဖို့တော့ သင့်ကိုသင်အချိန်ပေးပါ။ ကျန်းမာရေးအတွက် gym ဆော့တာမျိုး၊ သင်နှစ်သက်တဲ့ဇာတ်လမ်းတွဲတခုခု ကြည့်တာမျိုး၊ တစ်ယောက်တည်းခရီးသွားတာမျိုး၊ စာဖတ်တာမျိုး။ တရားထိုင်တာမျိုး၊ ဒါမှမဟုတ် ဘာမှမလုပ်ဘဲ အေးဆေးအနားယူတာမျိုးပေါ့။ (မီးပူတိုက်ပြီး အနားယူတာမျိုးမဟုတ်ပါဘူးနော်)
အဲဒီလို အချိန်ပိုင်းလေးအနားယူလိုက်ခြင်းက သင့်စိတ်ထဲမှာဖြစ်နေတာတွေအားလုံး ရှင်းလင်းသွားစေပါလိမ့်မယ်။ စိတ်ကြည်လင်သွားစေတာမျိုးပေါ့။ အဲဒီ့နောက်မှာတော့ သင်လုပ်စရာရှိတာတွေ သင်ပြီးမြောက်အောင်ပိုပြီးလုပ်ဆောင်နိုင်လာမှာပါ။

၂) သင့်ရဲ့လုပ်ဆောင်ရမယ့်တာာဝန်တွေနဲ့ ဝတ္တရားတွေကို တစ်နေရာတည်းမှာ တွေ့မြင်မှတ်သားနိုင်အောင် တစုတစည်းထဲထားပါ။
Google calendar ကဲ့သို digital calendar လုပ်ထားပါ။ ဘယ်အချိန် မဆို သင်လုပ်ရမယ့် အလုပ်မတိုင်မီတစ်ရက် သင့်ကိုသတိပေးနေမှာမို့ သင့်အလုပ်တွေ နောက်ကျတာမျိုး၊ လွဲသွားတာမျိုး မရှိတော့ပါဘူး။ လက်စသတ်စရာရှိတဲ့အလုပ်တွေ အတွက် နောက်ဆုံးရက်မတိုင်မီ မှတ်သားထားတာမျိုး၊ အိမ်ကကေလးအတွက် လုပ်ပေးရမယ့် အလုပ်တွေ၊ မွေးနေ့အတွက်၊ ဒါမှမဟုတ် ကျောင်းကတွေ့ဆုံပွဲအတွက်၊ မိသားစုလက်စုံစားပွဲအတွက် စသည်ဖြင့် အကုန်အမှတ်အသားနဲ့လုပ်ထားနိုင်ပါတယ်။ မိနစ်အနည်းငယ်အတွင်းမှာ သင့်လုပ်ရမယ့် အလုပ်တွေအများကြီးကို မှတ်သားထားပြီး သင့်ကိုတခုချင်း သတိပေးနိုင်တာမို့ ပိုအဆင်ပြေစေပြီး သင့်တာဝန်လည်း လစ်ဟင်းတော့မှာမဟုတ်ပါဘူး။

၃) သင့်ရဲ့အမျိုးသားနဲ့လည်း နှစ်ယောက်တည်းစကားပြောချိန်သတ်မှတ်ထားသင့်ပါတယ်။
သင်တို့ ဇနီးမောင်နှံချင်း စကားလက်ဆုံဆွေးနွေးတာမျိုးလုပ်သင့်ပါတယ်။ အဲဒါက သင့်တို့ နှစ်ဦးကြားက အကြိတ်အခဲတွေကိုလည်း ပြေလည်စေပြီး ရှေ့ဆက်ရမယ့် အစီအစဉ်တွေကိုလည်း ဆွေးနွေးနိုင်ပါတယ်။ သင့်ရဲ့လုပ်ငန်းခွင်ကအေကြာင်း၊ သင့်ကေလးတွေရဲ့ ဖွံ့ဖြိုးမှုအကြောင်း စသည်ဖြင့်ပေါ့။ အရသာရှိတဲ့ညစာကို နှစ်ယောက်အတူ ချက်ပြုတ်ကြတာမျိုး၊ gym ကိုအတူတကွ သွားကြတာမျိုး၊ တစ်ယောက်ကိုတစ်ယောက်စေနာက်နေကြတာမျိုးက စိတ်ဖိစီးမှုတွေလည်း ပြေလျော့စေပါတယ်။

၄) သင့်သူငယ်ချင်း အမျိုးသမီးတွေနဲ့လည်း တွေ့ဆုံရင်ဖွင့်ဖို့မမ့ပါနဲ့နော်။
သင်က သင့်ရဲ့အလုပ်တာဝန်တဖက်၊ မိသားစုတဖက်၊ အိမ်မှုကိစ္စဝေယျာဝစ္စတွေက တစ်ဖက်နဲ့ သင့်ဘဝမှာ တခြားဆက်ဆံရေးတွေအားလုံးနဲ့ ပြတ်တောက်ကုန်တာမျိုးဖြစ်တတ်ပါတယ်။ အဲဒါကြောင့် သင့်ရဲ့ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့တွေ့ဆုံပေးတာမျိုး၊ ပေါ့ပေါ့ပါးပါး ရယ်မာပစ်တာမျိုး၊ ရင်ဖွင်လိုက်တာမျိုးတွေတော့ လုပ်ပေးသင့်ပါတယ်။ သင်ကအခြားသူများထက်ကို အလုပ်များတတ်တာမို့ သင့်သူငယ်ချင်းမိန်းကလေးတွေနဲ့တွေ့ဆုံဖို့ အချိန်တစ်ချိန်သတ်မှတ်ပြီးတော့ကို တွေ့သင့်ပါတယ်။ သင့်တို့ရဲ့ အလုပ်ကိစ္စအတွေ့အကြုံ၊ အခြားလူမူရေးအတွေ့အကြုံတွေ စသည်ဖြင့် အပြန်အလှန်ဖလှယ်တာမျိုးပေါ့။ အဲဒါက သင့်စိတ်ကို ပေါ့ပါးစေနိုင်သလို၊ သင့်စိတ်ကျန်းမာရေးကိုလည်း ကောင်းမွန်ဖို့အထောက်အကူပြုပါတယ်။ ပြီးတော့ အချိန်တန်လို့ သင့်သားသမီးတွေ အရွယ်ရောက်လို့ သူ့မိသားစုနဲ့သူဖြစ်သွားတဲ့အခါမှာလည်း သင့်မှာသင့်အပေါင်းအသင်းတွေနဲ့အတူ အဖွဲ့ကျနိုင်ပါသေးတယ်။ ပြောရရင် အပေါင်းအသင်းတွေနဲ့အဆက်အသွယ်မပြတ်တော့ဘူးပေါ့။

၅) ရုပ်ပိုင်းဆိုင်ရာအရ အမြဲတက်ကြွလန်းဆန်းနေပါစေ။
တက်ကြွဖြတ်လတ်နေခြင်းက သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူပြုရုံမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပါတယ်။ နေ့စဉ် မနက်ခင်းတိုင်းမှာ နာရီဝက်ခန့်အိပ်ရာစောစောထပြီး ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက သင့်ကို တစ်နေ့တာလုံး ဖြတ်လတ် လန်းဆန်းနေစေသလို၊ ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။ ယောဂကျင့်ခြင်း၊ အေရိုးဗစ်ကခြင်း၊ သီချင်းနားထောင်ခြင်း၊ သီချင်းဆိုခြင်း စတဲ့ အရာတွေအပြင် သင်စိတ်ဝင်စားမှုရှိတဲ့အရာတစ်ခုကို နေ့တိုင်းပြုလုပ်ပါ။ သင်စိတ်ပါဝင်စားတဲ့အရာတစ်ခုကို နေ့တိုင်းပြုလုပ်ရမယ်ဆိုတဲ့စိတ်ကလည်း သင့်ကိုတက်ကြွစေပါတယ်။

၆) NO လို့ပြောခြင်းက အဆင်ပြေပါတယ်။
မိခင်ဘဝကော အလုပ်တာဝန်ကော တာဝန်ယူထားရတဲ့ မေမေတွေက အခြားသူများထက်ကို တာဝန်က ပိုနေတာပါ။ အဲဒါအပြင် သူမတို့စိတ်ထဲမှာလည်း အမြဲ နောက်ဆံငင်မှုကို ခံစားနေတတ်ပါတယ်။ ကလေးကို ကျောင်းထိလိုက်မပို့ရတဲ့အခါ “ကလေးအဆင်ပြေပါ့မလား” ဆိုတဲ့အတွေးမျိုး၊ ရုံးကအလုပ်တွေမပြီးလို့ အိမ်မှာလုပ်နေတဲ့အခါ ကလေးကိုအိမ်စာကူမလုပ်ပေးရလို့ “ကလေးအိမ်စာတွေပြီးရဲ့လား၊ မှန်ကောမှန်ရဲ့လား”စသည်ဖြင့် အရာအားလုံးကို လိုက်စိတ်ပူပေးနေရတာပါ။ အဲဒါကြောင့် အရာတော်တော်များများမှာ သူမတို့မပါလိုက်ရရင် အဆင်မပြေလောက်ဘူးလို့လည်း စိုးရိမ်စိတ်ပူနေတတ်ပါတယ်။ ဒါပေမယ့် တခါတလေမှာတော့ ဘာမှကြီးကျယ်တဲ့အမှားမဖြစ်လောက်တဲ့ကိစ္စသေးသေးလေးတွေလောက်ကို ငြင်းဆန်ဖို့ကြိုးစားပါ။ ကိစ္စအသေးအဖွဲလေးဖြစ်တဲ့အတွက် ကိုယ်မပါဘဲ သူ့ဟာသူအဆင်ပြေသွားပါစေ။ အဲဒါမှ ကိုယ်လည်း ဝန်ပေါ့သလို၊ အိမ်ကမိသားစုဝင်တွေလည်း တာဝန်ကိုမျှယူတတ်သွားမှာပါ။ အဲဒါကြောင့် အရာအားလုံးကို လိုက်မလုပ်ဘဲ ငြင်းဆန်တတ်ခြင်းက အဆင်ပြေပါတယ်နော်။ ဒါမှမဟုတ်ရင်လည်း ဒီတခါတော့အဆင်မပြေဘူးထင်ရင် တစ်ခါလောက်ကို သေချာပြောပြသင်ပေးထားလိုက်ပါ။ နောက်တခါ ကိုယ့်ဟာကိုယ်တာဝန်ယူပြီးလုပ်ပါစေ။ အဲဒါမှ လုပ်တတ်သွားမှာဖြစ်ပါတယ်။ အဲဒါအပြင် အိမ်ရှင်မအလုပ်သမားတော်တော်များများကြုံတွေ့ရတတ်တာက ယောက္ခမနဲ့ ဆွေမျိုးများရဲ့ အခြားကိစ္စတွေပါ ကူညီဖြေရှင်းပေးရတာမျိုးပါ။ ဒါကလည်း မြန်မာနိုင်ငံလို့နိုင်ငံမျိုးမှာသာ အဖြစ်များတာပါ။ ဒါပေမယ့်လည်း ကိုယ့်တာဝန်တွေနဲ့ကိုယ်ပိနေလို့ပဲဖြစ်ဖြစ် ၊ ကိုယ်လုပ်ပေးလို့ အဆင်မပြေလောက်ဘူးလို့ ကိုယ်ခံစားနေရရင်ပဲဖြစ်ဖြစ် ကိုယ့်မှငြင်းပိုင်ခွင့်အပြည့်အဝရှိတယ်ဆိုတာမမေ့ပါနဲ့။ အားနာမှုနဲ့လိုက်လုပ်ပေးရပြီးမှ ကိုယ့်အတွက် ထိခိုက်မှုဖြစ်လာရင် မကောင်းပါဘူး။ ရုပ်ပိုင်းဆိုင်ရာမထိခိုက်ရင်တောင် ကိုယ်အနားယူမယ့်အချိန်ကိုဖဲ့ပေးလိုက်ရတယ်ဆိုရင် ရေရှည်မှာဆိုရင် ကိုယ့်အတွက်မကောင်းနိုင်ပါဘူး။ အထူးသဖြင့် အလုပ်ပိတ်ရက်မို့ ဈေးထဲက ပစ္စည်းတခုခုဝယ်ပြီး တကူးတကလာပို့ခိုင်းတာမျိုး၊ ရုံးပိတ်ရက်မို့ အခြားဆွေမျိုးများရဲ့ ကိစ္စ အဖော်လိုက်ခိုင်းတာမျိုးစသည်ဖြင့်ပေါ့။
ကိုယ်မတတ်နိုင်လို့ ငြင်းတာသည် မိုက်ရိုင်းတာမဟုတ်ပါ၊ လူကြီးကို မရိုသေတာမဟုတ်ပါ။ ကိုယ့်လွတ်လပ်ပိုင်ခွင့်ကို ကိုယ်တန်ဖိုးထားတာပဲဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ်အဆင်မပြေတဲ့ကိစ္စမျိုးကို ဘာအတွက်ကြောင့်မှ ငြင်းဖို့ အားမနာ၊ ဝန်မလေးပါနဲ့။

၇) ကောင်းမွန်ခြင်းက လုံလောက်ပါပြီလို့တွေးပါ။
အပြည့်စုံဆုံးဖြစ်ချင်စိတ်က တခါတလေ မလိုလားအပ်တဲ့ ဖိစီးမှုတွေဖြစ်စေပါတယ်။ သင်လုပ်နေတဲ့အလုပ်ချိန်အတွင်းမှာပဲ သင့်အလုပ်တွေကိုလုပ်နိုင်မှာပါ။ ထိုအချိန်လေးအတွင်းမှာ အကောင်းဆုံးအာရုံစူးစိုက်ပြီးလုပ်ခြင်းက အလုပ်ပြီးမြောက်စေပါတယ်။ အဲဒါနဲ့တင်လုံလောက်အောင် လုပ်ပါ။ အဲလိုမဟုတ်ဘဲ အလုပ်မပြီးမြောက်လို့ အိမ်အထိအလုပ်တွေပါလာတဲ့အခါ သင့်မှာ အိမ်ထောင့်တာဝန်လည်းမကျေပွန်နိုင်၊ အလုပ်တာဝန်ကိုလည်း သေချာပြီးမြောက်အောင် အိမ်မှာလုပ်နိုင်ဖို့ရာ မလွယ်နိုင်ပါဘူး။ ကြာလာတော့ သင်ပဲဖိစီးမှုတွေများသထက်များလာတော့တာပေါ့။ မလိုအပ်ပဲနဲ့ အလုပ်ချိန်ကို ပိုယူပြီးအလုပ်လုပ်ခြင်းကလည်း သင့်အတွက်တော့ အိမ်မှုကိစ္စနဲ့ကလေးကိစ္စတွေအတွက် နောက်ဆံငင်နေရမှာပါ။ ပြီးတော့ သင့်ကိုသင်အနားပေးတဲ့အချိန်လည်း တဖြေးဖြေးပျောက်ဆုံးသွားနိုင်ပါတယ်။ အစားအစာကိုလည်း ကျန်းမာရေးနဲ့ညီညွှတ်အောင် ပြင်ဆင်ချက်ပြုတ်စားသောက်ဖို့အချိန်ပေးနိုင်မှာမဟုတ်ပါဘူး။ အဲဒီ့အခါ ဖြစ်လာမယ့်အကျိုးဆက်တွေက စိတ်ပိုင်းဆိုင်ရာအရ ဖိစီးမှုကော ရုပ်ပိုင်းဆိုင်ရာအရကော မကောင်းနိုင်တော့ပါဘူးနော်။ အဲဒါကြောင့် ရထားတဲ့အလုပ်ချိန်မှာပဲ အလုပ်ကို သေချာအာရုံစူးစိုက်ပြီး အလုပ်ပြီးမြောက်အောင်လုပ်ပါ။ ကောင်းမွန်အောင်လုပ်ဆောင်နိုင်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်၊ အဲဒါနဲ့တင် လုံလောက်ပါတယ်နော်။

၈) သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို လေးစားမှုထားပါ။
သင့်ရဲ့ရုံးကလုပ်ဖော်ကိုင်ဖက်တွေကို ဂရုမစိုက်သလို၊ အလေးမထားသလို မဆက်ဆံပါနဲ့။ ထိုသူတွေက သင့်ရဲ့ အချိန်တော်တော်များများမှာ ဆက်ဆံနေရတာမို့ သူတို့နဲ့ဆက်ဆံရေးကို အဆင်ပြေပါစေ။ အဲဒါက သင့်ကိုစိတ်ပျော်ရွှင်မှုပေးနိုင်ပါတယ်။ အလုပ်ခွင်မှာ စိတ်ပျော်ရွှင်နေတဲ့အခါ သင်အလုပ်ကိုစိတ်မပျက်ဘဲ ပျော်ပျော်ရွှင်ရွှင်လုပ်နိုင်တာပေါ့။ စာတိုဖြစ်ဖြစ်၊ အီးမေးလ်ဖြစ်ဖြစ် ပြန်ဖြစ်အောင်ကြိုးစားပါ။ သူတို့ကို သင်အလေးထားကြောင်းပြသပါ။ အဲဒါက သင့်ကို အလုပ်ပြီးမြောက်ဖို့လည်း အထောက်အကူပြုပါလိမ့်မယ်။
https://www.mountelizabeth.com.sg/healthplus/article/8-ways-stay-sane-women လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။