အချစ်နဲ့ လက်ထပ်ခြင်းကြားက ခြားနားချက်

ချစ်ခြင်းတရားက လူတိုင်းနဲ့ကင်းကွာနိုင်မယ်မထင်ပါဘူး။ မိဘလိုချစ်ခြင်း ၅၂၈ နဲ့ ချစ်သူလက်တွဲဖော်လိုချစ်ခြင်း ၁၅၀၀ ဆိုတာတော့ လူတိုင်းနီးပါး ကြားဖူးပြီးသားပါ။ ယေဘုယျအားဖြင့် ထိုအချစ်နှစ်မျိုးမှာ ၅၂၈ကတော့ အမြဲပေးဆပ်နေတဲ့ချစ်ခြင်းမျိုးဖြစ်ပြီး အေးချမ်းစေတယ်လို့ သိထားကြပါတယ်။ ၁၅၀၀ အချစ်မျိုးကတော့ အေးချမ်းလည်း တခဏသာဖြစ်ပြီး အမြဲပူလောင်မှုတွေသာများတယ်လို့ သိထားကြပြန်ပါတယ်။ ထို ၁၅၀၀ အချစ်မှာမှ ပြန်ပြီး အမျိုးအစားခွဲမယ်ဆိုရင် မေတ္တာလိုအချစ်၊ တပ်မက်မှုလိုအချစ်၊ ရူးရူးမိုက်မိုက်အချစ် ဆိုပြီး အကြမ်းဖျင်းခွဲခြားနိုင်မယ်ထင်ပါတယ်။


လူငယ်ဘဝမှာတော့ များသောအားဖြင့် ချစ်တဲ့စိတ်လေးတစ်ခုထဲကို လက်ကိုင်ပြုပြီး ရူးရူးမိုက်မိုက်ချစ်တတ်ကြပါတယ်။ လူလတ်ပိုင်းအရွယ်ရောက်လာတဲ့အခါမှာတော့ များသောအားဖြင့် တည်ငြိမ်ပြီး စဉ်းစားဆင်ခြင်နိုင်တဲ့ဘက်ကိုများ လာတယ်လို့ ယူဆနိုင်ပါတယ်။ နောက်ထပ်ထင်ယောင်ထင်မှားဖြစ်တတ်လေ့ရှိတာကျပြန်တော့ တပ်မက်စိတ်နဲ့ချစ်တဲ့အချစ်နဲ့ မေတ္တာစိတ်နဲ့ချစ်တဲ့အချစ်ပါ။ ဆရာမကြီး ပတ္တမြားခင်ရဲ့ “အတိတ်လမ်းကိုပြန်လျှောက်ခြင်း” ဆိုတဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်ထဲမှာဆိုရင် ဆရာမကြီးရဲ့အချစ်ကို သုံးသပ်ပြပုံကို ကြိုက်လို့ ပြန်ပြီးဖော်ပြပေးချင်ပါတယ်။ ဆရာမကြီးက မေတ္တာနဲ့တပ်မက်မှု့က ခပ်ဆင်ဆင်တူနေတတ်တယ်လို့ပြောပြထားပါတယ်။
“တပ်မက်မှုက စိတ်လှုပ်ရှားတယ်။ စိတ်အားထက်သန်တယ်။ ဒါပေမဲ့ မေတ္တာလိုမငြိမ်းချမ်းဘူး။ စိုးမိုးချင်တယ်။ ထိန်းချုပ်ချင်တယ်။ သံသယများတယ်။ မေတ္တာကတော့ ရဲဘော် ရဲဘက်စိတ် အရင်းခံလို့ နာလည်မှုရှိတယ်။ သံသယကင်းတယ်။ တစ်ဖက်သားရဲ့ မပြည့်ဝမှုတွေကို အရှိ အရှိအတိုင်း လက်ခံနိုင်တယ်။ ခွင့်လွှတ်စိတ်နဲ့ ရှု့မြင်နိုင်တယ်။ အခြေခိုင်တယ်။
တက်မက်မှုလို ဖျတ်ခနဲ တောက်တဲ့မီး မဟုတ်ဘူး။ အခြေအမြစ်နဲ့ ပန်းလေးတစ်ပင်ပျိုးသလို တဖြည်းဖြည်းရှင်သန်ကြီးထွားလာတာမျိုး၊ အစစ်အမှန်ဖြစ်လို့ သူ့မှာ စွမ်းအင်နဲ့လည်းပြည့်စုံ တယ်။ အနားမှာ ရှိရှိ၊ မရှိရှိ ကွာဝေးခြင်းကြောင့် မခြားနားဘူး။ အတူမရှိပေမဲ့လည်း မေတ္တာရဲ့စွမ်း အင်က နွေးထွေးစေတယ်။ တစ်ဦးကို တစ်ဦး ယုံကြည်မှုက လုံခြုံမှုကိုပေးတယ်။
တပ်မက်မှုက ဝေးကွာခြင်းရဲ့ဒဏ်ကို မခံနိုင်ဘူး။ ပူလောင်စေတယ်။ အစစ်အမှန်မဟုတ်လို့ ပျက် ပြယ်ဖို့ လွယ်ကူတယ်။ မေတ္တာကို ရထားတဲ့သူက အခါခပ်သိမ်း စိတ်လွတ်လပ်ပြီး ကြည်လင်ချမ်း မြေ့တယ်။ တက်မက်ခြင်းခံရသူက အကျဉ်းသား တစ်ယောက်လို စိတ်နှလုံးကျဉ်းျကပ်ညှိုးချုံးစေ တယ်။” ဆိုပြီး ပြောပြထားပါတယ်။ ဆရာမကြီးရဲ့စာသားထဲမှာ နှိုှု်င်းယှဉ်ဖော်ပြထားတာ ပိုပြီးသိသာရှင်းလင်းစေပါတယ်။
အချစ်ကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်တဲ့အခါ ကိုယ့်ရဲ့အချစ်က မေတ္တာလိုအချစ်မျိုးကသာ တစ်ဦးနဲ့တစ်ဦးအေးချမ်းစွာ ရေရှည်လက်တွဲဖို့ ပိုအဆင်ပြေစေလိမ့်မယ်ထင်ပါတယ်။
ချစ်သူရည်းစားဘဝမှာတော့ ချစ်ခြင်းကသာ အဓိက ကျပြီး ကျန်တဲ့အရာတွေက ဘာမှ သိပ်အရေးမပါသေးပါဘူး။
ဒါပေမယ့် ချစ်ခြင်းနဲ့ လက်ထပ်ခြင်းကြားမှာ ကြီးမားတဲ့ခြားနားချက်ကြီးတစ်ခုရှိနေပါတယ်။ အဲဒါကတော့ တာဝန်ယူနိုင်ခြင်းပါပဲ။ ချစ်သူဘဝမှာ ကိုယ့်ကချစ်တဲ့အချစ်နဲ့ သူကချစ်တဲ့အချစ်၊ အပြန်အလှန် ချစ်နေရရင်သာ အားလုံးပြည့်စုံနေလို့ရပါတယ်။ လက်ထပ်ခြင်းမှာတော့ အချစ်တစ်ခုထဲနဲ့တင်မပြီးဆုံးနိုင်တော့ပါဘူး။
မိသားစုနှစ်ခုမှ လူနှစ်ယောက်က တစ်အိုးတစ်အိမ်ထူထောင်တာဖြစ်လို့ နှစ်ယောက်ထဲအတွက် စားဝတ်နေရေးအဆင်ပြေဖို့လိုအပ်လာပါပြီ။ အပြန်အလှန်တစ်ယောက်ကိုတစ်ယောက် တာဝန်ယူမှုလိုလာပါတယ်။ တစ်ယောက်ကို တစ်ယောက်က ကူညီဖေးမဖို့လိုအပ်လာပါတယ်။ တစ်ယောက်ရဲ့မိသားစုနဲ့ တစ်ယောက်က မပတ်သက်ချင်လို့မရတော့လို့ မိသားစုချင်း အဆင်ပြေဖို့လိုအပ်လာပါတယ်။ နှစ်ယောက်အတူရှေ့ဆက်ဖို့အနာဂတ်အစီအစဉ်တွေအတွက် စီမံဖို့ ၊ အတူကြိုးစားဖို့ လိုအပ်လာပါတယ်။ တစ်ယောက်ရဲ့ကောင်းခြင်း၊ ဆိုးခြင်းက အခြားတစ်ယောက်အပေါ် တိုက်ရိုက်ကိုပတ်သက်လာပါတယ်။ အပြန်အလှန်ယုံကြည်မှုနဲ့ သစ္စာမဖောက်ဖျက်မှုကလည်း နှစ်ဦးလုံးအတွက်အရေးကြီးလာပါတယ်။
သားသမီးတွေတိုးပွားလာတဲ့အခါ လက်ထပ်ခြင်းက ပိုပြီး တာဝန်ကြီးလေးလာပါတယ်။ သားသမီးတွေရဲ့ ရှေ့ရေးအနာဂတ်ကိုကြိုတွေးဖို့လိုရုံသာမက၊ ခုလတ်တလော သားသမီးပြုစုပျိုးထောင်ခြင်းကလည်း အရေးကြီးလာပြန်ပါတယ်။ ချစ်သူဘဝတာဝန်ကနေ အိမ်ထောင်ဦးစီးရဲ့တာဝန်က ပိုကြီးလေးလာပါတယ်။ အိမ်ထောင်ဦးစီးက အိမ်တစ်အိမ်ရဲ့ခေါင်မိုးနဲ့တူတာမို့ အိမ်တစ်အိမ်မှာ အမိုးမလုံရင် တစ်အိမ်လုံးကိုသက်ရောက်နိုင်ပြန်ပါတယ်။ အိမ်ရှင်မကျပြန်တော့လည်း သူ့တာဝန်နဲ့သူမို့ အိမ်ရဲ့ခေါင်တိုင်လိုပါပဲ။ သူမရဲ့ထောက်ကူမှုမပါပြန်၊ တာဝန်ယူမှုမပါပြန်ရင် အိမ်ကပြိုကျနိုင်တာပါပဲ။
သာမန်ချစ်သူဘဝမှာတုန်းကတော့ တစ်ယောက်မကောင်း တစ်ယောက်ပြောင်းလို့ လွယ်သလို ဘာတာဝန်ကြီးလေးတာမျိုးမှ မရှိတာမို့ ပေါ့ပါးပါတယ်။ လက်ထပ်လိုက်ကြတဲ့အခါမှာတော့ house နဲ့တူတဲ့ ရုပ်ပိုင်းဆိုင်ရာတွေနဲ့အိမ်အမည်ခံရအောင် ဆောက်လုပ်ထားတဲ့အိမ်တစ်လုံးပဲဖြစ်နေလို့မရပါဘူး။ home နဲ့တူတဲ့ နွေးထွေးတဲ့အိမ်ဂေဟာလေးဖြစ်အောင် တစ်မိသားစုလုံးရဲ့တာဝန်ဖြစ်သွားပါတယ်။ အချစ်ကိုရှေ့တန်းတင်၊ လွယ်လွယ် လက်ထပ်ကြတဲ့အခါ တာဝန်ရဲ့ကြီးလေးနက်နဲမှုကို သေချာနားမလည်ကြလို့ တာဝန်တွေပိလာတဲ့အခါ မထမ်းထားနိုင်တော့ဘဲ လွှတ်ချမိတာမျိုးဖြစ်နိုင်ပါတယ်။ အဲဒီ့အခါမှာ မဖြစ်သင့်တဲ့၊ မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားလာရနိုင်ပါတယ်။ တာဝန်မယူနိုင်ခြင်းမရှိဘဲ လက်ထပ်ခြင်းက တစ်ဦးကိုတစ်ဦး ဒုက္ခတွေနဲ့ချည်နှောင်ခြင်းဖြစ်ပါတယ်။
အဲဒါကြောင့် အချစ်ကိုပေါ့ပေါ့လေးတွေးပြီး လက်ထပ်လိုက်ခြင်းက မလွယ်ပါဘူး။ တာဝန်ယူခွင့်ပိုများပါတယ်။ ကြုံလာသမျှ အဆိုးအကောင်းအားလုံး နှစ်ယောက်အတူတာဝန်ယူမယ်၊ တိုက်ခိုက်မယ်လို့ ဆုံးဖြတ်ပြီး ရဲရဲလက်တွဲနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဆိုလိုချင်တာက အချစ်နဲ့လက်ထပ်ခြင်းကြားက ခြားနားချက်ကို သိပါ၊ လက်ထပ်ခြင်းနောက်က တစ်ဦးကိုတစ်ဦးတာဝန်ကိုယ်စီယူနိုင်မှ လက်ထပ်ကြတာက နောက်ဖြစ်လာမယ့် ကိုယ့်ရဲ့ရင်သွေးတွေအတွက်လည်း မိဘကောင်းဖြစ်ဖို့ အလားအလာများစေပါတယ်။ ကိုယ့်ရဲ့အိမ်ထောင်ရေးလည်း ပိုပြီးသာယာနိုင်ပါတယ်လို့။ တစ်ဦးကိုတစ်ဦး အချစ်ကြောင့်မျက်လုံမှိတ်လက်ထပ်တာမျိုးထက် အချစ်လည်းပါ၊ တာဝန်ယူမှုလည်းပါတဲ့လက်ထပ်ခြင်းကတော့ ပြည့်စုံခြင်းဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်လို့ဖော်ပြလိုက်ရပါတယ်။
အဲဒီ့တော့ အချစ်နဲ့ လက်ထပ်ခြင်းကြားက ခြားနားချက်က အင်မတန်ကြီးမားပါတယ်။ အချစ်ကိုချစ်ပါ၊ လက်ထပ်ဖို့အတွက် တာဝန်ယူနိုင်အောင် ကြိုးစားပါ၊ ဦးနှောက်နဲ့ ဆင်ခြင်ပါ၊ စီစဉ်ပါ၊ ကိုယ်စီတာဝန်ယူပါ။ ကိုယ်စီတာဝန်ယူနိုင်ပြီး တာဝန်ကျေနိုင်တဲ့အခါ လက်ထပ်ခြင်းကသာ သာယာတဲ့ဘဝခရီးကို လျှောက်လှမ်းနိုင်စေမှာပါ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။