အကောင်းဘက်က တွေးတတ်အောင် ဘယ်လိုကျင့်မလဲ။

အကောင်းမြင်တတ်ပါစေ….ဆိုတဲ့စကားက လူတိုင်းနားရည်ဝနေတဲ့စကားဖြစ်မှာပါ။ ဒါပေမယ့် ဘယ်လိုအကောင်းမြင်တတ်အောင် ကျင့်ရမလဲဆိုတာတော့ လူတိုင်းသိမှာမဟုတ်လောက်ပါဘူး။ ပြဿနာတစ်ခုကြုံလာတိုင်း အကောင်းဘက်ကတွေးလိုက်ပါလို့ပြောတဲ့အခါ ….. ခံစားရတဲ့သူမှမဟုတ်တော့ ပြောနိုင်တာပေါ့၊ အကောင်းဘက်ကဘယ်လိုတွေးမလဲဆိုပြီး ပြောတတ်ပါသေးတယ်။ တကယ်လည်း အဟုတ်ပါပဲ။ အဆိုးတွေကြုံနေတဲ့သူတစ်ယောက်ကို အကောင်းဘက်တွေးလိုက်ပါကွာ….လို့များ သွားပြောမိရင် ကာယကံရှင်ကတော့ ချက်ချင်းကြီးဘယ်လိုလုပ် အကောင်းမြင်စိတ်မွေးနိုင်ပါ့မလဲနော်။ အဲဒါကြောင့် အကောင်းမြင်တတ်လာအောင် ကျင့်ကြံကြည့်ပါ။ အကောင်းဘက်ကတွေးတတ်တာ အကျင့်တစ်ခုလိုဖြစ်သွားအောင် ကျင့်လို့ရပါတယ်။ အကျင့်တစ်ခုဖြစ်သွားတဲ့အခါ အဆိုးတွေကြုံလာရရင် အလိုလိုကို အကောင်းဘက်က တွေးတတ်သွားပါလိမ့်မယ်။ အဲဒါဆို အကောင်းဘက်က ဘယ်လိုကျင့်မလဲလို့ ဆက်ဖတ်ကြည့်လိုက်ပါ။


၁) အမြင်နှစ်ခုရှိတာကို သတိရလိုက်ပါ။
ဘယ်ကိစ္စမဆို၊ ဘယ်ဖြစ်ရပ်မဆို အမြင်နှစ်ခုရှိတယ်ဆိုတာ မမေ့လိုက်ပါနဲ့။ သင်ရုံးကနေ အိမ်ပြန်ရောက်လို့ အိမ်မှာ အမှိုက်တွေပွနေလို့ သင်စိတ်တိုရတယ်ဆိုပါတော့။ သင့်ဘက်က ကြည့်ရင် အလုပ်ကနေမောမောနဲ့ပြန်လာရတဲ့အထဲ အိမ်မှာရှိတဲ့လူတွေက အလုပ်ကပြန်လာတဲ့သူအမောပြေအောင် အိမ်အလုပ်တွေ ဝိုင်းမကူထားပေးဘူးဆိုတဲ့အမြင်ပေါ့။ အဲဒီ့အမြင်နဲ့ သင်က ချက်ချင်းစိတ်ဆိုးဒေါသထွက်ပါတော့တယ်။ အိမ်မှာနေတဲ့သူမှာကျပြန်တော့ တစ်နေလုံး အိမ်မှုကိစ္စတွေနဲ့ လုပ်ကိုင်ပြီးပြီမို့ ခဏနားလိုက်နေမယ်…..နားပြီးမှ ကျန်တဲ့အမှိုက်လေးတွေဆက်ရှင်းမယ်လို့ တွေးနေတာမျိုး ဖြစ်နိုင်နေပြန်ရော။ လူတိုင်းက ကိုယ့်အမြင်နဲ့ကိုယ် မှန်တယ်ထင်နေကျတာပဲမဟုတ်လား။ ဖြစ်ရပ်တစ်ခုဖြစ်လာတဲ့အပေါ်မှာ အမြင်နှစ်ခုရှိနေတယ်။ လက်ဖဝါးနဲ့လက်ဖမိုးလိုမျိုး ကိုယ်ဘက်ကကြည့်ရင်လက်ဖမိုးဖြစ်နေနိုင်ပေမယ့် သူများဘက်ကကြည့်ရင်လက်ဖဝါးဖြစ်နေတတ်ပြန်ပါတယ်။ အဲဒါကြောင့် ဖြစ်ရပ်တစ်ခုကြုံလာရင် စိတ်ခံစားမှုနဲ့အရင်ဆုံး ပေါက်ကွဲမယ့်အစား အမြင်နှစ်ခုရှိကြောင်းတွေးလိုက်ပါ။ “အော်….ငါက ဒီလိုတွေးပေမယ့် သူ့အတွေးက တစ်မျိုးဖြစ်နေနိုင်တာပဲလေ….” လို့တွေးကြည့်ပါ။ စိတ်အနည်းငယ်သက်သာရာရသွားပါလိမ့်မယ်။
၂) ကောင်းတဲ့ဘက်က ရှာကြည့်တဲ့ အကျင့်ဖြစ်ပါစေ။
ပြဿနာပဲကြုံကြုံ၊ အမြင်မတူလို့ အငြင်းပွားစရာပဲကြုံကြုံ၊ စိတ်ဒေါသထွက်စရာပဲကြုံကြုံ အမြင်နှစ်ခုရှိကြောင်းတွေးပါ။ အဲလိုတွေးတတ်တဲ့အတွေးကို အကျင့်လုပ်ယူပါ။ ဆရာထင်လင်းဘာသာပြန်ထားတဲ့ ပေါ်လီယာနာစာအုပ်ဖတ်ဖူးကြမယ်ထင်ပါတယ်။ ထိုစာအုပ်ထဲကလိုမျိုး ဖြစ်ရပ်တစ်ခုဖြစ်တဲ့အခါ အဲဒီ့ဖြစ်ရပ်ရဲ့ ကိုယ်မမြင်နိုင်တဲ့နောက်ထပ် အမြင်တစ်ခုကို ရှာလိုက်ပါ။ ဥပမာ၊ ပေါ်လီယာနာဆိုတဲ့ကလေးမလေးဟာ သူ့အဒေါ်အိမ်ကိုရောက်သွားတဲ့အချိန်အဒေါ်ဖြစ်သူက အခန်းကျဉ်းလေးထဲမှာသာ နေခိုင်းခဲ့ပါတယ်။ အဲဒီ့အချိန်မှာ အခန်းထဲမှာ မှန်တစ်ချပ်တောင်မရှိနေတာကို တွေးလိုက်တဲ့ပေါ်လီယာနာရဲ့အတွေးက “မှန်တစ်ချပ်မှ မရှိတာလည်း ကောင်းတာပဲ။ သမီးမျက်နှာက မဲ့ခြောက်တွေကို မမြင်ရတော့ဘူးပေါ့” ဆိုတာမျိုးပါ။ အခန်းထဲမှာ မှန်လေးတစ်ချပ်တောင် ရှိမနေဘူးဆိုတဲ့အဆိုးဘက်ကမတွေးဘဲ အဲဒါရဲ့နောက်ထပ်အမြင်တစ်ခုအနေနဲ့လှည့်တွေးနိုင်ပါတယ်။ မှန်မရှိတော့ သူ့မျက်နှာက မလှပမှုတွေကို မမြင်ရတာ ကောင်းတာပေါ့ဆိုတဲ့အတွေးမျိုးပေါ့။ အဲဒီ့အခါ ဘယ်လောက်စိတ်ချမ်းသာသွားမလဲ။ အခန်းကျဉ်းအဟောင်းလေးထဲမှာ နေရလို့ စိတ်ညစ်နေမယ်ထင်တဲ့အိမ်ဖော်မိန်းကလေးဟာ ပေါ်လီယာနာအတွက် စိတ်မကောင်းဖြစ်နေမိပေမယ့် အခန်းလေးထဲက ပြတင်းပေါက်မှာရပ်ပြီး “ သစ်ပင်တွေ ၊ အိမ်တွေ၊ ဝတ်ကျောင်းတွေ မြင်ကွင်းတွေက ပန်းချီကားတစ်ချပ်လိုလှပလွန်းလို့ ဘယ်သူက အဲလိုပန်းချီကားမျိုးလာပေးနိုင်ပါ့မလဲ” လို့ တွေးတာမျိုးပါ။ အခန်းကလည်း ကျဉ်းလိုက်တာ မှောင်လိုက်တာလို့ ညည်းမယ့်အစား အခန်းထဲကနေလှမ်းမြင်ရတဲ့မြင်ကွင်းက ပန်းချီကားတောင် ရှုံးတာမို့ ဒီလိုအခန်းမျိုးရတာဝမ်းသာစရာလို့တွေးလိုက်တာမျိုးပါ။
ခြေထောက်တစ်ဖက်ကျိုးသွားတဲ့အခါ “ခြေထောက်နှစ်ဖက်လုံးမကျိုးတာဘဲ ကံကောင်းတယ်” လို့တွေးကြည့်နိုင်အောင်ကြိုးစားတာမျိုးပေါ့။
အဲဒါကြောင့် ပြောချင်တာက ဖြစ်ရပ်တစ်ခုခုဖြစ်လာတိုင်း ကိုယ်ဘက်ကအမြင်ကိုချည်း ဆုပ်ကိုင်ထားပြီး ဝမ်းမနည်း၊ စိတ်မညစ်၊ ဒေါသမထွက်ပါနဲ့အုံး။ အခြားတစ်ဖက်က ကောင်းတာကိုရှာကြည့်တဲ့အကျင့်လုပ်ပါလို့။ ပြောရရင် အဆိုးထဲကအကောင်းကို ရှာကြည့်နိုင်အောင် ကြိုးစားကျင့်ပါ။
၃) နောက်ဆက်တွဲကို ကြိုစဉ်းစားကြည့်လိုက်ပါ။
ဖြစ်ရပ်တစ်ခုကြုံလာတဲ့အခါ စိတ်ခံစားမှုအရ တုံ့ပြန်လိုက်မယ်ဆိုရင် နောက်ဆက်တွဲအကျိုးဆက်တွေဖြစ်လာနိုင်ပါတယ်။ ဖြစ်ရပ်အပေါ် တုံ့ပြန်မှုမလုပ်ခင် သင်တုံ့ပြန်လိုက်တဲ့ပေါ်မူတည်ပြီး ဘာတွေဆက်ဖြစ်နိုင်သလဲ ကြိုပြီး စိတ်ကူးယဉ်ကြည့်လိုက်ပါ။ သင်တို့အိမ်မှာ ဇနီးမောင်နှံခြင်းအဆင်မပြေဖြစ်တော့မယ်ဆိုပါစို့….၊ သင်နဲ့ သင့်အမျိုးသမီး သူနိုင်ကိုယ်နိုင်အော်ဟစ်မယ်၊ သူမှန်တယ်သင်မှန်တယ်လို့အပြိုင်ငြင်းခုံဖြစ်တော့မယ်ဆိုပါစို့။ သင်တို့အကြီးအကျယ်ရန်ဖြစ်တဲ့အခါ သင့်ကလေးက အိမ်မှာရှိနေမယ်၊ သင်တို့ရန်ဖြစ်တာကြည့်ပြီး ကလေးက ကြောက်လန့်တကြီးအော်ဟစ်ငိုယိုမယ်၊ ကလေးရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်သွားမယ်၊ ကလေးရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ပါများလာရင် ကလေးရဲ့လူမှုဆက်ဆံရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးမှုစတာတွေပါ ထိခိုက်လာနိုင်တယ်ဆိုပြီး အခြေအနေကိုကြိုတွေးကြည့်လိုက်ပါ။ အဲဒီ့တော့ ဒီပြဿနာဖြစ်ရပ်မှာ မျက်နှာချင်းဆိုင်ပြီး အေးဆေးဆွေးနွေးလိုက်ရင်ကော ဘာဖြစ်လာမလဲ။ ရုပ်ပျက်ဆင်းပျက်ရန်မဖြစ်ရလို့၊ ကလေးလည်းမထိခိုက်သလို၊ သင်တို့ဇနီးမောင်နှံကြားလည်း ဆက်ဆံရေး ကတောက်ကဆဖြစ်စရာမလိုတော့ပါဘူး။ ဘယ်လောက်များကောင်းလိုက်သလဲ။
အဲလိုဖြစ်ရပ်တစ်ခုကို စိတ်ခံစားချက်အရတုံ့ပြန်မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကိုကြိုတွေးခြင်းက သင့်အတွက် အဆိုးမြင်စိတ်ကို အကောင်းဘက်ကို ပြောင်းဖို့ တွန်းအားဖြစ်သွားပါလိမ့်မယ်။
အထက်က အချက်၃ချက်က အရမ်းလွယ်ပါတယ်။ ဖြစ်ရပ်တစ်ခုဖြစ်လာရင် ချက်ချင်းသတိလေးကပ်ပြီး အဆင့်၁ကနေ ၃အထိ တွေးကြည့်တဲ့အကျင့်လေးလုပ်ကြည့်ပါ။ လုပ်ကြည့်ပါများလာရင် တမင်လိုက်တွေးနေစရာမလိုတော့ဘဲ အလိုလိုကို တွေးတတ်သွားပါလိမ့်မယ်။ ပြဿနာတွေဖြစ်ရပ်တွေအပေါ်မှာ အဆိုးစိတ်နဲ့တုံ့ပြန်ခြင်းက အဆိုးတွေပဲရလာမှာသေချာပြီး အကောင်းဘက်က သင့်အတွေးကို စတင်ပြောင်းလဲလိုက်တာနဲ့ သင်လည်း အကောင်းတွေချည်းရလာမှာသေချာပါတယ်။ ယုတ်စွအဆုံး အကောင်းတွေချည်းမရလာနဲ့အုံး၊ သင့်စိတ်မှာ အကောင်းဘက်ကတွေးတတ်တဲ့အတွက် သူများအပေါ်စိတ်ဆိုးဒေါသမထွက်မိတော့လို့ သင့်စိတ်ကြည်လင်ပြီး သင်အတွက်ပိုကောင်းပါသေးတယ်။ အားလုံးပဲအဆင့် သုံးဆင့်ကို လိုက်နာကြည့်လိုက်ပါလို့။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။