သင့်ရဲ့စွမ်းရည်တွေ တိုးတက်လာစေဖို့ ကျင့်သုံးသင့်သော အကျင့်ကောင်းများ

“Every next level of your life will demand a different you.”– Leonardo DiCaprio ပြောထားတဲ့စကားလိုပါပဲ။ သင့်ဘဝအတွက်နောက်ထပ်အဆင့်တစ်ခုမြင့်တက်ချင်တယ်ဆိုရင် သင့်ရဲ့စွမ်းရည်တွေလည်း တိုးတက်လာဖို့လိုအပ်ပါတယ်။ သင့်ဘဝမှာ ခုထက် ဝင်ငွေပိုရချင်သလား၊ ခုထက် ရာထူးတိုးချင်သလား၊ ခုထက် ဆရာကျချင်သလား ပိုမြင့်တဲ့ဘဝရဲ့အဆင့်တစ်ခုကိုရောက်ချင်တယ်ဆိုရင်တော့ သင့်ထက်ပိုတော်တဲ့ သင်ဖြစ်နေဖို့လိုပါတယ်။ သင့်မှာ ရှိတဲ့စွမ်းရည်တွေထက်မြက်လာလေ သင့်ဘဝရဲ့အဆင့်အတန်းကလည်း ပိုပြီးမြင့်တက်လာလေလေ သင့်ရဲ့ဝင်ငွေကလည်း လိုက်ပါတိုးမြင့်လာလေလေဖြစ်မှာပါ။ အဲဒါကြောင့် ဝင်ငွေကို အရင်မလိုချင်ပါနဲ့။ သင့်ရဲ့စွမ်းရည်ကိုသာ အရင်မြင့်တင်ပါ။ သင့်ရဲ့စွမ်းရည်တိုးတက်လာစေဖို့ လိုက်နာကျင့်သုံးသင့်တဲ့ အကျင့်ကောင်းလေးတွေဖော်ပြပေးလိုက်ပါတယ်။


၁) နေ့တိုင်းစာဖတ်ပါ။
စာဖတ်ခြင်းက သင့်ကို အသိပညာ၊ ဗဟုသုတတွေတိုးပွားစေနိုင်သလို၊ စဉ်းစားချင့်ချိန်နိုင်စွမ်းလည်း တိုးလာစေပါတယ်။ အမြင်ကျယ်လာသလို အခြားသူတွေရဲ့ဘဝကိုလည်း ပိုပြီးမြင်တတ်လာစေပါတယ်။ နှလုံးသားအာဟာရတိုးစေဖို့ ရသစာပေတွေဖတ်သင့်သလို၊ ဗဟုသုတ တိုးပွားစေဖို့လည်း သုတစာပေတွေဖတ်သင့်ပါတယ်။ အောင်မြင်တဲ့လူတိုင်းက နေ့တိုင်းစာဖတ်ကြသူတွေချည်းပါပဲ။ အဲဒါကြောင့် သင့်စွမ်းရည်တိုးတက်စေဖို့ နေ့တိုင်းစာဖတ်သင့်ပါတယ်။

၂) အသစ်တခုခုကို အမြဲသင်ယူပါ။
သင့်အတွက် အကျိုးရှိစေတဲ့ ပညာရပ်အသစ်တခုခုကို အမြဲသင်ယူနေပါ။ ဘယ်တော့မဆို စေ့စပ်အောင်လေ့လာသင်ယူထားခြင်းက တစ်နေရာရာလိုအပ်လာတဲ့အခါ အသုံးတည့်လာမှာပါ။ အမြဲသင်ယူနေခြင်းက မှတ်ဉာဏ်လည်း အားကောင်းစေပါတယ်။ ကိုယ့်အတွက်လည်း အတတ်ပညာတစ်ခုခုထိရောက်စွာတတ်မြောက်ထားခြင်းက အလကားတော့မဖြစ်စေပါဘူး။ ဘာသာစကားအသစ်တစ်ခုခုပဲဖြစ်ဖြစ်၊ အတတ်ပညာတစ်ခုခုပဲဖြစ်ဖြစ် သင်ယူသင့်ပါတယ်။

၃) comfort zone ထဲကနေ ရုန်းထွက်ပါ။
သိပြီးတဲ့အတိုင်းပါပဲ။ comfort zone ဆိုတာက သင့်ကို သက်တောင့်သက်သာရှိနေစေပြီး အေးဆေးဖြစ်စေပါတယ်။ အဲဒီ့တော့ သင်က ဘာကိုမှအပြင်းအထန်ကြိုးစားသင်ယူတော့မှာမဟုတ်ပါဘူး။ သက်သာတဲ့အခြေအနေတစ်ခုမှာပဲ အလိုက်သင့်မြောနေမယ်ဆိုရင် ထိုအခြေအနေက ရုတ်တရက်ပျက်စီးသွားတာပဲဖြစ်ဖြစ်၊ အကြောင်းတခုခုကြောင့် မရနိုင်တော့တဲ့အခါမျိုးမှာ သင့်ဘ၀ ဟန်ချက်ပျက်သွားသလို၊ သင့်အသက်အရွယ်အရလည်း နောက်တစ်ခုအစပြုဖို့ နောက်ကျနေတာမျိုးဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ငယ်ရွယ်တုန်း၊ သင်ယူနိုင်တုန်း၊ ဖြတ်လတ်နေတုန်းမှာ comfort zone ထဲမှာသာယာမနေဘဲ ရုန်းကန်ကြိုးစားပါ။

၄) မကောင်းတဲ့အကျင့်ဆိုးတွေကို ပြုပြင်ပါ။
သင့်ကိုသင်ဆန်းစစ်ဖို့က အရေးကြီးပါတယ်။ သင့်ကိုယ်သင်အမှန်အတိုင်းမြင်တတ်မှသာ မကောင်းတဲ့အကျင့်ကို ပြုပြင်နိုင်မှာပါ။ အမှားကိုမြင်နိုင်မှ ပြုပြင်ရကောင်းမှန်းသိမှာပါ။ အမှားကိုပြုပြင်မှ အမှန်များတဲ့လူဖြစ်လာမှာပါ။ အမှန်များလာမှသာ ပိုပြီး တိုးတက်နိုင်တဲ့သူဖြစ်နိုင်တာပါ။ အဲဒါကြောင့် ကိုယ့်ရဲ့အကျင့်ဆိုးတွေကို မြင်အောင်ကြည့်၊ အမှန်အတိုင်းလက်ခံပြီး အမှားကို ပြင်ပါ။

၅) စည်းကမ်းနဲ့ အချိန်တစ်ခုသတ်မှတ်ပါ။
ဘယ်လိုစည်းကမ်းမျိုးကို သတ်မှတ်သင့်သလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်ပဲသိမှာပါ။ ဘယ်နေရာတွေမှာ ကိုယ်က အားနည်းနေသလဲ၊ အားသာနေသလဲ၊ ဘယ်အချိန်မှာ ကိုယ်ရည်မှန်းထားတာတွေကို ဖြစ်အောင်လုပ်ဖို့ သတ်မှတ်မလဲဆိုတာ ကိုယ့်ပဲသတ်မှတ်နိုင်မှာဖြစ်သလို ကိုယ့်အခြေအနေကိုယ်ပဲသိမှာမို့ပါ။ သတ်မှတ်ထားတဲ့သူနဲ့ မသတ်မှတ်ထားတဲ့သူက အချိန်တစ်ခုအရောက်မှာ အကွာကြီးကွာသွားပါတယ်။ မသတ်မှတ်ထားတဲ့သူက ရေစုန်မှာမြောနေသလို၊ ရေကူးနေပေမယ့် ဘယ်ထိရောက်အောင်သွားမလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်တောင်မသိနိုင်ပါဘူး။ သတ်မှတ်ထားတဲ့သူကတော့ သတ်မှတ်ထားတဲ့အချိန်မှာ နေရာတစ်ခုခုကို ရောက်နေလောက်ပါပြီ။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်စည်းကမ်းသတ်မှတ်ပြီး ဖြစ်အောင်လုပ်မယ့်ရည်မှန်းချက်တွေကိုလည်း အချိန်တစ်ခုနဲ့ သတ်မှတ်ပါ။

၆) မကောင်းတဲ့ပတ်ဝန်းကျင်ကို ရှောင်ပါ။
ကိုယ့်ရဲ့မကောင်းတဲ့အကျင့်တွေကို ပြင်ဖို့လိုသလို၊ ကိုယ့်ရဲ့မကောင်းတဲ့ပတ်ဝန်းကျင်ကိုလည်း ရှောင်ဖို့လိုပါသေးတယ်။ ကိုယ့်ကိုယ်ကိုယ်ဘယ်လောက်ပြုပြင်ပါစေ၊ အချိန်တန် မကောင်းတဲ့ပတ်ဝန်းကျင်က လူ့အဆိပ်တွေရဲ့အကျင့်ဆိုးတွေက သင့်ကိုကူးစက်နိုင်ပါသေးတယ် ။ အဲဒါကြောင့် သင့်ရည်မှန်းချက်တွေကို အားပေးဖော်ရတဲ့ပတ်ဝန်းကျင်၊ တနည်းအားဖြင့် သင့်လို ရည်မှန်းချက်ပြင်းထန်ပြီး ကြိုးစားနေတဲ့ပတ်ဝန်းကျင်က သင့်ကိုအားကျမှုတွေဖြစ်ပေါ်စေပြီး ကြိုးစားချင်စိတ်ပိုတိုးစေပါတယ်။ မကောင်းတဲ့ပတ်ဝန်းကျင်ကတော့ သင့်ကို အကျင့်ဆိုးတွေသာ ပေးမှာဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။