သင့်ပတ်ဝန်းကျင်အတွက် ဘာတွေလုပ်ပေးပြီးပြီလဲ

သင့်ကိုသင် တခါတလေ အဲလိုမေးခွန်းမျိုးမေးဖူးလား။ အက်မင်ကတော့ အဲလိုမေးခွန်းမျိုး ကိုယ့်ကိုကိုယ်မေးမိတဲ့အခါ အဖြေမရှိမှာကို ကြောက်တယ်၊ ပတ်ဝန်းကျင်အတွက် ဘာမှမလုပ်ပေးနိုင်ပေမယ့် ကိုယ့်ကြောင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးသွားရတာမျိုးဖြစ်မှာ မလိုလားပါဘူး။ အဲဒါကြောင့် လူငယ်တွေကိုလည်း ပတ်ဝန်းကျင်ကို အကျိုးမပြုရင်နေပါစေ……၊ ပတ်ဝန်းကျင်အတွက် အဆိပ်အတောက်ဖြစ်မယ့်သူမျိုး မဖြစ်ပါစေနဲ့လို့ပြောချင်တဲ့အတွက် ဒီစာလေးကို ရေးမိတာပါ။


ပတ်ဝန်းကျင်ဆိုတာ……..
တော်တော်များများက ပတ်ဝန်းကျင်ဆိုတာနဲ့ ကိုယ့်ရဲ့အနီးနားကိုပဲ ပြေးမြင်ကြမယ်ထင်ပါတယ်။ အဲလိုမဟုတ်ပါဘူး။ ဘေးပတ်ဝန်းကျင်က လူနေမှုဖြစ်သလို၊ နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့ ကိုယ်နဲ့ဆက်စပ်နေသမျှ လူတွေ၊ လမ်းတွေ၊ အိမ်တွေ၊ သစ်ပင်တွေ၊ ချောင်းတွေမြောင်းတွေ အားလုံးသက်ဆိုင်ပါတယ်။ ကိုယ်နေထိုင်တဲ့အိမ်အနီးအနားတင်ဆိုလိုတာမဟုတ်ပါဘူး၊ ကိုယ်နေ့စဉ် လှုပ်ရှားသွားလာနေသမျှနေရာတိုင်း အကြုံးဝင်ပါတယ်။
ဘယ်လိုထိခိုက်စေသလဲ……….
ကျွန်တော်တို့ တော်တော်များများက သတိမပြုလိုက်မိဘဲ ပတ်ဝန်းကျင်ကို ထိခိုက်စေတာတွေက အများကြီးပါပဲ။ ဥပမာ၊ သင်သောက်လက်စ ဆေးလိပ်တိုကို မီးမသတ်ဘဲ ဘေးကိုအလွယ်တကူ ပစ်လိုက်တယ်ဆိုပါတော့။ သင့်ဆေးလိပ်မီးက လွယ်လွယ်မီးမသေဘဲ အမှိုက်တွေနဲ့ဆက်ပြီးလောင်ကျွမ်းနေခဲ့ရင်။ ဒါမှမဟုတ် ဘေးက လူတစ်ယောက်ကို မတော်တဆ အပူလောင်သွားစေခဲ့ရင်။ အဲလိုမျိုး အပြုအမူလေးတွေနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်စေချင်လို့မဟုတ်ဘဲ ထိခိုက်အောင် လုပ်မိတတ်တာတွေ အများကြီးပါနော်။ ဥပမာ။ သင်က အမှိုက်ကန်သွားပြီး အမှိုက်ပစ်ရမှာ အလုပ်များလို့၊ အိမ်အနီးဝန်းကျင်က ချောင်းထဲပစ်လိုက်သလား။ အဲဒါဆို သင့်ပတ်ဝန်းကျင်ထိခိုက်အောင် သင်လုပ်မိတာပါပဲ။ အချိန်ကြာလာတာနဲ့အမျှ သင့်အနီးပတ်ဝန်းကျင်က ချောင်းထဲမှာ အမှိုှုက်တွေပိတ်လာပါလိမ့်မယ်။ မိုးတွင်းမှာ ချောင်းတွေမြောင်းတွေမှာ အမှိုှုက်ဆို့ပြီး ရေလျှံရေကြီးမှုတွေကြုံလာရပါလိမ့်မယ်။ အဲဒါက သင့်ရဲ့သတိမမူမိတဲ့ အပြုအမူလေးကနေ ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေပါ။ ကျွန်တော်တို့ တော်တော်များများက အဲဒီလို ဘာမှမဟုတ်ဘူးထင်ရတဲ့အပြုအမူလေးတွေနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်အောင် လုပ်မိနေတတ်ကြပါတယ်။ အဲလိုလူတွေများလာရင် ဘာဖြစ်လာမယ်ထင်ပါသလဲ။ သင့်ပတ်ဝန်းကျင်ထိခိုက်တာများလာရင် သင်လည်း တစ်နည်းနည်းနဲ့ထိခိုက်လာမှာပါပဲ။
ဆိုးကျိုးတွေ…….
အမှိုက်ပစ်တာကစလို့ ရေကြီးရေလျှံတာကအဆုံး၊ ဆေးလိပ်သောက်တာကစလို့ စိတ်ကြွဆေးတွေ ပတ်ဝန်းကျင်မှာရောင်းနေတာက အဆုံး ကိစ္စအသေးအဖွဲလေးတွေကနေမှ ကိစ္စအကြီးကြီးတွေထိ သင်ကပတ်ဝန်းကျင်ကို သတိမမူဘဲ လက်လွတ်စပယ်နေထိုင်မိရင် ဆိုးကျိုးတွေက အများကြီးဖြစ်လာမှာပါ။ ဥပမာ။ အမှိုက်ကို တိုက်ပေါ်က ပစ်ချမယ်၊ သင့်လိုလူတွေများလာတဲ့အခါ သင့်တိုက်ဝန်းကျင်က လေကောင်းလေသန်ရပါအုံးမလား၊ ကျန်းမာရေးနဲ့ညီညွှတ်ပါအုံးမလား။ သင့်ရဲ့သတိမမူတဲ့သေးသေးလေးက အချိန်ကြာလာတာနဲ့အမျှ ကြီးမားတဲ့ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ ဥပမာ။ သင့်ပတ်ဝန်းကျင်မှာ မူးယစ်ဆေးရောင်းနေတဲ့သူရှိတယ်ဆိုပါတော့၊ သူတို့ကို သင်သိတယ်၊ ဒါပေမယ့် ကိုယ်နဲ့မဆိုင်ပါဘူးလို့နေလိုက်ရင် အချိန်ကြာလာတဲ့အခါ ဘာဖြစ်လာမယ်ထင်ပါသလဲ။ သင့်ပတ်ဝန်းကျင်က လူငယ်လူရွယ်လေးကြားမှာ မူးယစ်ဆေးစွဲသူများလာရင် ဆေးပြတ်တဲ့အခါ မရရတာ လုယူ၊ ခိုးဝှက်မှုတွေဖြစ်လာနိုင်ပါတယ်။ အဲဒီ့အခါ ထိုလူငယ်လေးရဲ့ပစ်မှတ်က သင်တောင်ဖြစ်လာနိုင်ပါသေးတယ်။ ဒါမှမဟုတ် သင့်မိသားစုမဖြစ်လာနိုင်ဘူးလား။ အဲဒါကြောင့် လူတိုင်းမှာ အသေးအဖွဲလေးပါပဲဆိုပြီး ပတ်ဝန်းကျင်အတွက် ထိခိုက်စေမယ့် အပြုအမူမျိုးကို မလုပ်မိဖို့လိုပါတယ်။ လူတိုင်းမှာ ထိုကဲ့သို့အသိစိတ်လေးရှိတဲ့အခါ သင့်ပတ်ဝန်းကျင်ထိခိုက်မယ့်ကိစ္စတွေ လျော့နည်းလာမှာပါ။ ပတ်ဝန်းကျင်မှာလည်း ထိုကဲ့သို့အသိဉာဏ်ရှိတဲ့သူတွေများလာတဲ့အခါ သင့်ပတ်ဝန်းကျင်က ယခုထက်ပိုပြီး ကောင်းမွန်လာမှာပါ။
အသေးအဖွဲကစပြုပြင်ပါ။
ပတ်ဝန်းကျင်အတွက် ငွေတွေအများကြီးသုံးပြီး ပရဟိတအလုပ်တွေလုပ်မှ ပတ်ဝန်းကျင်အတွက် လုပ်ပေးနိုင်တာမဟုတ်ပါဘူး။ သင့်ရဲ့နေ့တိုင်းလုပ်နေကျ လုပ်ရိုးလုပ်စဉ်ထဲက ပတ်ဝန်းကျင်ထိခိုက်စေတဲ့ကိစ္စသေးသေးလေးတွေက စပြီး သင်လုပ်ပေးလို့ရပါတယ်။ ဥပမာ။ ကိုယ်အလုပ်သွားနေတဲ့လမ်းမှာ အဆင်မပြေဖြစ်တဲ့ သက်ကြီးရွယ်အိုတွေကို ကိုယ်အားဖြင့် ကူညီပေးလိုက်တာမျိုး။ သင့်ရဲ့အိမ်ပတ်ဝန်းကျင်မှာ အပင်လေးတွေစပြီး စိုက်တာမျိုး၊ စိုက်ပြီးသားအပင်လေးတွေကို ဂရုစိုက်မယ့်သူမရှိရင် ရေလောင်းပေါင်းသင်ပေးလိုက်တာမျိုး။ အမှိုက်ကို စနစ်တကျစွန့်ပစ်လိုက်တာမျိုး။ လူငယ်လူရွယ်လေးတွေနဲ့ အားတဲ့ရက် စုပေါင်း ရေမြောင်းဆယ်လိုက်ကြတာမျိုး၊ ကိုယ့်ပတ်ဝန်းကျင်မှာ အန္တရာယ်တစ်စုံတစ်ရာ ရှိလာရင် အပြေးကူညီလိုက်တာမျိုး။ ကလေးတွေကို လှောင်ပြောင်ပြီး ကိုယ်ပျော်ရွှင်ဖို့ စနောက်မယ့်အစား ကလေးတွေကို ချီးကျူးပေးလိုက်တာမျိုး။ စာဖတ်ချင်စိတ်ဖြစ်လာအောင် သိမ်းသွင်းလိုက်တာမျိုး၊ ရပ်ကွက်ထဲက တစ်အိမ်တစ်ယောက်ပါဝင်ပြီး တစ်ပတ်တစ်ခါဖြစ်ဖြစ် အချိန်တစ်ခုဖြစ်ဖြစ်သတ်မှတ်ပြီး အပင်စိုက်ကြတာမျိုး၊ ရပ်ကွက်သန့်ရှင်းရေးလုပ်ကြတာမျိုး စသည်ဖြင့် စည်းလုံးစွာ တက်ညီလက်ညီ လုပ်ချင်သူတွေများလာရင် သင့်ပတ်ဝန်းကျင်ဒီထက် ပိုပြီးသာယာလှပနေချင်စရာကောင်းလာမှာပါ။

အဲဒါကြောင့် အခုချိန်ကစပြီး သင့်ကိုသင်မေးပါလို့ပြောချင်ပါတယ်။ သင့်ပတ်ဝန်းကျင်အတွက် ဘာတွေလုပ်ပေးပြီးပြီလဲ။ သင့်ပတ်ဝန်းကျင်အတွက် အကြီးကြီးလုပ်ပေးစရာမလိုပါဘူးနော်။ သင်လုပ်နေကျ နေ့စဉ်အလုပ်တွေထဲက ပတ်ဝန်းကျင်ထိခိုက်မယ့်အလုပ်လေးတွေကို တခုချင်းပြုပြင်သွားရင် ရပါပြီ။ ပြီးတော့ သင့်လိုအသိတရားရှိတဲ့သူငယ်ချင်းတွေများလာအောင် ဒီစာလေးကို ဝိုင်းပြီးရှယ်ပေးကြပါအုံး။ ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး လုပ်ဆောင်သင့်တာထက် ပတ်ဝန်းကျင်ထိခိုက်အောင် မလုပ်ဖြစ်ကြတော့ရင်တောင် ဒီစာလေးရေးရကျိုးနပ်ပါပြီ။
အားလုံးပဲ ဆင်ခြင်နိုင်ကြပါစေ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။