သင့်ဘဝပြောင်းလဲချင်တယ်ဆိုရင် သင့်အတွေးတွေကို အရင်ပြောင်းလဲလိုက်ပါ။

လူတော်တော်များကတော့ သူတို့ဘဝတိုးတက်ချင်တယ်လို့ချည်းဖြေကြမှာပါ။ ဘဝမှာ အဆင်ပြေအောင်မြင်ချင်တဲ့လူတွေချည်းပါပဲ။ ဘယ်သူကမှ အဆင်မပြေမအောင်မြင်တဲ့ဘဝကို လိုချင်ကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် လူတွေက ဘဝကိုသာ အဆင်ပြေအောင်မြင်ချင်ပေမယ့် ဘဝကိုတော့ အပြောင်းအလဲလုပ်ဖို့ မေ့နေတတ်ကြပါတယ်။ ဘဝအဆင်ပြေဖို့ရာအတွက် ဘာတွေကို ပြောင်းလဲသင့်ပါသလဲ။ အဲဒီလိုတွေးမယ်ဆိုရင် သင့်ဘ၀ အမှန်တကယ် တိုးတက်ပြောင်းလဲချင်တယ်ဆိုရင် ကိုယ့်ရဲ့အတွေးတွေကို ပြောင်းလဲသင့်ပါတယ်လို့ ပြောချင်ပါတယ်။ ဘာကြောင့်ပါလဲ။ လူတစ်ယောက်ရဲ့ဘဝမှာ အဓိကက သူ့ရဲ့အတွေးဖြစ်နေလို့ပါပဲ။ ဥပမာ။ သင်က အင်္ဂလိပ်စကားပြောကျွမ်းကျင်ချင်တယ်။


သင့်အတွေးထဲမှာက “ငါတက်လို့ဖြစ်ပါ့မလား။ ငါက ဘာသာစကားနဲ့ပတ်သက်ပြီး အရမ်းညံ့တာ၊ သင်လို့လည်း ဒီတစ်သက်တော့ မတတ်နိုင်တော့ဘူးထင်ပါတယ်” အဲဒီလို မဖြစ်နိုင်ဘူး၊ မတတ်နိုင်ဘူးရယ်လို့တွေးနေမယ်ဆိုရင် သင်အရင်ဆုံးလုပ်မိမှာက လက်လျှော့ဖို့ပါပဲ။ ကိစ္စတစ်ခုမှာ ပြဿနာနဲ့ အခက်အခဲတွေကို အရင်ဆုံးတွေးလိုက်မိတယ်ဆိုရင် သင့်အာရုံထဲမှာ hightlight လုပ်ထားသလိုမျိုး အဲဒီ့အခက်အခဲတွေနဲ့ အဲဒီ့ပြဿနာတွေကိုသာ မြင်နေတွေးနေပြီး မဖြစ်နိုင်ဘူးရယ်လို့သာ လက်ခံလာမှာပါ။ အဲဒါကြောင့် အတွေးတွေကို စတင်ပြောင်းလဲသင့်တယ်လို့ပြောရတာဖြစ်ပါတယ်။
ဥပမာ။ သင်က ရာထူးတိုးသင်တန်းတစ်ခုကို ဝင်ဖြေမယ်ဆိုပါစို့။ ဖြေမယ်လို့ စတင်တွေးလိုက်ပေမယ့် သင့်စိတ်ထဲမှာ “ဟာဖြစ်နိုင်ပါ့မလား….ငါ့ထက်တော်တဲ့လူတွေချည်းပဲဝင်ဖြေကြမှာ၊ ငါက အဲဒီ့လောက်ဘာမှတတ်တာမဟုတ်ဘူး။ ငါဖြေနိုင်ပါ့မလား၊ စာတွေက အရမ်းခက်မယ်ထင်တယ်” လို့ သင်တွေးလိုက်ပြီးတဲ့နောက်မှာ သင့်ကိုယ်သင် အောင်မြင်နိုင်တယ်၊ မအောင်မြင်နိုင်ဘူးဆိုတာကို ဇဝေဇဝါစတင်ခံစားလာရပါပြီ။ အဲဒီ့မှာတင် သင့်စိတ်ထဲ အနုတ်သဘောဆောင်တဲ့အတွေးတွေကိုချည်း hightlight လုပ်ထားသလို မြင်သာထင်သာဖြစ်နေပြီး ဒါကိုချည်းထပ်တလဲလဲတွေးနေတဲ့နောက်မှာတော့ သင်လက်လျှော့ဖို့ ဆက်တွေးမိလာပါလိမ့်မယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ဘဝတိုးတက်ရာထူးတိုးမယ့်ကိစ္စမှာ သင်နောက်တစ်လှမ်းနောက်ကျသွားတဲ့နောက်တော့ သင့်ဘဝအဆင်ပြေတိုးတက်မှုဆုတ်ယုတ်သွားတာပဲမဟုတ်ပါလား။ အဲဒီ့ကိစ္စမှာ သင့်အတွေးတွေက အနုတ်သဘောဆောင်တဲ့အတွေးမျိုးဖြစ်နေတယ်ဆိုရင် သင်တွေးရမှာက သင့်စိတ်ကိုသတိလေးကပ်ပြီး “ဟာဘယ်ဟုတ်ပ့ါမလဲ။ ငါ့ထက်တော်တဲ့လူတွေချည်းဆိုပေမယ့် အတတ်နိုင်ဆုံး အစွမ်းကုန်တော့ ကြိုးစားကြည့်ရမှာပဲ။ အကောင်းဆုံးကြိုးစားမယ်၊ ရလာရင် အမြတ်ပဲ၊ မရတော့လည်းအရင်းပေါ့၊ မရရအောင်ကြိုးစားမယ်ကွာ” ဆိုတာမျိုးပါ။ အခက်အခဲပြဿနာတွေကိုချည်းမတွေးဘဲ “ဘယ်လိုဖြစ်မြောက်အောင်လုပ်ကြည့်မလဲ” ဆိုတဲ့အတွေးက အရမ်းကိုတာသွားပါတယ်။ အဲဒီ့အတွေးက အကောင်းဘက်ကမြင်တဲ့အတွေးမျိုးဖြစ်ပြီး ထိုအတွေးမျိုးဝင်လာတာနဲ့တစ်ပြိုင်နက် သင့်စိတ်ထဲ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာပါတယ်။ အဲဒီ့ယုံကြည်မှုက သင့်ကိုခွန်အားဖြစ်လာစေပါတယ်။ “ဟုတ်တယ်….ငါလုပ်ကြည့်မယ်၊ မဖြစ်ဖြစ်အောင်ကြိုးစားမယ်၊” အဲဒီ့အတွေးရဲ့နောက်ဆက်တွဲအနေနဲ့ သင့်စိတ်မှာ ခွန်အားဖြစ်လာမယ်၊ အဲဒီ့အခါ သင့်ကိုယ်သင်လုပ်နိုင်ပါတယ်…ဆိုတဲ့ယုံကြည်ချက်က သင့်ကိုခွန်အားတွေပေးလိုက်တာကြောင့် အပျက်သဘောတွေးတုန်းက အခက်အခဲတွေ၊ ပြဿနာတွေကို အသေးအဖွဲလေးတွေအဖြစ်မြင်လာပါတယ်။ အဲဒါကြောင့် သင့်အတွေးဟာ အရေးကြီးတယ်လို့ပြောရတာဖြစ်ပါတယ်။ Colin Powell “အမြဲတမ်းအကောင်းမြင်စိတ်မွေးခြင်းဟာ ခွန်အားတွေအများကြီးဖြစ်လာစေပါတယ်” တဲ့ တကယ်မှန်တဲ့စကားပါပဲ။ အခြေအနေတစ်ခု၊ ကိစ္စတစ်ခုမှာ အဆိုးဘက်ကတွေးနေရင် အခက်အခဲပြဿနာကိုသာမြင်လာစေပြီး အကောင်းဘက်ကနေတွေးလိုက်ရင်တော့ ကိုယ့်အတွက်ခွန်အားတွေအများကြီးဖြစ်လာစေပါတယ်။ သဘောထားလေးတစ်ခုကို ပြောင်းလဲလိုက်ရုံလေးပါ။

တနည်းအားဖြင့် သင်တွေးနေတဲ့အတွေးတွေကို ပြောင်းလဲလိုက်ဖို့ပါပဲ။ မဖြစ်နိုင်ဘူးဆိုတာကို ဖြစ်အောင်ဘယ်လိုလုပ်ရင်ကောင်းမလဲ…..ဆိုတဲ့အတွေးမျိုးတွေးကြည့်လိုက်တာနဲ့ နည်းလမ်းပေါင်းစုံသင့်ခေါင်းထဲ စတင်တွေးတောလာပါလိမ့်မယ်။ အဲဒီ့အခါကျမှ စနစ်တကျ စီမံကိန်းချပြီး သေချာဇွဲရှိရှိကြိုးစားမယ်ဆိုရင် ဖြစ်လာနိုင်တာပေါ့။ အဲဒါကြောင့် ခုလတ်တလောမှာ ကိုယ်ဆုံးဖြတ်ချက်ခက်ခဲနေတဲ့ကိစ္စတွေ၊ ကိုယ်ဘယ်လိုဖြေရှင်းရမယ်မှန်းမသိတဲ့ကိစ္စတွေ၊ ကိုယ့်ဘဝတိုးတက်မယ့်ကိစ္စတွေဆိုရင် ဘယ်လောက်ကြီးမားတဲ့အခက်အခဲရှိနေပါစေ…… ဖြစ်အောင်လုပ်နိုင်ပါ့မလားဆိုတဲ့အတွေးထက် ဖြစ်အောင်ဘယ်လိုနည်းနဲ့လုပ်ရင်ကောင်းမလဲ….ဆိုတဲ့အကောင်းဘက်က အတွေးမျိုးပြောင်းလဲတတ်တဲ့ အလေ့အကျင့်ဖြစ်အောင် သတိလေးထားပြီးလုပ်ကြည့်ပါ။ ဥပမာ။ ရေတစ်ဝက်ရှိတဲ့ဖန်ခွက်ကို မြင်တဲ့အခါ တွေးတဲ့တွေးပုံချင်းပေါ်မူတည်ပြီး ခံစားချက်ခြင်းကလည်း မတူနိုင်ပါဘူး။

“ဟာ….ဖန်ခွက်ထဲမှာ ရေတစ်ဝက်ကြီးများတောင် ကျန်သေးတယ်” အဲဒီလိုတွေးမလား၊ “ဟာ…ဖန်ခွက်ထဲကရေက တစ်ဝက်ပဲကျန်တော့တယ်” လို့တွေးမလား။ တွေးတဲ့အတွေးပေါ်မူတည်ပြီး သင့်ခံစားချက်ကလည်း ပြောင်းလဲသွားပါတယ်။
အဲဒါကြောင့် သင့်အတွေးကို အကျင့်လုပ်ပြီး အကောင်းဘက်ပြောင်းလဲတွေးကြည့်နိုင်လာတဲ့အခါ သင့်ခံစားချက်တွေပါ အကောင်းဘက်ကပြောင်းလဲသွားပါတယ်။ သင့်ခံစားချက်ကောင်းမွန်နေတဲ့အခါ သင့်အပြုအမူလည်း အကောင်းတွေချည်းပြုမူမိပါလိမ့်မယ်။ သင့်အပြုအမူကောင်းတဲ့အခါ သင့်ဘဝလည်း ဒီထက်ပိုကောင်းတဲ့အခွင့်အရေးတွေအတွက်ကြိုးစားနိုင်လာပါလိမ့်မယ်။ သင့်ဘဝကို အကောင်းဘက်ကနေ တိုးတက်ချင်တယ်၊ အဆင်ပြေချင်တယ်၊ စိတ်ချမ်းသာချင်တယ်ဆိုရင် ဒီနေ့ကစပြီး သင်တွေးတဲ့အတွေးတွေကို သတိလေးကပ်ပြီး ပြောင်းလဲကြည့်လိုက်ပါလို့ တိုက်တွန်းလိုက်ရပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။