သင်အရှုံးပေးတော့မယ့်အချိန်မှာ ပြန်တွေးသင့်တဲ့အရာများ

သင်တကယ်အရှုံးပေးမိတော့မလား……။ အဲဒီ့လိုကိုယ့်ကိုယ်ကိုယ်တကယ်တမ်းမေးလိုက်မိရင် ဟုတ်တယ်လို့ဖြေလိုက်ရမှာက အင်မတန်ရင်နာရပါလိမ့်မယ်။ တကယ်ပဲသင်အရှုံးပေးဖို့ စဉ်းစားနေမိတဲ့အချိန်မှာ ဒီအချက်တွေကို သင်ပြန်တွေးကြည့်လိုက်ပါအုံး။ သင့်အတွက်တစ်ခုခုတော့ ပြန်ရသွားပါလိမ့်မယ်။


၁) သင့်ကိုလှောင်ပြောင်နေမယ့်သူများ
သင်မြင်ယောင်ကြည့်လိုက်ပါ။ သင်အရှုံးပေးလိုက်တဲ့အချိန်မှာ သင့်ကို လှောင်ပြောင်နေမယ့်သူတွေက ဘယ်လောက်တောင်များ ဝမ်းသာအားရဖြစ်နေလိုက်မလဲဆိုတာ။ သင်အဲဒီလို အလှောင်ခံဖို့အတွက် အရှုံးပေးတော့မှာလား….သင့်ကိုယ်သင်ပြန်မေးကြည့်လိုက်ပါနော်။

၂) သင့်ကို အထင်သေးခဲ့သူများ
သင်ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်မယ်လို့ကြွေးကြော်ခဲ့တုန်းက သင့်ကို ဖြစ်မှာမဟုတ်ဘူးလို့ အထင်သေးခဲ့သူတွေကို မှတ်မိသေးရဲ့လား။ အဲဒီ့လူတွေက သင်အခုလို လက်လျှော့အရှုံးပေးသွားပြီမှန်းသိရင် သင့်ကို ဘယ်လိုတောင်ပြောကြမလဲ။ သူတို့ထင်သလို သင်တကယ်ညံ့တဲ့သူဖြစ်သွားမှာပေါ့။ သင်အဲဒီ့လိုအထင်သေးခံဖို့အတွက် ဒီအချိန်ထိ ကြိုးစားခဲ့တာလား သင့်ကိုယ်သင်ပြန်တွေးကြည့်လိုက်ပါ။

၃) သင်ကြိုးစားရင်း ကုန်ဆုံးခဲ့တဲ့အချိန်များ
သင် အချိန်ဘယ်လောက်တောင် ကြိုးစားခဲ့ရသလဲ၊ ကုန်ဆုံးသွားတဲ့အချိန်တွေအတွက် ဒီလောက်နဲ့ ရပ်ပစ်လိုက်တော့မှာလား။ အဲဒီ့လိုအရှုံးပေးဖို့အတွက်များ ဘာအတွက် အချိန်တွေအကုန်ခံခဲ့သေးသလဲ။ ခုတော့ သင်ကြိုးစားခဲ့သမျှ အချိန်တွေအလကားအဖြစ်ခံတော့မလို့လား။ အချိန်ကုန်ရကျိုးနပ်အောင် ဆက်ပြီးတိုက်ပွဲဝင်ကြည့်လိုက်စမ်းပါ။

၄) သင်ကျရှုံးမှုကို စောင့်မျှော်နေသူများ
သင့်ကျရှုံးမှာပဲဆိုပြီး သင့်ကို လက်ခုပ်လက်ဝါးတီးနေမယ့်လူတွေကိုရော သင်မေ့နေပြီလား။ အဲဒီလိုလူတွေကို အားရကျေနပ်အောင် သင်လုပ်မလို့လား။ သင့်ကိုကျရှုံးမှာပဲဆိုပြီး သင့်ကျရှုံးမှုကို စောင့်မျှော်နေတဲ့သူတွေအတွက်ကြောင့်ကို သင်ကအရှုံးမပေးမှဖြစ်မှာပါ။ သူတို့ထင်သလိုမဟုတ်ဘူးဆိုတဲ့ သင့်ရဲ့ရလဒ်ကို ချပြနိုင်အောင် အခုပဲ ကြိုးစားလိုက်ပါ။ သင်အရှုံးမပေးမချင်း တကယ်မရှုံးသေးပါဘူး။

၅) သင်ကြိုးစားခဲ့ရတဲ့အကြောင်းရင်းများ
သင်အရှုံးပေးတော့မယ်ဆိုတဲ့အခါ သင်ဘာကြောင့် ကြိုးစားခဲ့သလဲဆိုတဲ့အကြောင်းရင်းကို ပြန်တွေးကြည့်လိုက်ပါ။ ခုလက်ရှိအနေအထားအရ သင်ရွေးတဲ့လမ်းကို သင်လျှောက်ခဲ့တာ ခရီးအတော်ပေါက်နေခဲ့ပြီမဟုတ်လား။ အဲဒီ့အတွက် နောက်ပြန်လျှောက်အုံးမလား…..ရှေ့ဆက်သွားမလား။ တကယ်ပဲ သင်သာ အရှုံးမပေးဘဲ ဆက်လျှောက်မယ်ဆိုရင် သည်ခရီးမဝေးပါဘူးနော်။ လူတိုင်းဟာ ဘဝမှာ အခက်အခဲ၊ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့လူချည်းပါပဲ။ သင်တစ်ယောက်တည်းအရှုံးပေးချင်စိတ်ဖြစ်ပေါ်နေတာမဟုတ်ပါဘူး။ အဲဒီ့လိုပါပဲ ။ ကိုယ်လက်လျှော့ချင်လောက်အောင် စိတ်ဓာတ်ကျခဲ့ချိန်တိုင်းမှာ ပြန်ပြီး အားတင်းခဲ့သူတိုင်းကသာ တကယ်အောင်မြင်သွားနိုင်ကြတာပါ။ လက်လျှော့ နောက်ပြန်လှည့်သွားသူတိုင်းက ပန်းတိုင်ကို ဘယ်ရောက်နိုင်ပါ့တော့မလဲ။

သင်ကြိုးစားချင်စိတ်ဖြစ်ခဲ့တဲ့အကြောင်းရင်းတွေကို ပြန်တွေးရင်း ခွန်အားအဖြစ်ယူလိုက်ပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။