ရိုးရှင်းသောဘ၀ ကျင့်ဝတ် ၁၀ချက်

တခါတလေ အရိုးရှင်းဆုံးအချက်တွေက အဖြေဖြစ်နေတတ်ပေမယ့် ကျွန်တော်တို့အားလုံး သတိမထားမိတတ်ပါဘူး။ ရိုးရှင်းလွန်းအားကြီးလို့ အလွယ်ဆုံးလို့ထင်မြင်နေတတ်ပေမယ့် မကျင့်သုံးဖြစ်ပါဘူး။ ဒါပေမယ့် အဲဒီလို ရိုးရှင်းတဲ့ကျင့်ဝတ်လေးတွေကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ဘဝက နေပျော်စေမှာဖြစ်ပါတယ်။ ဝန်ထုပ်ဝန်ပိုးတွေလည်း လျှော့သွားမှာဖြစ်သလို၊ စိတ်ချမ်းသာမှုတွေလည်း တိုးလာနိုင်ပါတယ်။ အဲဒါကြောင့် ရိုးရှင်းသောဘဝကျင့်ဝတ် ၁၀ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ သင့်ဘဝမှာ ဘယ်အချက်တွေကို လိုက်နာနိုင်ပြီလဲဆိုတာ ဆန်းစစ်ကြည့်လိုက်ပါအုံးနော်။


၁) လူတိုင်းကိုသင်သတ်မှတ်ထားတဲ့ဘောင်တွေနဲ့မကြည့်ပါနဲ့။
လူတိုင်းကို သင်မှန်းထားတဲ့ဘောင်တစ်ခုထဲနဲ့ ကန့်ကြည့်လို့မဖြစ်နိုင်ပါဘူး။ လူတိုင်းမတူနိုင်သလို၊ အတွေ့အကြုံ၊ ရပ်တည်ရှင်သန်မှု၊ စိတ်နေစိတ်ထားစသဖြင့်ပေါ့။ သင့်စိတ်ထားနဲ့ ထပ်တူဖြစ်နေဖို့ မျှော်လင့်လို့မရသလို သင်ကေင်းတဲ့အကျင့်တွေလိုမျိုး အခြားလူတွေလည်း ကောင်းနေလိမ့်မယ်၊ သင်လိုက်နာနိုင်သလို အခြားသူတွေလည်း လိုက်နာနိုင်လိမ့်မယ်၊ သင်မလုပ်နိုင်လို့ အခြားသူတွေလည်း လုပ်နိုင်မှာတော့ မဟုတ်ဘူးလို့ ထင်နေတဲ့အတွေးတွေက သင့်ရဲ့ဘောင်ထဲကနေ အခြားသူကို ကန့်ပြီးကြည့်လိုက်တာပဲဖြစ်ပါတယ်။ အဲဒါက သင့်ကိုပဲ စိတ်ပျက်စေပါတယ်။ သင်ထင်ထားသလို၊ သင်မှန်းထားသလိုတွေဖြစ်မလာတဲ့အခါ သင်ပဲစိတ်ပျက်ရမှာမို့ လူတိုင်းကို သင်သတ်မှတ်ထားတဲ့ဘောင်တွေနဲ့ ကန့်သတ်ပြီးမကြည့်လိုက်ပါနဲ့။

၂) သင့်ဘဝကိုသင်စံနှုန်းတွေအတိုင်းရှင်သန်ပါ။
အခြားလူတွေရဲ့ဘဝကို ဘာဖြစ်တယ်၊ ဘယ်လိုဖြစ်တယ် ပြောနေမယ့်အစား သင့်ဘဝကို သင်လိုချင်သလို ဖန်တီးတာက ပိုပြီး အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ပါတယ်။ အဲဒါအပြင် ပိုပြီးလည်း ထိရောက်ပါတယ်။ အခြားသူတွေရဲ့ဘဝကို ကြိုးကိုင်ခြယ်လှယ်ဖို့က မလွယ်တဲ့ကိစ္စပါပဲ။ အဲဒါကြောင့် အားလုံးကိုပြောင်းလဲချင်ရင် သင့်ကိုယ်သင်သာ အရင်ဆုံး ပြောင်းလဲပါ။ ပိုပြီးတိုးတက်အောင်လုပ်ပါ။

၃) အတိတ်ကနေသင်ယူပါ။
အတိတ်ကို အမြဲတမ်းတမ်းတလွမ်းဆွတ်နေတာက ပိုအချိန်ကုန်စေပါတယ်။ အတိတ်ကဖြစ်ပြီးသမျှကို သင်ခန်းစာယူပြီး ဘဝကိုရှေ့ဆက်ရမှာဖြစ်ပါတယ်။ အဲဒါက သင့်အတွက်နောက်ထပ်အလားတူအမှားမျိုးမမှားနိုင်ဘဲ ရှေ့ဆက်မယ့်ဘဝကို ပိုကောင်းအောင်ကြိုးစားလာနိုင်မှာပါ။

၄) ပစ္စုပ္ပန်မှာကြိုးစားရှင်သန်နေထိုင်ပါ။
ခုလက်ရှိအချိန်မှာ သေချာစီစဉ်၊ ကြိုးစားရှင်သန်နေထိုင်ဖို့က ပိုအရေးကြီးပါတယ်။ အဲဒါကလည်း ပိုပြီးထိရောက်တဲ့အကျိုးရလဒ်ရနိုင်တာပါ။ အဲဒီလိုမဟုတ်ရင် အတိတ်ကလည်း သင်ခန်းစာမယူနိုင်၊ လက်ရှိအချိန်လည်း အလကားကုန်ဆုံးတဲ့အတွက် အနာဂတ်မှာလည်း စိုးရိမ်ပူပန်စိတ်တွေနဲ့ပြည့်နှက်နေရမှာပဲဖြစ်ပါတယ်။

၅) အနာဂတ်အတွက်ကြိုတင်စီစဉ်ပါ။
ဒါလည်း အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ အတိတ်ကနေသင်ခန်းစာယူပြီး လက်ရှိအချိန်ကိုအကောင်းဆုံးကြိုးစားခြင်းက အနာဂတ်အတွက် အကျိုးရှိစေတဲ့အပြင် အနာဂတ်မှာ ပြုလုပ်မယ့်အရာတွေကိုလည်း ကြိုတင်စီစဉ်ထားနိုင်ပါတယ်။ အနာဂတ်အတွက်လည်း စိုးရိမ်ကြောင့်ကြနေစရာမလိုဘဲ စိတ်အေးနိုင်ပါတယ်။

၆)များများနားထောင်နည်းနည်းပဲပြောပါ။
ဒါကလည်း ပညာရှိနည်းပါပဲ။ တကယ်သိတဲ့လူဟာ များများသာ နားထောင်ကြပါတယ်။ လိုအပ်တဲ့စကားကိုသာ ပြောသင့်ပါတယ်။ များများနားထောင်တဲ့အခါ လူအများစုရဲ့အတွေးအခေါ်နဲ့ စိတ်ထားတွေကိုပါ အကဲဖြတ်နိုင်လာပါတယ်။ ကိုယ်တိုင်လည်း ဘယ်လိုလူကို ရှောင်သင့်တယ်၊ ဘယ်လိုလူက စိတ်သဘောထားမှန်တယ်ဆိုတာ သိလာနိုင်ပါတယ်။

၇) ကောင်းမှုကုသိုလ်ပြုပါ။
ကောင်းမှုကုသိုလ်ပြုခြင်းဟာ ကုသိုလ်ရခြင်းမရခြင်းထက် စိတ်အာရုံ ကြည်လင်၊ ပီတိဖြစ်သွားတဲ့စိတ်ကိုဖြစ်စေပါတယ်။ စိတ်အာရုံမှာ ခံစားချက်ကောင်းမွန်နေခြင်းက ကောင်းတဲ့အရာတွေကိုသာ တွေး၊ မြင်ခံစားတတ်လာစေပါတယ်။ အထူးသဖြင့် စိတ်ခံစားချက်ကိုကောင်းမွန်စေနိုင်ပါတယ်။

၈) ပြည့်စုံဖို့ထက် အသိပညာတိုးတက်မှုအတွက်သာကြိုးစားပါ။
ပြီးပြည့်စုံချင်တဲ့စိတ်ဆိုတာက ဘယ်တော့မှ တင်းတိမ်နိုင်မှာမဟုတ်ပါဘူး။ လူ့ရဲ့စိတ်သဘောအရ ပြီးပြည့်စုံတဲ့စိတ်ဆိုတာ အမြဲတမ်း အသစ်အသစ်တွေပေါ်လာတိုင်း ပြီးပြည့်စုံချင်တဲ့စိတ်ကလည်း ထပ်ပေါ်လာအုံးမှာပါပဲ။

၉) ဘဝရဲ့မမျှတမှုကို နားလည်ပြီး၊ လက်ခံပါ။
သူများတွေရဲ့ဘဝက ဘယ်လိုအဆင်ပြေတယ်၊ ကိုယ့်ဘဝကျမှ ဘာတွေအဆင်မပြေဘူးရယ်လို့ ထိုင်ညည်းညူနေတာထက်စာရင် ဘဝအနိမ့်အမြင်မတူညီတာကို လက်ခံလိုက်တာပိုကောင်းပါတယ်။ ကိုယ်ရထားတဲ့ဘဝကိုလက်ခံပြီး ကိုယ်ရထားတဲ့ဘဝကိုသာ အကောင်းဆုံးဖြစ်အောင်ဘယ်လိုကြိုးစားမလဲဆိုတာမျိုးတွေးတာ ပိုကောင်းပါတယ်။

၁၀) ခွင့်လွှတ်နိုင်ရင်ခွင့်လွှတ်ပါ၊ မခွင့်လွှတ်နိုင်ရင် စွန့်လွှတ်လိုက်ပါ။
ဘဝမှာကိုယ်တွေ့ကြုံရသမျှလူတိုင်းဟာ ကိုယ့်ဘဝအတွက် အတွေ့အကြုံတစ်ခုခုဖြစ်စေ၊ သင်ခန်းစာတစ်ခုခုဖြစ်စေပေးသွားတဲ့လူတွေချည်းပဲလို့မှတ်ပါ။ ကိုယ့်ကိုနာကျင်စေတဲ့လူမျိုးကို ခွင့်လွှတ်နိုင်တယ်၊ ခွင့်လွှတ်သင့်တဲ့အခြေအနေမျိုးဆို ခွင့်လွှတ်လိုက်ပါ။ အဲဒီလိုမဟုတ်ဘူး၊ အခါခါအခွင့်အရေးယူတတ်တဲ့သူမျိုးဆိုရင် ခွင့်မလွှတ်နိုင်ရင် စွန့်လွှတ်လိုက်ပါ။ အဲဒါမှ ကိုယ့်ဘဝကို နာကျင်မှုတွေမေ့ပြီး အကောင်းဆုံးရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။