Working mom တွေ အချိန်ကိုဘယ်လိုစီမံခန့်ခွဲမလဲ။

အလုပ်တစ်ဖက်နဲ့ မေမေတွေကဖေဖေတွေထက်ကိုလူရောစိတ်ပါပိုပင်ပန်းပါတယ်။ အလုပ်ကဖိအားတွေကတစ်မျိုး၊ ကလေးအတွက် ဖိအားတစ်မျိုး၊ အမျိုးသားအတွက်ဖိအားတစ်မျိုး၊ အိမ်မှုကိစ္စတွေကတစ်မျိုးနဲ့ ဖိအားပေါင်းများစွာကိုရင်ဆိုင်ရလိုအလုပ်ပေါင်းများစွာကိုလည်းဇက်ဆည်သလိုလုပ်နေရပါတယ်။ အဲဒါကြောင့် အလုပ်တစ်ဖက်နဲ့မေမေတွေအတွက် အချိန်ကုန်လူပန်းမဖြစ်ရအောင် အချိန်ကုန်ရကျိုးလည်းနပ်၊ အလုပ်တွေလည်း ပြီးစီးနိုင်အောင် အချိန်စီမံခန့်ခွဲမှုလုပ်နိုင်မယ့်အကြောင်းအရာအချို့ဖော်ပြပေးလိုက်ပါတယ်။


၁) အစီအစဉ်ဆွဲထားပါ။
အရင်ဆုံးတစ်နေ့တာကိုအစီအစဉ်ဆွဲထားဖို့ကမဖြစ်မနေလိုပါတယ်။ မနက်ကတည်းကနေညအထိဘာပြီးရင်ဘာလုပ်မယ်ဆိုတဲ့ plan ဆွဲထားမှ ကိုယ့်အာရုံထဲမှာတခုပြီးတခုလုပ်ဖို့အာရုံရနေမှာပါ။ အရေးကြီးတာနဲ့မကြီးတာလည်းခွဲခြားပြီး မြင်နေစေပါတယ်။ အဲလိုမဟုတ်ရင် မြင်ရာဆွဲပြီးသိမ်းကြုံးလုပ်နေတာကအချိန်တန်အရေးကြီးတဲ့အလုပ်တွေလည်းမပြီးသလို၊ အချိန်လည်းကုန်စေပါတယ်။

၂) အရေးကြီးတာကိုအရင်လုပ်ပါ။
အချိန်တွေအလကားကုန်တဲ့အထဲမှာအရေးကြီးတာနဲ့အရေးမကြီးတာမခွဲခြားမိတာလည်း ပြဿနာတစ်ခုပါပဲ။ ခုလက်ရှိအချိန်မှာအရေးကြီးတဲ့အလုပ်ကိုအရင်လုပ်လိုက်ပါ။ အဲဒါကအလုပ်တစ်ခုပြီးသွားစေပါတယ်။ အစီအစဉ်မဆွဲထားတဲ့အခါ ဖရိုဖရဲနဲ့ တွေ့ရာမြင်ရာကိုလုပ်နေတတ်တာကြောင့် အရေးကြီးတာ၊ အရေးမကြီးတာ မခွဲခြားနိုင်တော့ပါဘူး။ အစီအစဉ်ဆွဲထားတဲ့အတွက် အရေးကြီးတာကို အခြေအနေနဲ့အချိန်အခါအလိုက်လည်း ခွဲခြားလုပ်လို့ရပါတယ်။ ဥပမာ။ ကလေးအတွက်ပြင်ဆင်ပြီးမှ ကိုယ့်အတွက်ကိုယ်ပြင်ဆင်တာက အဆင်ပြေမလား။ ဒါမှမဟုတ် ကိုယ့်အတွက်ကိုယ်အမြန်ပြင်ဆင်ပြီးမှ ကလေးကို သွားခါနီးမှ ပြင်ဆင်ပေးလိုက်တာက ပိုအဆင်ပြေမလား။ စသဖြင့် အခြေအနေအရ အရေးကြီးနေတာကို အရင်လုပ်သင့်ပါတယ်။

၃) အလုပ်ကိုအလုပ်ချိန်မှာအပြည့်အဝအာရုံစိုက်ပါ။
အလုပ်ချိန်အတွင်းမှာအလုပ်ကိုသေချာအာရုံစိုက်ထားတာကအလုပ်ချိန်အပြန် အိမ်အရောက်မှာလုပ်စရာရှိတာတွေကိုကောင်းကောင်းလုပ်ဆောင်နိုင်ပါတယ်။ အဲလိုမဟုတ်ရင် အလုပ်ခွင်မှာလည်းအလုပ်ကမပြီးစီးအိမ်အထိအလုပ်တွေသယ်လာ၊ အိမ်ပြန်ရောက်တော့လည်းအိမ်အလုပ်ကတဖက်ရှိသေးပြန်နဲ့ ပိုပြီးစိတ်ဖိစီးမှုဖြစ်စေပါတယ်။ ပြီးတော့ ကိုယ့်ကလေးကိုလည်းအချိန်ပေးဖို့အချိန်မကျန်တော့တာမျိုးဖြစ်တတ်ပါတယ်။ အဲဒါကြောင့်အလုပ်ခွင်အတွင်းအလုပ်ချိန်မှာအလုပ်ပြီးမြောက်ဖို့သာအာရုံစိုက်သင့်ပါတယ်။

၄) အိမ်အလုပ်လုပ်ရင်းကလေးနဲ့စကားစမြည်ပြောပေးပါ။
အလုပ်တစ်ဖက်နဲ့မိခင်တွေကအလုပ်ခွင်မှာအလုပ်တွေလုပ်ပြီးအိမ်ပြန်ရောက်ပြန်ရင် အိမ်မှာပွရှု့ပ်နေသမျှရှင်းလင်းဖို့နဲ့ ချက်ပြုတ်စားသောက်ဖို့ အိမ်မှုကိစ္စကဆီးကြိုနေလို့ အမောဆို့ရတတ်ပါတယ်။ အိမ်အလုပ်တွေလုပ်ပြီးတဲ့အခါမှာတော့ မောပန်းသမျှ ခြေကုန်လက်ပန်းကျတာနဲ့ ကလေးကိုအချိန်ပေးဖို့မဖြစ်နိုင်တော့ပြန်ပါဘူး။ အဲဒါကြောင့် အိမ်အလုပ်လုပ်နေရင်းကလေးနဲ့ ပါးစပ်ကနေတဖွဖွ အမေးအမြန်းလုပ်တာမျိုး။ ဥပမာအရွက်ခြွေနေရင်း “သားရေမေမေကို ကြက်သွန်လေးယူလာပေးပါအုံး” လို့ခိုင်းနေရင်းတစ်နေ့တာဘာဖြစ်ခဲ့သလဲမေးတာမျိုး၊ ဘယ်သူငယ်ချင်းကဘယ်လိုမျိုးလဲ၊ ဘယ်ဆရာမကဘယ်လိုမျိုးလဲမေးမြန်းတာမျိုးလုပ်လို့ရပါတယ်။ အဲဒါဆိုအိမ်အလုပ်လည်း ပြီး၊ ကလေးလည်းအမေကသူ့ကိုအရေးတယူပြုတယ်လို့ခံစားရပါလိမ့်မယ်။ အိမ်မှုကိစ္စတွေကိုလည်းသူနိုင်သလောက်လေး စိတ်ပါဝင်စားအောင် သူနိုင်တာလေးတွေခိုင်းပေးခြင်းဖြင့် သူလည်း တာဝန်ယူတတ်လာပါလိမ့်မယ်။ အလုပ်ကြီးတစ်ခုလို ဝန်မပိဘဲ ပေါ့ပေါ့ပါးပါးလေးဖြစ်စေပါတယ်။ ဒါပေမယ့် ကလေးနဲ့အဆင်မပြေတာမျိုးတော့ သေချာရှင်းပြပြောပြထားသင့်ပါတယ်။ ဥပမာ ။ ရေနွေးပူ၊ ဆီပူ၊ မီးခလုတ်လိုမျိုးတွေပေါ့။

အဆင်ပြေမယ်ဆိုရင်တော့ ညနေခင်း ဈေးအမှီဝယ်လာပြီး အိမ်အရောက်မှာချက်ပြုတ်ထားလိုက်တာကမနက်ခင်း မေမေအိပ်ရေးဝသလို၊ ကလေးလည်း အိပ်ရေးဝစေပါတယ်။ ညစာလည်းတခါတည်းစားဖို့အဆင်ပြေပြီးချက်ပြုတ်ထားတဲ့နောက်နေ့အတွက်ဟင်းလျာကိုရေခဲသေတ္တာထဲကထုတ်ပြီး ပြန်နွေးလိုက်ရုံနဲ့ မနက်ခင်းမနက်စာအတွက်ပဲပြင်ဆင်ဖို့နဲ့ ရုံးသွားကျောင်းသွားဖို့ပြင်ဆင်ရတာပိုမြန်သွားစေတာပေါ့။ မဟုတ်ရင်တော့ မနက်ကျမှ ချက်ပြုတ်တာကညဘက်ကတည်းကအလုပ်တွေလည်း မပြီးလို့အိပ်ရာဝင်နောက်ကျတာမျိုးဖြစ်ရင် မေမေအိပ်ရေးမဝတဲ့အတွက် အခြားအလုပ်တွေကိုပါ ဆက်ပြီးထိခိုက်လာနိုင်ပါတယ်။

အဲလိုမဟုတ်ရင်လည်းညနေ ဈေးဝယ်လာပြီး မနက်ခင်းထမင်းချိုင့်အတွက်ချက်ပြုတ်ဖို့ကိုညကတည်းက ပြင်ဆင်ထားရင်လည်းလက်တင်ချက်ပြုတ်ရုံပဲမို့ အဆင်ပြေမယ်ထင်ပါတယ်။

၅) အိမ်အလုပ်တွေလုပ်နေချိန်မှာသီချင်းနားထောင်ပါ။
အိမ်ပြန်ရောက်တာနဲ့အိမ်အလုပ်တွေတပုံကြီးကိုမြင်ပြီးစိတ်ညစ်သွားတတ်ကြတာ အလုပ်တဖက်နဲ့မေမေတွေရဲ့ဘဝပါပဲ။ စိတ်ဖိစီးမှုဖြစ်ပြီးအလုပ်မလုပ်ချင်၊ မလုပ်နိုင်ဖြစ်ရင် ပိုပြီးဒုက္ခများပြန်ရော။ အဲဒီ့တော့အိမ်အလုပ်တွေစလုပ်ကတည်းကကိုယ်ကြိုက်တဲ့သီချင်းလေးတွေကိုဖွင့်ထားလိုက်ပါ။ စိတ်လည်းပေါ့ပါးသလို၊ အလုပ်လုပ်ရင်းအပန်းဖြေပြီးသားဖြစ်စေပါတယ်။ မဟုတ်ရင်တော့ ဘာသီချင်းအသစ်ထွက်ပြီးဘယ်သီချင်းတွေပေါက်နေမှန်းတောင် မသိနိုင်တာမေမေတွေပါပဲနော်။

၆) ညစာချက်ပြုတ်နေချိန်မှာ အဝတ်တွေကို စက်ထဲထည့်လျှော်ထားလိုက်ပါ။
ပြောချင်တာက ညနေခင်းဈေးဝယ်လာလို့ ညစာတခါတည်းချက်မယ်ဆိုရင် ညစာချက်ဖို့ လှီးချွတ်မပြင်ဆင်ခင်မှာ အဝတ်လျှော်စက်ထဲ အဝတ်တွေထည့်လျှော်ထားလိုက်တာတလုပ်အေးစေပါတယ်။ အဝတ်တွေကို စက်ကလျှော်နေချိန် ကိုယ်ကလည်းညစာကောနောက်တစ်နေ့အတွက်ချက်ပြုတ်ဖို့ပါ ပြင်ဆင်နေနိုင်ပါတယ်။ စက်နဲ့မလျှော်လည်းကိစ္စမရှိပါဘူး။ ညစာအတွက်မပြင်ဆင်ခင်ကတည်းက အဝတ်တွေကို ဆပ်ပြာစိမ်ထားတာမျိုးလုပ်ထားနိုင်ပါတယ်။

၇) ကလေးအိပ်ရမယ့်အချိန်မှာကလေးကိုပုံပြင်လေးတွေပြောပါ။
ကလေးအတွက်အိပ်ချိန်ကို ည၉နာရီခွဲလို့သတ်မှတ်ထားတယ်ဆိုရင် ထိုအချိန်ရောက်တာနဲ့ ဘာမှမလုပ်တော့ဘဲကလေးကိုအိပ်ရာထဲကိုခေါ်ပြီးပုံပြင်ပြောပြရင်းသိပ်ပါ။ ပုံပြင်ပြောမယ့်အကြောင်းအရာကကလေးရဲ့အမူအကျင့်တွေထဲက ပြုပြင်ရမယ့်အကြောင်းအရာနဲ့ဆက်စပ်နေတာမျိုးစဉ်းစားထားပါ။ ထိုအကြောင်းအရာကိုပြောပြရင်းကလေးကိုတခါတည်းပုံပြောရင်းဆုံးမပြီးသားဖြစ်စေပါတယ်။ အဲဒါဆိုကလေးကိုလည်းအချိန်ပေးပြီးသားဖြစ်သလို၊ ကလေးလည်းအိပ်ချိန်မှန်သွားစေပါတယ်။ မဟုတ်ရင် ကလေးကလည်းအချိန်မှန်မအိပ်၊ ကိုယ်ကလည်းကလေးကိုအချိန်သပ်သပ်မပေးဖြစ်၊ လိမ္မာယဉ်ကျေးပုံပြင်ပြောဖို့အချိန်သပ်သပ်မပေးနိုင်ဖြစ်နဲ့ အိမ်အလုပ်ကိုချည်းမဲနေမိတတ်ပါတယ်။ ပြန်တွေးမိရင်လည်းကလေးကိုအချိန်မပေးမိလိုက်တဲ့အတွက် စိတ်မကောင်းဖြစ်နေတတ်ပါတယ်။

ကလေးကသူ့အိပ်ချိန်မှာသူအိပ်သွားတတ်ပြီဆိုရင် ကလေးအိပ်ချိန်မှာအရေးမကြီးဘဲကျန်နေတဲ့လက်ကျန်အလုပ်တွေဆက်လုပ်နိုင်သလို၊ မနက်ဖြန်အတွက် စီစဉ်သင့်တာစီစဉ်နိုင်ပါပြီ။
ဒီအချက်လေးတွေက အဆင်ပြေလောက်မယ့် ယေဘုယျအချက်လေးတွေဖြစ်ပါတယ်။ ကိုယ်နဲ့ကိုက်ညီလို့အဆင်ပြေမယ်ဆိုရင်အသုံးချနိုင်သလို၊ အဆင်ပြေမယ့်အချက်လေးတွေပဲရွေးပြီးလည်း အသုံးချနိုင်ပါတယ်။ ပိတ်ရက်တွေမှာလည်းအေးဆေးအနားယူဖို့အချိန်သတ်မှတ်ထားပါအုံး။ မေမေတွေကစိတ်ဖိစီးမှုများတတ်တဲ့အတွက် အနားယူဖို့လည်းလိုအပ်ပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။