Work From Home အဖြစ်အလုပ်လုပ်တဲ့အခါ မျက်လုံးမထိခိုက်စေဖို့ သတိထားသင့်တဲ့အချက်များ

အိမ်ကနေအလုပ်လုပ်ရတဲ့အခါ မျက်လုံးကို ပိုပြီး အနားမပေးဖြစ်တော့ပါဘူး။ ထိုင်ရာမထဘဲ ကွန်ပျူတာတစ်နေကုန်သုံးတဲ့အချိန်ပိုများလာပြီး တစ်ခုခုဆို ဖေ့ဘုတ်ကိုမျက်လုံးကရောက်သွားတာနဲ့တင် လူမှုကွန်ရက်ပေါ်အချိန်ဖြုန်းမှန်းမသိဖြုန်းမိသွားတတ်ပါတယ်။ အဲဒါကြောင့် အိမ်ကနေ အလုပ်လုပ်တဲ့အခါ အချိန်လေးသတ်မှတ်ပြီး ကွန်ပျူတာကို ကြည့်သင့်ပါတယ်။ အလုပ်လုပ်တဲ့အချိန်မျိုးမှာလည်း လုံးဝလူမှုကွန်ရက်ကိုမသုံးဘူးဆိုပြီး စိတ်ကိုထိန်းချုပ်သင့်ပါတယ်။ သတ်မှတ်ထားတဲ့အလုပ်တွေကို သတ်မှတ်ထားတဲ့အချိန်မှာပြီးသွားတဲ့အခါကျမှ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာ၊ လမ်းလျှောက်တာမျိုးကို လုပ်ပေးသင့်ပါတယ်။ မဟုတ်ရင် အညောင်းထိုင်တာမျိုး၊ မျက်လုံးပါဝါတိုးလာတာမျိုး၊ ခေါင်းကိုက်တာမျိုး၊ မျက်ရည်ပူကျတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် သတိထားသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) ကွန်ပျူတာကို သင့်တော်တဲ့အနေအထားမှာထားပါ။
ကွန်ပျူတာက သင့်ရဲ့မျက်လုံးနဲ့အနည်းဆုံး ၂၅လက်မခန့်ခွာထားသင့်ပါတယ်။ သင့်လက်မောင်းနဲ့ တစ်တန်းတဲ့ဖြစ်တဲ့အနေအထား၊ စားပွဲခုံမျိုးဖြစ်သင့်ပါတယ်။ အဲဒါမှ သင့်လက်ပြင်ငုတ်တာမျိုး၊ ဇက်ကြောတက်တာမျိုးတွေမဖြစ်နိုင်မှာပါ။ မျက်လုံးကို ဖိအားဖြစ်စေတာလည်းနည်းမှာဖြစ်ပါတယ်။

၂) ကွန်ပျူတာ screen အလင်းကို လျှော့ထားပါ။
Screen အလင်းများခြင်းက သင့်မျက်လုံးကို အလင်းရောင်ပိုစူးစေပြီးမျက်စိကျိန်းတာမျိုးဖြစ်စေနိုင်ပါတယ်။ အခန်းတွင်းအလင်း၊ အမှောင်နဲ့ ရာသီဥတုပေါ်မူတည်ပြီး အဆင်ပြေသလိုချိန်ထားသင့်ပါတယ်။

၃) ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးပါ။
မတ်တပ်ရပ်တာ၊ လမ်းလျှောက်တာ ၊ အကြောလျှော့တာမျိုးတွေလုပ်ပေးဖို့ အချိန်လေးသတ်မှတ်ထားသင့်ပါတယ်။ ဘယ်နှစ်နာရီတစ်ခါလောက်လုပ်မယ်ဆိုပြီး သတ်မှတ်တာမျိုးပေါ့။ မဟုတ်ရင် အညောင်းထိုင်တာ၊ ဇက်ကြောတက်တာမျိုးတွေဖြစ်လာနိုင်တဲ့အပြင် အခြားကျန်းမာရေးအခြေအနေတွေလည်း ထိခိုက်လာစေနိုင်ပါတယ်။

၄) မျက်လုံးလေ့ကျင့်ခန်းလုပ်ပေးပါ။
မိနစ် ၂၀ပြည့်ရင် တစ်ခါလောက် ကွန်ပျူတာကနေ အမြင်အာရုံကိုခွာပြီး အခြားရှုခင်းတစ်ခုခုကို ပြောင်းကြည့်တာမျိုး ၊ မျက်လုံးမှိတ်ထားလိုက်တာမျိုး၊ အခြားပေ၂၀အကွာက အရာတစ်ခုခုကို လှမ်းကြည့်လိုက်တာမျိုးလုပ်ပေးသင့်ပါတယ်။ သင့်မျက်လုံးကြွက်သားတွေပြေလျော့စေပြီး မျက်စိအညောင်းမိခြင်းကနေ သက်သာစေမှာပါ။

၅) မျက်တောင်ခတ်ဖို့မမေ့ပါနဲ့။
များသောအားဖြင့် ကိုယ်အာရုံစိုက်နေတဲ့အရာပေါ်မှာသာ အာရုံရောက်နေလေ့ရှိပြီး မျက်တောင်ခတ်ဖို့တောင်မေ့နေတတ်ပါတယ်။ အဲဒါက သင့်မျက်လုံးကို ထိခိုက်စေပါတယ်။ သာမန်အားဖြင့် ၄စက္ကန့်မှာတစ်ခါ မျက်တောင်ခတ်လေ့ရှိပေမယ့် တကယ်တမ်း ကွန်ပျူတာနဲ့ အခြား ဒစ်ဂျစ်တယ်ပစ္စည်းတွေကို အသုံးပြုတဲ့အခါ မျက်တောင်ခတ်ဖို့မေ့နေတဲ့အခါမျိုးလည်း ရှိပါတယ်။ အဲဒါကြောင့် သတိလေးထားပြီး မျက်တောင်ခတ်ပေးပါ။ အဲဒါက သင့်မျက်လုံးမှ မျက်ရည်ပူကျခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
https://www.kshb.com/news/coronavirus/tips-for-eye-health-while-working-from-home လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။