သင့်ရဲ့စွမ်းရည်ကို ဘယ်လိုမြင့်တင်မလဲ။

လူတစ်ယောက်မှာ အပြင်ပန်း ရုပ်ဝတ္ထုပစ္စည်းတွေက မတည်မြဲနိုင်ပါဘူး။ ကိုယ့်ရဲ့ဦးနှောက်ထဲမှာ သိမ်းထားမယ့် ပညာကသာ ကိုယ်သွားတဲ့နေရာတိုင်းပါလာမှာဖြစ်ပါတယ်။ ဘယ်သူကမှ ကိုယ့်ရဲ့ပညာစွမ်းရည်ကိုမဖျက်စီးနိုင်ပါဘူး။ အဲဒါကြောင့် ကိုယ့်ရဲ့စွမ်းရည်မြင့်လာဖို့ ကိုယ့်ရဲ့ပညာကိုသာ အမြဲတိုးနေအောင်ကြိုးစားရမှာဖြစ်ပါတယ်။ ပညာဆိုတာ ဘွဲ့လက်မှတ်တွေတသီကြီးရတာမျိုးကိုပဲ ပြောချင်တာမဟုတ်ပါဘူး။ အတတ်ပညာလည်း အကျုံးဝင်ပါတယ်။ တချိန်မှာ ကိုယ့်အတွက် ပြန်ပြီး အသုံးချဝင်ငွေတိုးစေမယ့် ပညာမျိုးပါ။ တနည်းအားဖြင့် ကိုယ့်ရဲ့စွမ်းရည်ပါ။ ကိုယ့်ရဲ့စွမ်းရည်တိုးလာလေလေ ကိုယ့်ရဲ့ဝင်ငွေလည်း တိုးလာလေလေပါပဲ။ ရောက်ရှိနေတဲ့နေရာကနေ ပိုပြီးမြင့်မားတဲ့နေရာရောက်ဖို့ သင့်စွမ်းရည်က အခြေခံပါပဲ။ အဲဒါကြောင့် သင့်ရဲ့စွမ်းရည်ကို ဘယ်လိုမြင့်တင်မလဲ ဆိုတာလေးဖော်ပြပေးလိုက်ပါတယ်။


၁) တိကျတဲ့ပန်းတိုင်သတ်မှတ်ပါ
သင့်စွမ်းရည်တိုးတက်ချင်ရင် ကိုယ့်ကိုယ်ကိုယ်သိဖို့လိုပါတယ်။ ကိုယ်တိုင်ဘာဖြစ်ချင်မှန်းမသိရင် ဘာလုပ်ရမယ်မှန်းလည်းသိမှာမဟုတ်ပါဘူး။ ဒီနေ့ခေတ်မှာ ကိုယ့်ထက်ပိုပြီးတော်တဲ့သူတွေများလာသလို၊ အမျိုးမျိုးအောင်မြင်နေတဲ့သူတွေကိုကြည့်ပြီး ကိုယ်ပါအောင်မြင်တိုးတက်ချင်စိတ်ဖြစ်လာမှာပါ။ ဒါပေမယ့် အခြားသူအောင်မြင်နေတဲ့နယ်ပယ်က ကိုယ်စိတ်ပါဝင်စားမှုတကယ်ရှိရဲ့လား၊ ကိုယ်နဲ့ကိုက်ညီရဲ့လား၊ ကိုယ်တကယ်ဖြစ်ချင်တာဘာလဲ စသဖြင့် အဲဒီလို တိကျရေရာစွာမသိရင် ယောင်ဝါးဝါးဖြစ်နေမှာပါ။ အဲဒါကြောင့် ကိုယ်ဖြစ်ချင်တာကိုသိပြီး ကိုယ်သွားချင်တဲ့လမ်းကြောင်းကိုရွေးပါ။ တိကျတဲ့ပန်းတိုင်အရင်ဆုံးသတ်မှတ်ပါ။ တိကျတဲ့ပန်းတိုင်သတ်မှတ်ထားမှသာ ကိုယ့်ရဲ့စွမ်းရည်ကို မြင့်တင်ဖို့ လမ်းစရလာမှာဖြစ်ပါတယ်။

၂) ပန်းတိုင်နဲ့ကိုက်ညီမယ့် skill ကိုရွေးပါ
ဟုတ်ပြီ….ကိုယ်ဖြစ်ချင်တာတွေကို သိပြီး ကိုယ်သွားမယ်ဆိုတဲ့လမ်းကိုရွေးချယ်ပြီးတဲ့အခါ အဲဒီလမ်းကြောင်းပေါ်မှာ ထူးချွန်စွာလျှောက်လှမ်းနိုင်မယ့် skill တွေကို မြင်နိုင်ပါပြီ။ ဘာစွမ်းရည်တွေကိုသင်ယူရမလဲပေါ့။ သက်ဆိုင်ရာ စွမ်းရည်ကို တိုးတက်ဖို့ကြိုးစားရတော့မှာပါ။

၃) သေချာသင်ပြနိုင်မယ့်ဆရာကိုရွေးချယ်ပါ
ကိုယ့်ရဲ့စွမ်းရည်ကို ထိရောက်အောင်မြင့်တင့်နိုင်မယ့်လူကိုသေချာရွေးဖို့လိုပါတယ်။ ဆရာမပြနည်းမကျသလို၊ ဆရာမကောင်းရင်လည်း တပည့်ကောင်းမဖြစ်လာနိုင်ပြန်ပါဘူး။ အဲဒါကြောင့် ကိုယ်ဖြစ်ချင်တဲ့လမ်းကြောင်းမှာ လိုအပ်တဲ့စွမ်းရည်ကို စနစ်တကျသေချာသင်ပေးမယ့်ဆရာမျိုးဖြစ်ဖို့လိုပါတယ်။

၄) ကိုယ်တိုင်တစိုက်မတ်မတ်သင်ယူပါ
ဆရာသေချာရွေးချယ်ပြီးတဲ့အခါ ဆရာကောင်းကသင်ပေးလိက်တာကိုကြိုးစားသင်ယူဖို့လိုသလို၊ သင်ကိုယ်တိုင်တစိုက်မတ်မတ်လေ့လာသင်ယူဖို့လည်းလိုပါသေးတယ်။ ကြားဖူးတဲ့ပုံပြင်လေးတစ်ပုဒ်လိုပေါ့….ကျောင်းသားနှစ်ယောက်ဟာ ဆရာတစ်ယောက်တည်းဆီမှာအတူတူပညာသင်ကြပါတယ်။ တစ်နေ့တော့ဆရာက အိုးတစ်လုံးစီပေးပြီး နှင်းကျတာကို အိုးအပြည့်ရအောင်ခံယူလာခဲ့ကြလို့ခိုင်းပါတယ်။ အဲဒီ့အခါ ပထမကျောင်းသားက မြက်ခင်းပေါ်က နှင်းစက်တွေကို အဝတ်တစ်ခုနဲ့စုပ်ယူပြီးအိုးထဲညှစ်ထည့်ရင်း အိုးအပြည့်ရသွားပါတယ်။ ဒုတိယကျောင်းသားကတော့ တံစက်မြိတ်က နှင်းကျတာကိုသာ အိုးနဲ့ခံယူတာမို့ နှင်းစက်တွေက အိုးတစ်ဝက်တောင်မရပါဘူးတဲ့။ ခုလည်အဲဒီပုံပြင်လေးလိုပါပဲ။ သင်ပေးလိုက်တာကတော့အတူတူပါပဲ ဒါပေမယ့် ကိုယ်ဘယ်ယူသင်ယူသလဲဆိုတဲ့ပေါ်မူတည်ပြီး ရသွားတဲ့ပညာချင်းက မတူတော့ပါဘူး။ ဆရာသင်လိုက်တာကိုပဲ တရားသေမှတ်သင်ထားတာထက်စာရင် ကိုယ်ဘယ်လိုcreative လုပ်နိုင်မလဲဆိုတာမျိုးကို တွေးတောပြီး ဖြန့်ကျက်တွေးတောတာမျိုးပေါ့။

၅) Online ကနေလည်းလေ့လာသင်ယူပါ
ခုခေတ်မှာ ကိုယ်နဲ့သက်ဆိုင်တဲ့ပညာရပ်ကို နိုင်ငံတကာက ဘယ်လိုပြောပြထားသလဲ၊ ဘယ်လိုတီထွင်ဆန်းသစ်ထားသလဲ စသဖြင့် အွန်လိုင်းကနေတဆင့် လေ့လာလို့ရပါတယ်။ google / youtube နဲ့အခြားသော မီဒီယာတွေကနေလည်း လေ့လာပြီး သင်ယူဆန်းသစ်နိုင်ပါတယ်။ နိုင်ငံတကာက အမြင်ကို လေ့လာပါများလာတဲ့အခါ ကိုယ်တိုင်လည်းပိုပြီး ဖန်တီးနိုင်စွမ်း အမြင်သစ်တွေရလာနိုင်ပါတယ်။

၆) ပိုခက်လာလေလေ ပိုကျွမ်းကျင်လာဖို့ဆိုတာ မမေ့ပါနဲ့
ကိုယ့်ရဲ့ စွမ်းရည်ကို မြင့်တင်မယ်ဆိုပြီး ကြိုးစားနေချိန်မှာ စိတ်ပျက်အားလျှော့ချင်လာတိုင်း ပိုခက်တာကိုသာ ကျွမ်းကျင်သွားမယ်ဆိုရင် ကိုယ့်စွမ်းရည်က အခြားသူထက်ကို အဆများစွာသာသွားပြီလို့ ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။ အားပြန်တက်လာပါလိမ့်မယ်။ ပိုခက်တာကိုလုပ်နိုင်လေလေ ပိုကျွမ်းကျင်လာလေလေဆိုတာ မမေ့ပါနဲ့နော်။

၇) လက်တွေ့အသုံးချပါ။
ကိုယ့်ရဲ့စွမ်းရည်အတွက် အထက်ကအချက်တွေကို သေချာလိုက်နာကြိုးစားနေပြီဆိုတဲ့အခါမှာ အရေးကြီးဆုံးတစ်ချက်ရှိပါသေးတယ် အဲဒါကတော့ ကိုယ့်ရဲ့စွမ်းရည်ကို လက်တွေ့မှာအသုံးချဖို့ပါပဲ။ ကိုယ်ကြိုးစားလေ့လာမြင့်တင်နေတဲ့စွမ်းရည်ကို လက်တွေ့မှာ များများအသုံးချနိုင်အောင်ကြိုးစားပါ။ များများအသုံးချနိုင်လေလေ များများ ရဲဝင့်လာလေလေ ကိုယ့်ရဲ့စွမ်းရည်နဲ့ပတ်သက်လာရင် ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုပိုတိုးလာလေလေပဲဖြစ်ပါတယ်။ အဲဒါကြောင့် စွမ်းရည်တိုးတက်လာဖို့ လက်တွေ့များများအသုံးချဖို့ကလည်း အရေးကြီးပါတယ်။
အထက်ကအချက်တွေကို သေချာဖတ်မှတ်ပြီး သေချာလေ့လာကြိုးစားအားထုတ်ပါ။ ကိုယ်ပန်းတိုင်ကိုသွားမယ့်လမ်းကို စမ်းတဝါးဝါးလျှောက်နေတာထက်စာရင် သေချာပန်းတိုင်ချမှတ်ပြီး သေချာစွမ်းရည်ကိုမြင့်တင်တာက ပိုပြီးထိရောက်ပါတယ်။ ကိုယ်တိုင်ကြိုးစားချင်စိတ်မရှိရင်တော့ သိကြားမင်းဆင်းပြီး လာသင်ပေးရင်တောင် မရနိုင်ပါဘူး။ စိတ်အားထက်သန်စွာ အမြဲမပြတ် လေ့လာကြိုးစားနေပါ၊ လက်တွေ့များများအသုံးချပြီး သက်ဆိုင်ရာနယ်ပယ်မှာ ကိုယ့်စွမ်းရည်ကိုချပြခြင်းက သင့်ကိုသင်ပိုပြီးယုံကြည်မှုတိုးလာစေပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။