Over Controlling လုပ်လွန်းတဲ့ မိဘတွေကြောင့် ပျက်စီးသွားသောကလေးတို့ရဲ့ဘဝမှာ ဘာတွေဖြစ်လာနိုင်သလဲ။
ကလေးကို အရမ်းထိန်းချုပ်လွန်းတဲ့မိဘတွေဆိုတာက ကလေးရဲ့လှုပ်ရှားတိုင်းကို ကြည့်ပြီး ဟန့်တားနေတတ်တာမျိုးပေါ့။ ကလေးထိုင်ထိုင်နေလို့၊ ကလေးခုန်နေရင်ခုန်နေလို့၊ ကလေးကပုံဆွဲရင်ဆွဲနေလို့စသဖြင့် ကလေးကို သူတို့ဖြစ်စေချင်တဲ့အတိုင်း အရမ်းကို ထိန်းချုပ်ဖို့ အမိန့်ပေးပြောဆိုတတ်သူတွေပါပဲ။ အဲဒီလို အထိန်းချုပ်လွန်တဲ့မိဘတွေမှာ တခါတလေ စိတ်ပိုင်းဆိုင်ရာအားဖြင့် ထိခိုက်အောင် ပြောဆိုတတ်သလို၊ တခါတလေလည်း သူတို့စိတ်နဲ့မတွေ့တဲ့အခါ ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်အောင် ရိုက်နှက်တတ်ကြပါသေးတယ်။
၁) အမှားလုပ်မိမှာကြောက်တတ်လာပါတယ်။
များသောအားဖြင့် သူတို့မိဘတွေ၊ အုပ်ထိန်းသူတွေက သူတို့ကို ထိုင်ဆိုထိုင်၊ ထဆိုထ မိဘတွေဖြစ်စေချင်တဲ့အတိုင်း နေရတာများပြီး ကလေးသဘာဝအမှားအသေးအဖွဲလေးတွေလုပ်မိရင်တောင် အကြီးအကျယ်အပြစ်တင်တတ်ကြတာမို့ ထိန်းချုပ်လွန်းတဲ့မိဘတွေရဲ့ကလေးတွေဟာ သူတို့အသစ်အဆန်းတစ်ခုခုကို လုပ်ချင်ရင်တောင် မှားသွားမှာကို အရမ်းစိုးရိမ်ကြောက်ရွံ့နေတတ်ကြပါတယ်။ အဲဒါကြောင့် အမှားအသေးအဖွဲလေးလုပ်မိမှာကိုတောင် ကြောက်တတ်ကြပါတယ်။ ကလေးသဘာဝလုပ်မိရင်တောင် မိဘမဆူအောင် ဖုံးကွယ်လိုက်တာမျိုး၊ လိမ်ညာလိုက်တာမျိုးတွေထိ ဖြစ်လာနိုင်ပါတယ်။
၂) နည်းနည်းလေးမှအမှားမခံတတ်တဲ့ ကလေးတွေဖြစ်လာပါတယ်။
တနည်းအားဖြင့် အမှားလုပ်မိမှာကြောက်တဲ့အတွက်၊ မိဘရဲ့ဆိုးဝါးတဲ့အပြစ်တင်ခံရမှာကို ကြောက်တဲ့အတွက်ကို အမှားမရှိ၊ အရာအားလုံးမှာ ပြီးပြည့်စုံပြီး perfect ဖြစ်ချင်တဲ့စိတ်များတဲ့စိတ်ခံစားချက်မျိုးအစွဲကြီးလာပါတယ်။ perfectionistic ဖြစ်လာတဲ့အခါ အသေးအဖွဲလေးကအစ အမှားမခံနိုင်တော့ဘဲ ပြီးပြည့်စုံအောင်ကောင်းမွန်နေတာ၊ မှန်ကန်နေတာမျိုးတွေကိုသာလိုချင်တဲ့လူမျိုးဖြစ်လာတော့တာပါပဲ။
၃) အခြားသူကိုလည်း ပြန်ပြီးထိန်းချုပ်တတ်လာကြပါတယ်။
ငယ်ငယ်ကတည်းက သူတို့မြင်တွေ့နေရတဲ့အုပ်ထိန်းသူရဲ့ အကျင့်စရိုက်အတိုင်းပဲ ကလေးတွေက ဖြစ်လာတာမို့ သူတို့ကိုယ်သူတို့မသိလိုက်ခင်မှာပဲ အခြားသူကို ထိန်းချုပ်တတ်သူတွေဖြစ်လာတတ်ပါတယ်။
၄) အခြားတစ်ယောက်ကိုမှီခိုတတ်လာပါတယ်။
အရမ်းအမှားမခံဘဲ ထိန်းချုပ်တတ်တဲ့မိဘတွေက ကလေးရဲ့မှားနိုင်ချေရှိသမျှအခြေအနေတွေတိုင်းကို သူတို့ကိုယ်တိုင်ဝင်ဖြေရှင်းပေးသွားတတ်ပါတယ်။ အဲဒီ့အခါက ကလေးက အမှားလုပ်မိမှာကို ကြောက်တတ်သလို မိဘကိုလည်း အားကိုးတကြီးမှီခိုလာတတ်ပါတယ်။ မြန်မာမိသားစုမှာအများဆုတွေ့ရတတ်တဲ့အကျင့်ဖြစ်ပါတယ်။ တခုခုဆို မလုပ်နဲ့မှားသွားမယ်၊ မေမေလုပ်ပေးမယ်ဆိုတာမျိုးပေါ့။ ဥပမာ။ ပန်းကန်သယ်ခိုင်းမယ်ဆိုရင် မသယ်နဲ့ကျကွဲမယ်၊ မေမေတို့ပဲသယ်လိုက်မယ်၊ ခုံပေါ်မတက်နဲ့ ခဏခဏပြုတ်ကျမယ်၊ မေမေကိုယ်တိုင်ခုံပေါ်တင်ပေးမယ် စသဖြင့်ပေါ့။ အဲဒီလိုနဲ့ကလေးဟာ အခြားတစ်ယောက်ကိုမှီခိုတတ်သူဖြစ်လာပါတယ်။
၅) စိုးရိမ်ကြောက်လန့်မှုအမြဲလွှမ်းမိုးနေတတ်ပါတယ်။
ကလေးသဘာဝအရ လုပ်ချင်စိတ်နဲ့လုပ်လိုက်မိရင်တောင် သူတို့မှာ စိုးရိမ်ထိတ်လန့်မှုက ကြီးစိုးနေတတ်တာမို့ အမြဲထိတ်လန့်နေပါတယ်.။ ကလေးပီပီ ဘာအနှောင့်အဖွဲမှမရှိဘဲ မပျော်ရွှင်နိုင်ပါဘူး။
၆) ကိုယ့်ကိုယ်ကိုယ်ထိခိုက်အောင်လုပ်တတ်သူဖြစ်လာပါတယ်။
မိဘတွေက အမြဲ အမှားလုပ်မိတိုင်းဆူပူတတ်သူမို့ စိတ်ပိုင်းဆိုင်ရာထိခိုက်နေတတ်ပြီး မိဘက လူညံ့၊ ငတုံး ဒါလေးတောင်အဖြစ်မရှိဘူး စသဖြင့်ပြောဆိုခြင်းခံနေရတတ်တာမို့ သူတို့ကိုယ်သူတို့ အသုံးမကျသူလိုခံစားတတ်လာပြီး သူတို့ကိုယ်သူတို့တောင် တန်ဖိုးမထားတတ်တော့ဘဲ ထိခိုက်နာကျင်အောင်လုပ်မိလာနိုင်ပါတယ်။