မနက်စောစောအိပ်ရာထနိုင်ဖို့ နည်းလမ်းအဆင့်ဆင့်

သင်ရည်မှန်းထားတဲ့ပန်းတိုင်တွေရှိတယ်။ ဒါပေမယ့် ပြဿနာက တစ်နေ့တာလုံးအချိန်ပိုထွက်လာအောင် မနက်ခင်းဆို အိပ်ရာက စောစောမထချင်တာက ပြဿနာဖြစ်နေသလား။ အောင်မြင်နေတဲ့သူတိုင်းက မနက်ခင်းစောစော အိပ်ရာထကြသူတွေဖြစ်ပါတယ်လို့ မကြာခဏ သင်ကြားဖူးနေမယ်ထင်ပါတယ်။


မနက်ခင်း အိပ်ရာစောစောထခြင်းက သင့်ရဲ့တစ်နေ့တာလုံးကို လန်းဆန်းနေစေပြီး သင့်ကိုလည်း ပိုပြီးတက်ကြွစေပါတယ်။ သင့်ရဲ့တစ်နေ့တာအစီအစဉ်ကိုသေချာစီမံနိုင်လို့ အလုပ်ပြီးမြောက်နိုင်စွမ်းလည်း ပိုများလာပါလိမ့်မယ်။
ဒါပေမယ့် သင်ကတော့ ဘယ်တော့မှ အိပ်ရာစောစောမထနိုင်တဲ့သူတစ်ယောက်ဖြစ်နေတယ်။ အလုပ်တွေကို အရေးကြီးတာ၊ အရေးမကြီးတာ ကြိုတင်မစီစဉ်နိုင်သလို မနက်ခင်းဆို ကတိုက်ကရိုက်အပြေးအလွှားဖြစ်နေမှာ အမှန်ပါပဲ။ အဲဒါကြောင့် ခက်ခဲပေမယ့် တကယ်လိုက်နာကြည့်ရင် သင့်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ တစ်နေ့တာလုံးအချိန်တွေပိုထွက်လာပြီး အလုပ်တွေပြီးမြောက်နိုင်ဖို့ မနက်ခင်းစောစောအိပ်ရာထဖို့လိုပါတယ်။ အဲဒါဆို အောက်ကနည်းလမ်းတွေကိုလိုက်နာကြည့်လိုက်ပါ။
၁) ဆုံးဖြတ်ချက်ပြတ်သားပါ။
လူအတော်များများအတွက် မနက်ခင်း ၅နာရီခွဲ ဆိုတဲ့အချိန်က အိပ်ရာထဖို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။ သင့်ကိုအိပ်ရာထဖို့ အကောင်းဆုံးနည်းကတော့ သင်ကိုယ်တိုင်ပဲလုပ်နိုင်တာဖြစ်ပါတယ်။ အဲဒါကြောင့် သင်ကိုယ်တိုင် မနက်ခင်းကို ၅နာရီခွဲ အိပ်ရာထဖြစ်အောင်ထမယ်လို့ ဆုံးဖြတ်ချက်ခိုင်မာစွာချရမှာဖြစ်ပါတယ်။ သင်တကယ်သင့်အိပ်မက်တွေကို အကောင်အထည်ဖော်မယ်ဆိုရင် သင်တကယ်လိုလားစွာ လုပ်ချင်စိတ်ရှိရပါမယ်။ တကယ်လုပ်ချင်စိတ်ရှိပြီး လုပ်ကိုလုပ်မယ်လို့ ဆုံးဖြတ်ချက်ပြတ်သားရမှာဖြစ်ပါတယ်။ ဥပမာ သင်က စာရေးဖို့ ညနေရုံးပြန်လာတဲ့အချိန်မှာ နောက်ကျနေပြီဆိုရင် မနက်ခင်းအိပ်ရာစောစောထပြီး စာရေးဖို့ကြိုးစားမယ်ဆိုပါတော့ အဲဒါဆိုရင် သင့်ရည်မှန်းချက်အိပ်မက်တကယ်ဖြစ်လာဖို့ သင်တကယ်မနက်စောစောအိပ်ရာထမှဖြစ်မှာလေ။
၂) ပြင်ဆင်ပါ။
၅၀ရာခိုင်နှုန်းက သင်တကယ်လုပ်မယ်လို့ ဆုံးဖြတ်ချက်ချပြီးပြီဆိုရင် ကျန်တဲ့ ၅၀ရာခိုင်နှုန်းက သင်တကယ်လုပ်ရမှာဖြစ်ပါတယ်။ အဲဒါဆိုရင် ၃၀ရာခိုင်နှုန်းက မနက်စောစောအိပ်ရာထနိုင်ဖို့ ကြိုတင်ပြင်ဆင်ရပါလိ့မ်မယ်။
ပြင်ဆင်ရမယ့်အဆင့်ဆင့်တွေကတော့ ……
က) မနက်အိပ်ရာစောစောထဖို့အတွက် အရင်ဆုံးပြင်ဆင်ရမှာက အိပ်ရာစောစောဝင်ဖို့ပဲဖြစ်ပါတယ်။ ညဘက်အိပ်ရာနောက်ကျမှ အိပ်ခြင်းက မနက်ကျ အိပ်ရာစောစောထဖို့ မလွယ်ကူစေပါဘူး။ အဲဒါကြောင့် ညဘက်ကို အတတ်နိုင်ဆုံးစောစောအိပ်ပါ။
ခ) မနက်ဖြန်အတွက်ကြိုတင်စီစဉ်ထားပါ။ မအိပ်မီ မနက်ဖြန်အတွက်လုပ်သင့်တာတွေအားလုံကို ချရေးထားပါ။ အရေးကြီးတာနဲ့ အရေးမကြီးတာ နံပါတ်စဉ်တပ်ပြီး ခွဲခြားထားပါ။
ဂ) တစ်နေ့တာလုံးမှာ နေ့လယ် ၂နာရီကျော်သွားလျှင် ကဖင်းဓာတ်ပါတဲ့အချိုရည်နဲ့ ကော်ဖီ၊ လက်ဖက်ရည်မသောက်ပါနဲ့။ နေ့လယ် ၂နာရီနောက်ပိုင်းသောက်လိုက်တဲ့ ကဖင်းဓာတ်ရဲ့အကျိုးက သင့်ကိုအိပ်ရာစောစောဝင်ဖို့ အနှောင့်အယှက်ဖြစ်စေမှာဖြစ်ပါတယ်။ အဲဒီ့အခါ မနက်ခင်းစောစောထဖို့အတွက် ညဘက်ကို အိပ်ရာစောစောဝင်မယ့်အစီအစဉ်က မအောင်မြင်တတ်ပါဘူး။ အဲဒါကြောင့် နေ့လယ် ၂နာရီနောက်ပိုင်းကော်ဖီလက်ဖက်ရည် မသောက်သင့်ပါဘူး။
ဃ) တစ်နေ့တာလုံးမှ ကိုယ်လက်လှုပ်ရှားမှုရှိပါစေ။ များသောအားဖြင့်က ကွန်ပျူတာရှေ့မှာအထိုင်များတဲ့အခါ လုှုပ်ရှားမှုနည်းတတ်ပါတယ်။ ဒါမှမဟုတ် လှုပ်ရှားမှုလုပ်ဖို့မေ့နေတတ်ပါတယ်။ အဲဒါကြောင့်တစ်နေ့တာလုံး လုပ်ငန်းခွင်မှာလည်း ကိုယ်လက် လှုပ်ရှားမှုလုပ်ပေးသင့်ပါတယ်။ တစ်နေ့တာလုံး ကိုယ်လက်လှုပ်ရှားမှုရှိခြင်းက သင့်ကို ကျန်းမာစေသလို၊ ညဘက်ကိုလည်း အိပ်ရာစောစောဝင်နိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒီအဆင့်ဆင့်အတိုင်းလိုက်နာတဲ့အခါမှာတော့ သင့်အတွက် မနက်ခင်းစောစောအိပ်ရာထဖို့ ကြိုတင်ပြင်ဆင်ပြီးသလောက်ဖြစ်သွားပါပြီ။
၃) အိပ်ရာမဝင်မီ ကိုယ့်ကိုကိုယ်အမိန့်ပေးပါ။
အိပ်ရာမဝင်မီ ပြင်ဆင်သင့်တာတွေပြင်ဆင်ပြီးရင်တော့ ညဘက်ကို စောစောအိပ်ရာဝင်လိုက်ပါ။ အိပ်ရာမဝင်မီ သင့်ကိုသင် စိတ်ထဲကနေ အကြိမ်ကြိမ် ရေရွတ်ပြီး အမိန့်ပေးရပါလိမ့်မယ် ။
“မနက်ကို ငါးနာရီခွဲအိပ်ရာထမယ်၊ လုပ်စရာရှိတဲ့အလုပ်တွေလုပ်ဖို့ မနက်ခင်း ငါးနာရီခွဲအိပ်ရာထကိုထရမယ်”
ဆိုပြီး သတိပေးလိုက်ပါ။ ဒီအဆင့်ကိုလုံး၀ မကျော်လိုက်ပါနဲ့နော်။ အချို့က ဒါကို ရူးတယ်လို့ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီ့လို ကိုယ့်ကိုကိုယ်လေးနက်စွာ သတိပေးလိုက်ခြင်းက မနက်ခင်းမှာ တကယ်အိပ်ရာကနေ အလိုလိုနိုးလာတာကို သင်ကြုံရပါလိမ့်မယ်။ တစ်ခုတော့ရှိပါတယ်….ခပ်ပေါ့ပေါ့သဘောထားပြီး ခပ်လွယ်လွယ်ပဲ ရေရွတ်လို့တော့မရပါဘူး။ တကယ့်အတွင်းစိတ်ထဲကနေ လေးနက်စွာ ကိုယ့်ကိုကိုယ်သတိပေးဖို့လိုပါတယ်။
နောက်ဆုံး သတိထားရမယ့်အချက်တွေကတော့….
အိပ်ရာနိုးလာတာနဲ့ ချက်ချင်းအိပ်ရာထဖို့ကြိုးစားပါ။ အိပ်ရာထဲပြန်မှေးမနေပါနဲ့။ ဖုန်းကိုချက်ချင်းကောက်ကိုင်ပြီး အီးမေးလ်စစ်တာ၊ ဖုန်းသုံးတာမျိုး လုံးဝမလုပ်မိပါစေနဲ့။ ချက်ချင်းအိပ်ရာကနေ ထပါ။
အိပ်ရာထဲက နိုးတာနဲ့ချက်ချင်းထပြီး မျက်နှာသစ်၊ သွားတိုက်တာမျိုးဖြစ်ဖြစ် ကော်ဖီတစ်ခွက်သောက်တာဖြစ်ဖြစ်၊ တခုခုလုပ်လိုက်ပါ။
Alarm ပေးထားပြီး alarm ကိုပြန်ပိတ်ပြီး အိပ်တတ်တယ်ဆိုရင် alarm ကို အသံအကျယ်ဆုံးဖွင့်ပြီး ညဘက်မအိပ်ခင်ကတည်းက အခန်းအပြင်ဘက်မှာ ထားလိုက်ပါ။ မနက်ခင်း alarm မြည်သံကြားတာနဲ့ alarm ကိုပိတ်ဖို့ အခန်းအပြင်ထွက်တာနဲ့တင် သင်အိပ်ချင်ပြေသွားပါလိမ့်မယ်။ အဲဒီ့အခါ တခါတည်း မျက်နှာသစ်၊ သွားတိုက်ပြီး ကော်ဖီတစ်ခွက်လောက်သောက်လိုက်ပါ။ သတိထားရမှာက alarm ကိုပိတ်ပြီးပြန်အိပ်မိတဲ့အခါ သင်ပိုပြီး လေးလံထိုင်းမှိုင်းသွားပါလိမ့်မယ်။ အဲဒီ့အခါ မနက်ခင်းအိပ်ရာနောက်ကျမှ နိုးမှာဖြစ်သလို၊ တစ်နေ့တာလုံး သင်နုံးခွေနေပြီး မလန်းဆန်းဘဲ လေးလံထိုင်းမှိုင်းနေမှာပါ။ အဲဒါကြောင့် alarm ပိတ်ပြီးပြန်အိပ်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။