လူတစ်ယောက်ရဲ့ အမှားကိုချည်းမြင်ပြီး အပြစ်တင်နေခြင်းက ဆိုးရွားပါတယ်။
လောကမှာ အမှားမရှိတဲ့သူဆိုတာမရှိနိုင်ပါဘူး။ “မမှားသောရှေ့နေ၊ မသေသောဆေးသမား”ဆိုတဲ့စကားပုံလိုပေါ့၊ လူတိုင်းဟာ အမြဲမှန်ကန်နေတဲ့လူဆိုတာမရှိနိုင်ပါဘူး။ ဒါပေမယ့်လည်း “မမှားတဲ့လူဆိုတာမရှိဘူး” ဆိုတာကိုချည်း လက်ကိုင်ထားပြီး တစ်သက်လုံးမှားနေလို့လည်းမဖြစ်ပြန်ပါဘူး။ အမှားတွေထဲကနေ သင်ခန်းစာယူပြီး အလားတူအမှားမျိုးမဖြစ်အောင် ကြိုးစားကြရတာပါပဲ။ အဲဒါမှသာ အမှားနည်းတဲ့လူဖြစ်လာမှာပါ။ နောက်ထပ်ဆိုးဝါးတဲ့အကျင့်တစ်ခုကတော့ လူတစ်ယောက်ရဲ့အမှားကိုချည်းထောက်ပြပြီး အမှားရှာတတ်တဲ့အကျင့်ပါပဲ။
ဘယ်နေရာမှာဖြစ်ဖြစ် အဆိုးကိုသာမြင်တတ်သူမို့ အဆိုးမြင်သူလို့ပြောနိုင်ပါတယ်။ ဥပမာ။ ပြတင်းပေါက်ကနေ မြင်နေတဲ့ရှုခင်းကို ကြည့်နေတာချင်းအတူတူတောင်မှ “မိုးရွာနေတာစိတ်ပျက်စရာကောင်းလိုက်တာ” လို့မြင်တတ်သူနဲ့ “မိုးရွာတော့ ခုမှပဲ အေးချမ်းသွားတော့တယ်၊ အပင်တွေလည်း ရေရတာပေါ့” လို့ မြင်တတ်သူနဲ့နှစ်ယောက်မှာမြင်ကြတာချင်းအတူတူပေမယ့် တွေးတဲ့အတွေးချင်း ကွာခြားသွားတာပါပဲ။ အတွေးကွာသွားတဲ့ပေါ်မူတည်ပြီး ရလဒ်ခြင်းကလည်း မတူညီတော့ပြန်ပါဘူး။ စိတ်ပျက်စရာအဖြစ်မြင်တတ်သူက ချက်ချင်း စိတ်ထဲမှာ ငြိုငြင်မှုကို ခံစားလိုက်မှာမို့ စိတ်အကြည်ဓာတ်ပျက်စီးသွားပါတယ်၊ အေးချမ်းတယ်လို့ မြင်လိုက်သူကျပြန်တော့ စိတ်ထဲအေးချမ်းသွားတာပေါ့.။ အဲဒီ့သဘောတရားပါပဲ။
တခါတလေကျရင် လူ့ဘဝမှာလည်း အမှားချည်းမြင်ပြီး အပြစ်တင်လိုက်မယ်ဆိုရင် ကိုယ့်စိတ်ထဲမှာပဲ ဆိုးဝါးတဲ့ခံစားချက်တွေဖြစ်သွားစေပါတယ်။ တဖက်သားအတွက်လည်း ခံစားရတာမကောင်းတော့ပါဘူး။ အဲဒါကြောင့် မရည်ရွယ်ဘဲ ဖြစ်တတ်တဲ့အချို့အမှားတွေကျတော့ နောက်တစ်ကြိမ်မမှားရအောင်ကြိုးစားပြီး လက်ခံပေးဖို့လိုပါတယ်။ အဲဒါအပြင် မှားသွားတဲ့အမှားကိုချည်း ထောက်ပြပြီး အပြစ်အခါခါတင်နေခြင်းကလည်း နှစ်ဦးနှစ်ဖက်အတွက် မကောင်းနိုင်ပါဘူး။ အပြစ်ရှာတတ်တဲ့သူရဲ့စိတ်ထဲမှာလည်း ဆိုးဝါးတဲ့ခံစားချက်သာဖြစ်ပေါ်လာစေပြီး အပြစ်အမြဲရှာခံနေရတဲ့တစ်ဖက်လူရဲ့စိတ်ထဲမှာလည်း မွန်းကြပ်လာပြီး ဆိုးဝါးစေပြန်ပါတယ်။ လူတိုင်းရဲ့ဆိုးဝါးတဲ့ပြစ်ချက်တွေကိုချည်းရှာပြီး အမှားထောက်နေရင်တော့ လောကမှာ ပေါင်းသင်းစရာလူတောင်ရှိတော့မှာမဟုတ်ပါဘူး။
အဲဒီ့အတွက် လူတစ်ယောက်ရဲ့အမှားကိုချည်း မြင်ပြီး အပြစ်တင်နေသရွေ့တော့ သင့်အနားမှာလည်းဘယ်သူမှ ရေရှည်ရှိနေမှာမဟုတ်ပါဘူး။ အချို့အလုပ်ခွင်မှာ လူမမြဲရခြင်းရဲ့အကြောင်းရင်းကလည်း အဲဒီ့လို အမှားချည်းရှာပြီး အပြစ်တင်တတ်တဲ့လူတွေကြောင့်ပါပဲ။ တချို့ အမြဲအထီးကျန်နေတတ်တဲ့လူအချို့မှာလည်း အဲဒီ့လို သူ့အနားရောက်လာသူတိုင်းရဲ့အမှားကိုချည်း ရှာပြီးအပြစ်ပြောတတ်တဲ့အကျင့်ကြောင့်ပါပဲ။ လူတိုင်းကို ကိုယ်သတ်မှတ်ထားတဲ့ အမှန်တရားဆိုတဲ့ဘောင်ထဲ ထည့်ပြီး ကိုယ်ဖြစ်စေချင်သလို နေခိုင်းလို့မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် လိုက်လျောဆွေးနွေးတတ်ပြီး အမြင်ကျယ်စွာ နားလည်ပေးတတ်တဲ့စွမ်းရည်ရှိခြင်းက လူဝင်ဆန့်ခြင်းတစ်မျိုးပါပဲ။
အဲဒါကြောင့် လူတွေကို ဝေဖန်တာလျော့ပြီး အကောင်းမြင်လို့ရတာကို မြင်ကြည့်ပေးဖို့လိုကိုလိုပါတယ်။ အဲဒီလို တဖက်လူဘက်က ဖြည့်တွေးပေးတတ်ခြင်းက ကိုယ့်စိတ်အေးချမ်းစေသလို၊ အကောင်းမြင်စိတ်လည်းတိုးလာစေပြီး လူမှုပတ်ဝန်းကျင်မှာလည်း အဆင်ပြေစေနိုင်ပါတယ်။
အားလုံးပဲ တယူသန် တဖက်သတ်အမှားထောက်တတ်သူတွေနဲ့ ကင်းဝေးနိုင်ကြပါစေ။