ကိုယ့်ကိုမကောင်းပြောတတ်တဲ့သူတွေကို ဘယ်လိုဆက်ဆံမလဲ။

ကိုယ့်ကို အဆိုးမြင်စိတ်နဲ့ချည်းဆက်ဆံတတ်တဲ့သူတွေရှိတယ်လို့ ခံစားနေရသလား။ ကိုယ့်ကို မကောင်းပြောတတ်တဲ့သူတွေကို ဘယ်လိုပြန်တုံ့ပြန်တတ်သလဲ။ အများအားဖြင့်ကတော့ ကိုယ့်ကို အဆိုးမြင်စိတ်နဲ့ ဘာလုပ်လုပ်အပြစ်ပြောတတ်တဲ့လူမျိုးဆိုရင် ဘယ်သူကမှ မပတ်သက်ချင်ကြပေမယ့် မရှောင်နိုင်တဲ့အခါ ပတ်သက်နေရတာမျိုးလည်း ရှိမှာပါ။ အဲဒီ့လိုလူတွေကို ဘယ်လိုဆက်ဆံမလဲဆိုတာလေးဖော်ပြပေးလိုက်ပါတယ်။


၁) အတတ်နိုင်ဆုံးရှောင်ကျဉ်ပါ။
အဓိက အချက်ကတော့ အတတ်နိုင်ဆုံး အဲဒီလိုလူမျိုးကို ရှောင်တာအကောင်းဆုံးပါပဲ။ မရှောင်နိုင်ရင် ကိုယ့်ပဲ အကုသိုလ်များပြီး ဒေါသထွက်ရ၊ အချိန်ကုန်ရဖြစ်ပါလိမ့်မယ်။ အဲဒါကြောင့် အဲဒီလိုလူတွေနဲ့ မပတ်သက်ဘဲ အတတ်နိုင်ဆုံးရှောင်ပါ။

၂) လျစ်လျူရှုပါ။
မတတ်သာလို့ ပတ်သက်ရတဲ့အခါမှာလည်း သူတို့ပြောသမျှ ၊ အပြစ်တင်သမျှကို မခံစားဘဲ သူတို့အတွေးနဲ့ ကိုယ့်အတွေးမတူဘူး ပေါင်းစပ်လို့မရဘူးလို့ တွေးကြည့်ပြီး လျစ်လျူရှုလိုက်ပါ။

၃) တုံ့ပြန်ချင်စိတ်ကိုအတတ်နိုင်ဆုံးထိန်းပါ။
ကိုယ့်စိတ်ကို သတိထားမိတဲ့အခါ အတတ်နိုင်ဆုံး ကိုယ့်ရဲ့တုံ့ပြန်ချင်စိတ်ကို သတိလေးနဲ့ကပ်ပြီးထိန်းလိုက်ပါ။ ကိုယ်က စိတ်ထဲက ဖြစ်လာတဲ့ ဒေါသအလျောက် ပြန်တုံ့ပြန်လိုက်မယ်ဆိုရင် ကိုယ်နဲ့သူရဲ့ ဆက်ဆံရေးကလည်း ပျက်စီးရပါလိမ့်မယ်။ မပတ်သက်ရတော့တဲ့အခါ ကိစ္စမရှိပေမယ့် မဖြစ်မပေပတ်သက်ရမယ့်ကိစ္စမျိုးမှာဆို ကိုယ်ပဲ နစ်နာရပါလိ့မ်မယ်။ အဲဒါကြောင့် ကိုယ့်စိတ်လေးကို သတိလေးနဲ့ထိန်းပါ။

၄) ဖြစ်လာမယ့်အကျိုးဆက်ကိုကြိုတွေးလိုက်ပါ။
ကိုယ့်စိတ်ထဲကရှိတဲ့အတိုင်းပြန်တုံ့ပြန်မိရင် ဘာဆက်ဖြစ်လာမလဲဆိုတဲ့အဆိုးကို ကြိုတွေးထားလိုက်တဲ့အခါ ကိုယ့်ကိုထိခိုက်မှာစိုးတဲ့အတွက် အတတ်နိုင်ဆုံး စိတ်ကိုချုပ်ထိန်းဖို့ကြိုးစားမိပါလိ့မ်မယ်။ အဲဒါကြောင့် တခုခုမလုပ်ခင် ဖြစ်လာမယ့်အကျိုးဆက်ကို စိတ်ကူးလေးနဲ့ကြိုတွေးကြည့်လိုက်ပါ။

၅) အတွေးအခေါ်ချင်းမတူဘူးလို့တွေးပါ။
သူတို့မြင်တဲ့အမြင်နဲ့ ကိုယ်မြင်တဲ့အမြင်ချင်းမတူဘူးလို့တွေးလိုက်တာကလည်း စိတ်ချမ်းသာပါတယ်။ အဲဒါအပြင် သူလည်း သူ့အမြင်သူဆုပ်ကိုင်ခွင့်ရှိသလို ကိုယ်လည်းကိုယ့်အမြင်နဲ့ကိုယ်ပဲလို့ တွေးလိုက်တာက ပိုစိတ်ရှင်းသွားပါတယ်။

၆) ကိုယ်မှန်ကြောင်းသက်သေပြဖို့သာကြိုးစားပါ။
ငြင်းခုံတာက ဒေါသထွက်ရသလို၊ အချိန်လည်းကုန်စေပါတယ်။ လူလည်း ဒေါသကြောင့် ကျန်းမာရေးထိခိုက်နိုင်ပါသေးတယ် ။ အဓိကက ကိုယ့်ရဲ့အမြင်မှန်ကန်ကြောင်း သက်သေပြဖို့သာ ကြိုးစားပါ။ အချိန်တန်ကိုယ့်ရဲ့သက်သေပြမှုကို အခြားသူတွေပါ လက်ခံလာတဲ့အခါ ကိုယ်မှန်ကန်တာကို ဘယ်သူမှမငြင်းနိုင်တော့ပါဘူးနော်။ အဲဒါကြောင့် ကိုယ့်ရဲ့အကြောင်းအစစ်အမှန်ကို သေချာမသိဘဲ ပြောတာမျိုး၊ ကိုယ့်ကို အပြစ်တင်တာမျိုးနဲ့ ဘာကိုမှ အချိန်ကုန်ခံငြင်းခုံနေတာမျိုးမလုပ်ဘဲ အချိန်တန် ကိုယ်မှန်ကန်ကြောင်းသာ သက်သေပြနိုင်အောင်ကြိုးစားလိုက်ပါ။ သင်မှန်ကန်မှန်းသိလာဖို့က ငြင်းနေဖို့မလိုဘဲ သက်သေပြနိုင်အောင်ကြိုးစားဖို့သာ အဓိကပါလို့ တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။