ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့ အဆင့် (၁၀)ဆင့်

ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ခြင်းတစ်မျိုးပါပဲ။ ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ခြင်းဟာ အတ္တကြီးခြင်းမဟုတ်ဘဲ ကိုယ့်ရဲ့ဖြစ်တည်မှုကို လေးစားတာ၊ တန်ဖိုးထားတာဖြစ်ပါတယ်။ အဲဒီလို ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တဲ့အခါ စိတ်မကျန်းမာခြင်း၊ ကိုယ်မကျန်းမာခြင်းမျိုး နည်းပါတယ်။ စိတ်ဖိစီးမှုများပြီး စိတ်ရောကိုယ်ပါမကျန်းမာတဲ့ဆိုးကျိုးမျိုးမဖြစ်နိုင်တော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တယ်ဆိုတာက ကိုယ့်ရဲ့စိတ်ခံစားချက်ကို နားလည်အောင်ကြိုးစားခြင်းတစ်မျိုးပါပဲ။


၁) တခုခုမှားနေတယ်လို့ခံစားရတယ်ဆိုရင် အဲဒီ့အရာကို လုံးဝမလုပ်ပါနဲ့။
ကိုယ့်စိတ်ထဲမှာ ခံစားရတာမကောင်းဘူး၊ တခုခုကို စနိုးစနောင့်ဖြစ်ရတဲ့ကိစ္စ၊ နောက်ဆံတင်းရတဲ့ကိစ္စမျိုးဆိုရင် လုံးဝမလုပ်ပါနဲ့။ အဲဒါက မျက်စိစုံမှိတ်လုပ်လိုက်ပြီးမှ နောင်တရတာထက်စာရင် အများကြီး တော်ပါသေးတယ်။

၂) ကိုယ်ဆိုလိုချင်တာကို ထိရောက်စွာပြောဆိုတတ်ပါ။
ကိုယ်ဆိုလိုချင်တာကို ထိရောက်စွာ ပညာရှိပီပီသသပြောဆိုတတ်ပါစေ။ အဲဒါက မပြောလိုက်ရတာမျိုးထက်စာရင် ခံစားရသက်သာပါတယ်။

၃) အခြားလူတွေကျေနပ်ဖို့ချည်း မကြိုးစားပါနဲ့။
အခြားလူတွေရဲ့မျက်နှာကိုကြည့်ပြီး လိုက်ဖြည့်ဆည်းနေထိုင်ရခြင်းဟာ သင့်ကိုယ်သင်ဖြစ်ချင်တာတွေကိုတောင် မသိတော့လောက်အောင် သင့်ကိုယ်သင်ပျောက်ဆုံးတတ်ပါတယ်။ အခြားသူကျေနပ်ဖို့ချည်းကြိုးစားနေုဖို့မလိုပါဘူး။ တခါတလေ ကိုယ့်အတွက်တကယ်လိုအပ်တာကို ပြောဖို့၊ လုပ်ဖို့လည်း လိုသေးတယ်လေ။

၄) သင့်ကိုယ်သင် အမြဲ အဆိုးမြင်စိတ်နဲ့ချည်း မပြောဆိုပါနဲ့။
ငါကအသုံးကိုမကျတာ၊ ငါက သိရက်နဲ့မပြုပြင်နိုင်တဲ့ငတုံး စတဲ့ကိုယ့်ကိုယ်ကိုယ်အဆိုးမြင်တဲ့စကားတွေက ပြောပါများလာရင် သင့်ကိုယ်သင်တကယ်တုံးအပြီး အသုံးမကျတဲ့လူတစ်ယောက်အဖြစ်မြင်လာစေပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးရယ်လို့ တံဆိပ်မတပ်ပါနဲ့။ ငါလုပ်နိုင်မှာပါ…..ငါဘယ်လိုလုပ်ကြည့်ရင်အဆင်ပြေမလဲ၊ ငါကြိုးစားကြည့်မယ် စသဖြင့် ပြောပါ။

၅) သင့်ရည်မှန်းချက်တွေအတွက် ဘယ်တော့မှ လက်မလျှော့လိုက်ပါနဲ့။
ဘယ်လိုပြဿနာကြုံကြုံ၊ အခက်အခဲကြုံကြုံ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်မှန်းထားတာကို ပုံမှန်ဆက်ကြိုးစားနေပါ။ အမြဲပြင်ဆင်ကြိုးစားထားခြင်းက အခွင့်အရေးနဲ့ကြုံတဲ့အခါ သင့်အတွက်အဆင်သင့်ဖြစ်နေစေမှာပါ။ အဲဒါကြောင့် အခက်အခဲတွေကြောင့် ငါ့ရည်မှန်းချက်တွေတော့မဖြစ်နိုင်ဘူးရယ်လို့တွေးပြီး ဘာမှမလုပ်ဘဲမနေလိုက်ပါနဲ့။ လုပ်နိုင်တာကိုသာ တစိုက်မတ်မတ်လုပ်သွားပါ။ အခွင့်အရေးရလာတဲ့အခါ သင့်အတွက်အဆင်သင့်ဖြစ်ပြီးသားဖြစ်နေမှာပါ။

၆) “No” လို့ ပြောရမှာလည်း မကြောက်ပါနဲ့။
တခါတလေ ကိုယ်မလုပ်နိုင်တာ၊ ကိုယ်လက်မခံနိုင်တာ၊ ကိုယ့်အတွက်မဖြစ်နိုင်တာမျိုးကို ငြင်းရမှာ မကြောက်ပါနဲ့။ အဲဒါက မနိုင်ဝန်ထမ်းလိုက်တာထက်စာရင် ပြတ်သားစွာငြင်းလိုက်တဲ့အတွက် စိတ်ရှင်းပါတယ်။

၇) “Yes” လို့ ပြောသင့်တာကိုလည်း မကြောက်ပါနဲ့။
တခါတလေ ကိုယ်တကယ် လက်ခံသင့်တဲ့ကိစ္စမျိုးကိုလည်း Yes လို့ပြောဖို့ မကြောက်သင့်ပါဘူး။ ပြောသင့်ပြောထိုက်တာ၊ လက်ခံသင့်တာကိုလည်း ရဲရဲလက်ခံသင့်ပါတယ်။

၈) မိမိကိုယ်ကို ကြင်နာပါ။
ကိုယ့်ရဲ့စိတ်ခံစားချက်တွေနဲ့ ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်က ပြောတဲ့စကားတွေကိုနားထောင်ပါ။ သင့်ခါးကနာနေတယ်လို့ခံစားရတယ်ဆိုရင် အတင်းအလုပ်တွေထပ်ဖိလုပ်တာထက်စာရင် သင့်ကိုအနားယူဖို့ပြောနေတာပါ။ သင့်ခေါင်းကိုက်နေတယ်ဆိုရင်လည်း ထိုနည်းတူပါပဲ။ အဲဒီလိုပဲ သင့်စိတ်ထဲ တင်းကြပ်နေတယ်၊ စိတ်ညစ်နေတယ်ဆိုရင် စိတ်ချမ်းသာဖို့တခုခု အပန်းဖြေဖို့၊ စိတ်ထွက်ပေါက်တစ်ခုခုလုပ်သင့်တယ်လို့ပြောတာပါပဲ။ အဲဒါတွေကို သိရှိပြီး သင့်ကိုယ်သင်ကုစားနိုင်ခြင်းကလည်း သင့်ကိုယ်သင်ကြင်နာတာဖြစ်ပါတယ်။ ဥပမာ။ စိတ်ညစ်လို့ အရက်ဖိသောက်မယ်ဆိုတာမျိုးတော့မဟုတ်ပါဘူးနော်။ သင့်ကိုသင်မထိခိုက်စေဘဲ သင့်ကိုယ်သင်နားလည်ပြီး အဆင်ပြေအောင်နေထိုင်တတ်တာကိုဆိုလိုတာပါ။

၉) သင်မထိန်းချုပ်နိုင်တာတွေကို လွှတ်ချလိုက်ပါ။
ကိုယ်ထိန်းချုပ်နိုင်တာတွေကိုသာ အာရုံစိုက်ပါ။ ကိုယ်မထိန်းချုပ်နိုင်တဲ့ကိစ္စတွေကို ထိုင်တွေးပူပန်နေတာက အချိန်ဖြုန်းတာဖြစ်ပြီး စိတ်ဖိစီးမှုကို ရှာနေတာနဲ့တူပါတယ်။ အဲဒါကြောင့်မထိန်းချုပ်နိုင်တဲ့ကိစ္စတွေကို လွှတ်ချလိုက်ပါ။ ကိုယ်ထိန်းချုပ်နိုင်တာကိုသာ အာရုံစိုက်တာ ပိုအကျိုးရှိပါတယ်။

၁၀) အဆိုးမြင်စိတ်ရှိသူတွေ၊ တနုံ့နုံ့ခံစားတတ်သူတွေနဲ့ ဝေးဝေးနေပါ။
ဝမ်းနည်းစရာရှိ မင်းသမီးရှုံးအောင် ဝမ်းနည်းနေတာမဆုံးတတ်တော့တဲ့လူမျိုးက တခြားတိုးတက်ဖို့ကိစ္စတွေ၊ တခြားထိန်းချုပ်နိုင်တဲ့ကိစ္စမျိုးတွေကို အာရုံမစိုက်နိုင်တော့ပါဘူး။ ဖီလင်ကြီးတသသနဲ့ မတိုးတက်ဘဲ သံသရာလည်နေတတ်ပါတယ်။ ပုထုဇဉ်မို့ ဝမ်းနည်းနာကျင်ခံစားတာ သာမန်ပါပဲ။ ဒါပေမယ့် မပြီးဆုံးအောင်ခံစားရင်း သံသရာလည်နေလို့တော့ မဖြစ်ပါဘူး။ အဲဒီလို ဒရမ်မာအရမ်းချိုးတတ်သူမျိုးနဲ့ အရာရာတိုင်း အဆိုးချည်းမြင်တတ်တဲ့လူမျိုးတွေနဲ့ ခပ်ဝေးဝေးမှာနေတာအကောင်းဆုံးပါ။ မဟုတ်ရင် သင်အာရုံနောက်သလို သင့်အတွက်အချိန်လည်းကုန်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။