ကိုယ့်ကိုအနိုင်ကျင့်နေတယ်လို့ခံစားရတဲ့ပတ်ဝန်းကျင်မှာဘယ်လိုနေထိုင်မလဲ။

ကိုယ့်ကို အသုံးမကျတဲ့လူတစ်ယောက်လိုဆက်ဆံတဲ့ပတ်ဝန်းကျင်မျိုး၊ ကိုယ့်ကိုဘာမှမစွမ်းမစမရှိတဲ့လူတစ်ယောက်လို၊ ကိုယ့်မှာရှိထားတဲ့အစွမ်းအစကို အသိအမှတ်မပြုဘဲ သူတို့သာတတ်၊ သူတို့သာသိဆိုတဲ့ပုံစံမျိုးချိုးတတ်တဲ့ပတ်ဝန်းကျင်မျိုးမှာ ရှင်သန်ရဖူးပါသလား။ ကိုယ်လုပ်နေသမျှအရာတိုင်းကို respect မရှိဘဲ appreciate လည်းမရှိတဲ့လူမျိုးတွေကြားမှာ ရောက်နေတယ်ဆိုရင် ဘယ်လိုနေထိုင်မလဲဆိုတာလေး ဖော်ပြပေးချင်ပါတယ်။


၁) ထိုပတ်ဝန်းကျင်ကိုစွန့်ခွာပါ။
ဒီအချက်က အဓိကပါပဲ။ ထိုပတ်ဝန်းကျင်ကို မစွန့်ခွာနိုင်သေးသရွေ့ကတော့ သင့်စိတ်ထဲမှာ အမြဲတမ်း စနိုးစနှောင့်ဖြစ်နေမှာဖြစ်ပါတယ်။ အဲဒါအပြင် သင့်ကို အသုံးမကျတဲ့လူတစ်ယောက်လို၊ သင်လုပ်သမျှ ဘယ်နေရာမှာမှ အကျုံးမဝင်သလိုလုပ်တတ်တာမို့ သင့်ကိုယ်သင်တဖြည်းဖြည်းယုံကြည်မှုလျော့ကျလာနိုင်သလို သိမ်ငယ်စိတ်တောင် ဝင်လာနိုင်ပါသေးတယ်။ အဲဒီ့အတွက် အရေးအကြီးဆုံးက စောနိုင်သမျှ စောအောင် ထိုပတ်ဝန်းကျင်ကို စွန့်ခွာမှဖြစ်ပါလိမ့်မယ်။ နောက်အချက်တွေကတော့ မစွန့်ခွာနိုင်သေးတဲ့အချိန်မှာ အတတ်နိုင်ဆုံး အာရုံနောက်မခံရစေဖို့ နေထိုင်သင့်တဲ့အချက်တွေဖြစ်ပါတယ်။

၂) လျစ်လျူရှုပါ။
သူတို့က သင့်ကို ရယ်စရာလိုသဘောထားတာပဲဖြစ်ဖြစ်၊ သင်လုပ်ထားသမျှကို အသုံးမဝင်သလိုပဲ တုံ့ပြန်၊ လှောင်ပြောင်နေပါစေ ၊ သင့်ကိုအကျုံးမဝင်တဲ့လူတစ်ယောက်လို ဆက်ဆံတာခံရတဲ့အခါ သင်ကိုယ်တိုင်က အဲဒီ့အကြောင်းတွေကို ခေါင်းထဲအဝင်မခံပါနဲ့။ သင့်ခေါင်းထဲမှာ ထိုလူတွေက သင့်အပေါ်ပြုမူလိုက်တဲ့အပြုအမူကို သင်တွေးလိုက်တာနဲ့ သင့်စိတ်ထဲမှာ စတင်ခံစားချက်တွေဖြစ်ပေါ်လာပါလိမ့်မယ်။ ခံစားချက်ဖြစ်လာလေလေ သင်ပြန်မတုံ့ပြန်နိုင်တာကို သင်ပိုပြီး feel ဖြစ်လာပါလိမ့်မယ်။ အဲဒါကြောင့် သူတို့ပြုမူသမျှကို သင့်ခေါင်းထဲ မထည့်ပါနဲ့။ ဝင်လာရင်လည်း သူတို့အကြောင်းက ကိုယ့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့တွေးပြီး ကိုယ့်ကိုယ်ကိုယ်သတိပေးလိုက်ပါ။ ခဏခဏ ခေါင်းထဲဝင်လာလေလေ ခဏခဏဖျောက်ပစ်ပါ။ ဆက်မတွေးပါနဲ့။

၃) ကျောက်တိုင်လိုနေပါ။
ကျောက်တိုင်လိုနေပါဆိုတာက ကျောက်တိုင်ကို သင်ကပြုံးပြလည်း သူကအေးဆေးပါပဲ။ သင်မဲ့ပြလည်း ကျောက်တိုင်ကအေးဆေးပါပဲ။ ပြောချင်တာက သင့်ကိုဘယ်လိုနည်းလမ်းနဲ့ပဲ ဘေးကနေ သူတို့အမျိုးမျိုးလုပ်နေပါစေ သင်က ကျောက်တိုင်လို ဘာမှ reaction မလုပ်ဖို့ပါ။ သင်က တုံ့ပြန်မှုမလုပ်တဲ့အခါ သူတို့ဟာသူတို့လုပ်သမျှ၊ သူတို့သင့်အပေါ်ပြုမူသမျှဟာ လေထဲပျောက်သွားပါလိမ့်မယ်။ အပေါ်ယံတင် တုံ့ပြန်မှုမလုပ်တာမဟုတ်ပါဘူး သင့်အတွင်းစိတ်ထဲကနေကို သူတို့ရဲ့ အပြုအမူအတွက် ဘာကိုမခံစားခိုင်းတာပါ။ သူတို့မဲ့လည်း သင်မသိ၊ သူတို့ပြုံးလည်းသင်မခံစားတာမျိုးပေါ့။ သူတို့လုပ်နေသမျှသည် အချိန်တန် သင်ကမတုံ့ပြန်ရင် ဘာကိုမှခံစားမှုမရှိရင် ဘာဆိုးကျိုးမှဖြစ်မလာနိုင်တော့ပါဘူး။

၄) အာရုံပြောင်းပါ။
ထိုပတ်ဝန်းကျင်မှာနေရတဲ့အခါ ကိုယ့်အာရုံတွေ အားနေလို့မဖြစ်ပါဘူး။ အာရုံစိုက်စရာမရှိဘဲ အားနေတဲ့အခါ ပတ်ဝန်းကျင်ကမြင်သမျှကို အာရုံစိုက်တတ်သလို၊ အာရုံထဲထည့်တတ်ပါတယ်။ အဲဒီ့အခါ ကိုယ့်စိတ်ထဲထိုအကြောင်းအရာတွေ ရောက်လာပြီး စိတ်ညစ်မယ်၊ စိတ်ဓာတ်ကျမယ်၊ သိမ်ငယ်မယ် စတဲ့ဆိုးကျိုးတွေက သင့်စိတ်ကို ဆွဲချလာပါလိမ့်မယ်။ အဲဒါကြောင့် အဲဒီ့လို အဆိပ်အတောက်ပတ်ဝန်းကျင်ကို မစွန့်ခွာနိုင်သေးခင် သူတို့ပေးလာသမျှ အာရုံကို ပြောင်းပါ။ အလုပ်ကိုပိုပြီး အာရုံစိုက်လိုက်တာဖြစ်ဖြစ်၊ အားနေတဲ့အခါ စာဖတ်လိုက်တာဖြစ်ဖြစ်၊ အခြား အခန်းသန့်ရှင်းရေးလုပ်တာဖြစ်ဖြစ်၊ ဖုန်းသုံးနေတာဖြစ်ဖြစ်၊ သီချင်းနားထောင်လိုက်တာဖြစ်ဖြစ် အာရုံကိုအားအောင်မထားဘဲ တခုခုထဲကို အာရုံစိုက်ခိုင်းလိုက်ပါ။ ဥပမာ၊ ပဟေဠိဖြေနေတာမျိုး၊ စာဖတ်နေတာမျိုး၊ ဉာဏ်စမ်းဂိမ်းတွေဆော့နေတာမျိုး လုပ်နေလိုက်ပါ။

၅) ကိုယ့်စွမ်းရည်ကိုတိုးအောင်ပိုကြိုးစားပါ။
သင့်ကိုသူတို့က အထင်သေးနေတဲ့အတွက် သင်လုပ်သမျှ အသုံးမဝင်သလို၊ အကျုံးမဝင်သလို ပြုမနေတာပဲဖြစ်ပါတယ်။ တနည်းအားဖြင့် သင်ကသူတို့ထက်သာသွားမှာကိုလည်း မဖြစ်စေချင်လို့ သင့်စွမ်းရည်ဆုတ်ယုတ်လာအောင် နှောင့်ယှက်တာပေါ့။ သင့်ကိုယ်သင်ယုံကြည်မှုလျော့လာပြီး ဘာကိုမှ သေချာအာရုံမစိုက်နိုင်လောက်အောင် စိတ်ညစ်စိတ်ဓာတ်ကျစေချင်လို့ပါ။ အဲဒါကို ကျော်ဖြတ်ဖို့က သူတို့မလိုချင်တဲ့အခြေအနေမျိုးဖြစ်အောင် ကြိုးစားပြလိုက်ဖို့ပါပဲ။ သူတို့က သင့်ကို သူတို့ထက်မသာစေချင်ရင် သင်က သာအောင် ပိုကြိုးစားပြလိုက်ပါ။ အဲဒါကြောင့် သူတို့သင့်ကိုဘယ်လိုလုပ်လုပ် သင်က အချိန်တိုင်း စိတ်ညစ်တဲ့အတွေးကိုဖယ်ပစ်ပြီး သင့်စွမ်းရည်ကိုဘယ်လိုပြနိုင်မလဲ၊ စွမ်းရည်ပိုတိုးတက်လာအောင် ဘာလုပ်မလဲဆိုတာမျိုးကိုပဲ တွေးပြီး အာရုံစိုက်ပါ။ သင့်ရဲ့ skills ကို ပိုထက်မြက်လာစေမယ့် အစွမ်းအစထုတ်ဖို့အာရုံစိုက်ပါ။ အလုပ်မှာပိုသေချာမှန်ကန်အောင်လုပ်တာ၊ အလုပ်ကို ပိုပြီး ရလဒ်ကောင်းအောင်လုပ်တာ၊ သင့်စွမ်းရည်ကို သူတို့ထက်မြင့်တဲ့တစ်နေရာက အကြီးအကဲမြင်အောင်ပိုကြိုးစားပြလိုက်ပါ။ သင့်ကသူတို့နဲ့ မတိမ်းမယိမ်းသာနေတဲ့အခါ သင့်ကိုတိုက်ခိုက်လိမ့်မယ်။ မနာလိုဖြစ်ပါလိမ့်မယ်၊ သင်က သူတို့ထက်အဆပေါင်းများစွာသာတဲ့နေရာရောက်သွားရင်တော့ သင့်ကိုအဖက်လုပ်ပြီး နေရာပေးလာပါလိမ့်မယ်။ အဲဒါကြောင့် အဲဒီ့ကလူတွေကို သင်နဲ့EQ / IQ မတူသူတွေအဖြစ်သတ်မှတ်ပြီး သူတို့ပြုမူသမျှ မတုံ့ပြန်နဲ့ မခံစားဘဲနဲ့ သင့်စွမ်းရည်ပိုတိုးတက်လာဖို့သာ အာရုံစိုက်လိုက်ပါ။ တကယ်ထိရောက်တဲ့ ရလဒ်ကိုသာ ချပြလိုက်ပါ။ ပါးစပ်အဟောင်းသားနဲ့ဖြစ်သွားအောင်ကို ကြိုးစားပြလိုက်ပါနော်။
ကိုယ့်ကို ကျရှုံးစေချင်ရင် ကိုယ်ပိုအောင်မြင်အောင် ကြိုးစားပြတာပေါ့လို့ တွေးပြီး မခံချင်စိတ်ထားလိုက်ပါနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။