ဘဝကို အဓိပါ္ပယ်ရှိစွာရှင်သန်တတ်စေဖို့………
ကျွန်တော်တို့ရှင်သန်ရတဲ့လူ့ဘဝကို ရဖို့ခက်ခဲလှပါတယ်လို့ အမြဲကြားဖူးနေကြမှာပါ။ ဗုဒ္ဓဘာသာဝင်တွေဆို ပိုပြီး ကြားဖူးမှာပါ။ လူ့ဘဝက ရဖို့ခက်ခဲလှသလို ကုန်ဆုံးဖို့ကတော့ လွယ်ပါတယ်။ ဒါပေမယ့် လူ့ဘဝကုန်ဆုံးသွားတဲ့အခါ နောက်ထပ်လူ့ဘဝပြန်ရနိုင်မရနိုင်ကလည်း ဘယ်သူကမှ တရားသေမပြောနိုင်ပြန်ပါဘူး။ ဒီနေရာမှာ ဘာသာရေးတွေဘာတွေမစဉ်းစားဘဲနဲ့ ရှင်သန်မှုအကြောင်းကိုပဲ စဉ်းစားကြည့်ကြရအောင်ပါ။ ခုလက်ရှိလူသားဘဝကို ရထားတယ်ဆိုရင် ဘယ်လိုရှင်သန်နေထိုင်သင့်သလဲ။ လက်ရှိပိုင်ဆိုင်ထားတဲ့လူ့ဘဝကုန်ဆုံးသွားတဲ့အခါ ဘာဖြစ်မလဲဆိုတာကို မသိနိုင်တဲ့အတွက် ခုလက်ရှိဘဝကို အကောင်းဆုံး ရှင်သန်နေထိုင်ကြရင် မကောင်းဘူးလား။ အကောင်းဆုံးရှင်သန်မှုဆိုတာက ဘဝမှာ အဓိပါ္ပယ်ရှိစွာရှင်သန်နေထိုင်ခြင်း၊ ပျော်ရွှင်မှုအစစ်အမှန်ကိုရှာဖွေခြင်း၊ လူသားအချင်းချင်းကြား ကြင်နာဖေးမကူညီမှုတွေမျှဝေခြင်း၊ ကိုယ့်ကြောင့် အခြားသူတွေ မနာကျင်စေခြင်း၊ မထိခိုက်စေခြင်းက ပိုပြီးလေးနက်စွာရှင်သန်ခြင်းဖြစ်ပါတယ်။ အဲဒါဆိုရင် လူ့ဘဝမှာ ရှင်သန်ရကျိုးနပ်စေဖို့ လုပ်သင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
လူတိုင်းအမှားမရှိတဲ့သူမရှိပါဘူး။ အမှားနည်းတဲ့သူနဲ့ အမှားများတဲ့သူပဲ ကွာသွားတာပါ။ မှားသွားတဲ့အခါ အမှားကို လက်ခံပြီး အမှန်ပြင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ လူဖြစ်ရကျိုးနပ်စေဖို့က ကိုယ့်ရဲ့အမှားကို အပြုသဘောနဲ့ဝေဖန်ထောက်ပြလာတဲ့အခါဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကိုယ် သေချာဆန်းစစ်ပြီးတော့ပဲဖြစ်ဖြစ် အမှားကို နားလည်လက်ခံပြီး အမှန်ပြင်နိုင်ခြင်းက ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာစေတဲ့အခွင့်အရေးပါပဲ။ အဲဒါကြောင့် ကိုယ့်လက်ရှိရထားတဲ့ဘဝကို အဓိပါ္ပယ်ရှိစွာရှင်သန်ချင်တယ်ဆိုရင် အရင်ဆုံးကိုယ့်ကိုယ်ကိုယ်ဆန်းစစ်ပြီး အမှားကိုလက်ခံလို့ အမှန်ပြင်လိုက်ပါ။
၂) ကိုယ့်ကျင့်တရားကိုတန်ဖိုးထားပါ။
ကိုယ့်ကျင့်တရားကို စောင့်ထိန်းနိုင်လေလေ လူတစ်ယောက်ရဲ့တန်ဖိုးတက်လေလေပါပဲ။ လူတစ်ယောက်ရဲ့တန်ဖိုးကို ငွေနဲ့တန်ကြေးဖြတ်တာမဟုတ်ပါဘူး။ ထိုလူရဲ့ ဘဝတစ်ခုလုံးမှာစောင့်ထိန်းကျင့်သုံးထားတဲ့ ကိုယ်ကျင့်တရားနဲ့ပိုင်းဖြတ်တာဖြစ်ပါတယ်။ ကိုယ့်ကျင့်တရားကောင်းတဲ့သူက ဘယ်လောက်ဆင်းရဲပါစေ၊ စားကောင်းအိပ်ပျော်နိုင်ပြီး စိတ်ချမ်းသာသလို၊ လူအများကြားမှာ လိပ်ပြာသန့်စွာရှင်သန်နိုင်ပါတယ်။ ကိုယ်ကျင့်တရားမကောင်းသူကတော့ ဘယ်လောက်ချမ်းသာကြွယ်ဝပါစေ၊ စားကောင်းအိပ်ပျော်နိုင်မှာမဟုတ်ဘဲ စိတ်ဆင်းရဲနေရတတ်သလို၊ လူအများကြားမှာ ထင်ပေါ်နေရင်တောင် ကိုယ့်လိပ်ပြာကိုယ်မလုံခြင်းက အရိပ်လိုနှိပ်စက်နေပါလိမ့်မယ်။ အဲဒါကြောင့် ရခဲလှတဲ့လူ့ဘဝကို ရှင်သန်ရကျိုးနပ်စေဖို့ ကိုယ့်ရဲ့ကိုယ်ကျင့်တရားကို စောင့်ထိန်းပါ။ တန်ဖိုးတစ်ခုလို သတ်မှတ်ပြီး အချိုးဖျက်မခံပါနဲ့။
၃) ကိုယ့်ကြောင့်တပါးသူမထိခိုက်၊ မနစ်နာစေပါနဲ့။
ကိုယ်က အခြားသူတွေကို အကျိုးမပြုနိုင်ခဲ့ရင်တောင် ကိုယ့်ကြောင့် တပါးသူတွေ ထိခိုက်နစ်နာသွားအောင် မဖြစ်ဖို့အရေးကြီးပါတယ်။ လူတော်ဖြစ်ဖို့လွယ်သလောက် လူကောင်းဖြစ်ဖို့ကတော့ ခက်ပါတယ်။ ဘွဲ့တွေဒီကရီတွေတန်းစီရရင် လူတော်လို့သတ်မှတ်ကြပေမယ့် လူကောင်းတစ်ယောက်ဖြစ်ဖို့ကတော့ ဘာဘွဲ့ဒီကရီနဲ့မှ မသတ်မှတ်နိုင်ပါဘူး။ အဲဒါကြောင့် ကိုယ်တိုင်က အခြားသူတွေအတွက် ဘာမှအကျိုးမဆောင်နိုင်ဘူးဆိုရင်တောင် အနည်းဆုံး ကိုယ့်ကြောင့် အခြားသူတွေရဲ့ဘဝထိခိုက်နစ်နာစေလိုစိတ်မရှိဖို့တော့လိုပါတယ်။
၄) ကိုယ်ချင်းစာတရားထားပါ။
အတတ်နိုင်ဆုံး လူတိုင်းကို အကြင်နာတရားပေးနိုင်ဖို့ကြိုးစားတာက ကိုယ့်စိတ်ကိုအေးချမ်းစေပါတယ်။ ကိုယ်နာကျင်ခဲ့တုန်းက ခံစားချက်မျိုးကို အခြားသူတစ်ယောက်ခံစားနာကျင်ရမယ်ဆိုရင် ဘယ်လိုနေမလဲဆိုတဲ့ ကိုယ်ချင်းစာစိတ်က လူပီသဖို့အတွက် အရေးကြီးပါတယ်။ ကိုယ်ချင်းစာတရားခေါင်းပါးသူတွေများလာရင် လူရိုင်းလောကကြီးဖြစ်သွားပါလိမ့်မယ်။ အဲဒါကြောင့် အဓိပါ္ပယ်ရှိတဲ့ရှင်သန်နေထိုင်မှုက ကိုယ်ချင်းစာတရားပေါ်အခြေခံပြီးမှ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
၅) ငွေနဲ့အရာအားလုံးတန်ဖိုးမဖြတ်ပါနဲ့။
လိုချင်တပ်မက်စရာတွေရဲ့နောက်ကို လိုက်ဖို့က ငွေကြေးကအခြေခံပါတယ်။ ဒါပေမယ့် ထိုငွေကြေးနဲ့ပဲ အရာအားလုံးကိုတန်ဖိုးမဖြတ်နိုင်ပါဘူး။ ငွေနောက်ကိုသာလိုက်ပြီးအရာအားလုံးဆုံးဖြတ်ခြင်းက ကိုယ်ချင်းစာတရားတွေနဲ့ အကြင်နာတရား၊ ကိုယ်ကျင့်တရားတွေကို တိုက်စားသွားနိုင်ပါတယ်။ ငွေက အရာရာမဟုတ်သလို ငွေမရှိရင်လည်း မဖြစ်ပြန်ပါဘူး။ အဲဒါကြောင့် ငွေကို ကိုယ့်ရဲ့ခွန်အား၊ ကိုယ့်ရဲ့အစွမ်းအစနဲ့ရလာအောင်ကြိုးစားခြင်းက ရလာသလောက်ငွေပမာဏဘယ်လောက်နည်းပါစေ ၊ တန်ဖိုးပိုထားတတ်ပါတယ်။ ရှိဖို့လိုသလို ချင့်ချိန်တတ်ဖို့လိုပါတယ်။ ငွေနောက်တကောက်ကောက်လိုက်ခဲ့လည်း အချိန်တန်ငွေကို တမလွန်ကိုသယ်သွားလို့မရဘူးဆိုတာ သတိရပါ။ လက်ရှိဘဝမှာ ပြေလည်အဆင်ပြေရင်ပဲ နေပျော်လို့ရပါပြီ။
၆) ပြတ်သားသင့်တာပြတ်သားပါ။
ကိုယ့်ဘဝရဲ့နေ့ရက်တွေမှာ အဓိပါ္ပယ်မဲ့စွာ ကုန်ဆုံးရခြင်းက မပြတ်သားတတ်တဲ့စိတ်ကိုလည်း အများကြီးအခြေခံပါတယ်။ ကိုယ့်ဘဝရဲ့နေ့ရက်အချို့မှာ တန်ဖိုးမရှိတဲ့သူတွေ၊ စေတနာစော်ကားသူတွေ၊ စေတနာနားမလည်သူတွေ၊ ကိုယ့်ကိုဒုက္ခပေးတဲ့သူတွေစတဲ့ လူတွေကို ကိုယ့်စိတ်မှာ မပြတ်သားနိုင်တဲ့အခါ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေ အလကားကုန်ဆုံးသွားတတ်ပါတယ်။ တခါတလေ လောကမှာ တချို့လူတွေက ကိုယ်ဖေးမကူညီလိုက်ရကျိုးနပ်ပေမယ့် တချို့လူတွေကတော့ ကူညီတဲ့လူကို ပြန်ဒုက္ခပေးသွားတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ဘဝအတွက် လုပ်သင့်လုပ်ထိုက်တာတွေမလုပ်လိုက်ရဘဲ အချိန်တွေအလကားကုန်ဆုံးသွားတာမျိုးဖြစ်သည်အထိ မပြတ်သားခြင်းကလည်း ဘဝကို အဓိပါ္ပယ်မဲ့စေပါတယ်။ ကိုယ့်ဘဝကို အဓိပါ္ပယ်မဲ့စေအောင် အလကားအချိန်ကုန်စေတဲ့သူကို သင့်ဘဝထဲက သင့်စိတ်ထဲက ပြတ်သားစွာထုတ်ပစ်ခြင်းက သင့်ဘဝအဓိပါ္ပယ်ရှိခြင်းကို ပြန်လည်ရှာဖွေနိုင်ပါတယ်။
ကိုယ်ရှင်သန်တဲ့ဘဝပုံစံပေါ်မူတည်ပြီး ကိုယ့်ဘဝရဲ့အဓိပါ္ပယ်၊ ကိုယ့်ဘဝရဲ့တန်ဖိုး၊ ကိုယ့်ရဲ့နာမည်ဂုဏ်သိက္ခာက ထင်ကျန်နေမှာပဲဖြစ်ပါတယ်။ နောင်ဖြစ်မှာတွေက မသေချာတဲ့အတွက် ခုလက်ရှိအချိန်ကိုသာ ကောင်းကောင်းအသုံးချပြီး ဘဝကိုအဓိပါ္ပယ်ရှိစွာရှင်သန်တာပိုကောင်းပါတယ်။