အရမ်းပြီးပြည့်စုံချင်တဲ့စိတ် (Perfectionism) ကို ဘယ်လိုစီမံမလဲ။

သင့်ရဲ့အလုပ်ခွင်မှာ ထိုကဲ့သို့ perfectionism ဖြစ်ချင်တဲ့လူမျိုးကို မြင်ဖူးပါသလား။ အလုပ်တွေပြီးမြောက်တာမှန်ပေမယ့် အရမ်းပြည့်စုံချင်တဲ့စိတ်၊ အမှားမပါချင်တဲ့စိတ်များလွန်းပြီး အလုပ်တစ်ခုကို အရမ်းသနေတတ်တဲ့လူမျိုးဖြစ်ပါတယ်။ ပုံမှန်ကိစ္စရပ်လေးတွေမှာတောင်မှ အမှားမရှိ၊ အပြည့်စုံဆုံးဖြစ်ချင်နေတဲ့စိတ်ကို ထိန်းချုပ်မရဖြစ်နေတတ်တဲ့လူမျိုးပါ။ သူတို့အတွက် အစီအစဉ်တွေချမှတ်ဖို့ အချိန်တွေအများကြီးယူပြီး စီစဉ်နေတာမျိုး၊ လုပ်ဆောင်ချက်တွေအတွက် လေ့လာနေမျိုးနဲ့တင် အချိန်တွေကြာနေတတ်ပြီး စတင်ဖို့ခက်ခဲနေတတ်ပါတယ်။ တစုံတခုကို အမှားမရှိချင်တဲ့စိတ်ကြောင့်ဖြစ်ပါတယ်။ အဲဒီစိတ်ကို ဘယ်လိုထိန်းချုပ်ပြီး ဘယ်လိုစီမံမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။


၁) ရလဒ်ကို လက်ခံတတ်ပါ။
သင့်မှာ လုပ်ဆောင်ချက်တစ်ခုကို တွေးတောနေရာကနေ စတင်လုပ်ဆောင်ဖို့တောင် အခက်အခဲဖြစ်နေတယ်ဆိုရင် သင်လုပ်ဆောင်သင့်တာကို စာရင်းလေးလုပ်ထားသင့်ပါတယ်။ ကိုယ်အကောင်းဆုံးကြိုးစားထားပြီးသားမို့ ရလာတဲ့ရလဒ်ကို မကြောက်ပါနဲ့။ အစီအစဉ်တွေလုပ်နေရင်းနဲ့ “အကောင်းဆုံးလုပ်ထားတယ်…..အဲဒါကြောင့် ရလာတဲ့ရလဒ်ကို လက်ခံမယ်” ဆိုတဲ့စိတ်မျိုးထားပါ။

၂) သင့်ရဲ့ရှုမြင်ပုံကို ပြောင်းလဲပါ။
Perfectionism ဖြစ်ခြင်းရဲ့ အကျိုးကတော့ “အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်လိုက်မယ်…” ဆိုတဲ့ အကြံဉာဏ်မျိုးရလာနိုင်တာပါပဲ။ ဆိုးကျိုးကတော့ ဘာမှမဖြစ်နိုင်တဲ့ကိစ္စပိစိလေးတွေ၊ အရေးမပါတဲ့ အသေးအဖွဲတွေကအစ လိုက်ပြီး သေချာစီစဉ်နေခြင်းက သင့်ကို ကြီးမားတဲ့ကိစ္စတွေထိ မရောက်နိုင်တော့ဘဲ အချိန်ကုန်သွားစေနိုင်ပါတယ်။ အဲဒါက အဓိက အားနည်းချက်ပဲဖြစ်ပါတယ်။ အသေးအဖွဲလေးတွေမှာ အာရုံစိုက်လိုက်ခြင်းက သင့်ကို ကျရှုံးစေတဲ့အကြောင်းရင်းပါ။ အဲဒါကြောင့် သင့်ရဲ့ကိစ္စတစ်ခုအပေါ် ရှုမြင်တဲ့အမြင်ကို ပြောင်းလဲသင့်ပါတယ်။ ဥပမာ။ သင်က project တစ်ခုကို လုပ်ရမယ်ဆိုပါတော့။ အရေးကြီးပြီး အရင်ဆုံးလုပ်ရမယ့်အလုပ်တွေကို စာရင်းလုပ်ထားပြီး တကယ်အာရုံစိုက်ရမယ့်နေရာကို သေချာလုပ်မယ်လို့ ကိုယ့်ကိုကိုယ်သတိပေးထားပါ။

၃) အသေးအဖွဲလေးတွေကို အချိန်မဖြုန်းမိဖို့ သတိထားပါ။
စာရင်းလုပ်ထားသလို အရေးကြီးတဲ့ကိစ္စတွေမှာ နံပါတ်စဉ်တပ်ပြီး ကိုယ့်ကိုကိုယ်သတိပေးတဲ့စာမျိုး ရေးထားပါ။ အသေးအဖွဲလေးတွေကို အကောင်းဆုံးဖြစ်ပြီး အမှားမပါချင်တဲ့စိတ်ကြောင့် ထိုအရာလေးတွေမှာတင် အချိန်ကုန်သွားတတ်တာကို သတိထားပါ။ ကိုယ့်ကိုကိုယ်လည်း သတိပေးပါ။ ဒီထက်အရေးကြီးတာတွေအတွက် အချိန်လိုအပ်ကြောင်း သတိထားပါ။

၄) ဘယ်သူမှ perfect မဖြစ်နိုင်ကြောင်း သတိထားပါ။
လောကမှာ ဘယ်သူကမှ perfect မဖြစ်နိုင်ကြောင်း ကိုယ့်ကိုကိုယ်သတိပေးပါ။ အရမ်းကြီး serious ဖြစ်နေပြီလို့ ကိုယ့်ကိုကိုယ်သတိထားမိလာရင် “ဘယ်သူကမှ perfect မဖြစ်နိုင်ဘူး…..” လို့ ကိုယ့်ကိုကိုယ်ပြန်တရားချပြီး တမျိုးလှည့်တွေးနိုင်အောင်ကြိုးစားပါ။

၅) အကူအညီတောင်းသင့်တာတောင်းပါ။
ကိုယ်တိုင်လုပ်မှဖြစ်မယ်…ဆိုတဲ့စိတ်ကလည်း သင့်ကို ပိုဆိုးစေပါတယ်။ ဘယ်တော့မှ မပြီးပြည့်စုံဘူးလို့ထင်နေတဲ့အတွက် အခြားသူကိုလည်း ကူညီပေးဖို့ မပြောတတ်ကြပါဘူး။ အဲဒါကြောင့် သင်မဟုတ်ပေမယ့် သက်ဆိုင်ရာလူတွေကို အကူအညီတောင်းသင့်တာကို တောင်းနိုင်ပါတယ်။ အဲဒါမှ အလုပ်ကိုထိရောက်စွာလုပ်နိုင်ပြီး ရလဒ်ကောင်းတွေရနိုင်ပါတယ်။

လောကမှာဘယ်သူကမှ အမှားအယွင်းမရှိ၊ ပုံသေကားချ တသတ်မတ်တည်းပုံစံချထားတဲ့အတိုင်းဖြစ်နိုင်တယ်ဆိုတာ ရှားပါတယ်။ အခြားသူတွေထက် အရာအားလုံးကို အကောင်းဆုံးဖြစ်ချင်စိတ်ကြောင့် တခါတလေမှာ စိတ်ဖိစီးမှုက သူများထက်ပိုများနေတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်စိတ်ကို တဆင့်ချင်းဖြေလျော့ဖို့ကြိုးစားပြီး perfectionism ဖြစ်ချင်စိတ်ကို စီမံသင့်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။