အဆိုးမြင်တတ်တဲ့ပတ်ဝန်းကျင်ကနေ ရုန်းထွက်ဖို့မကြောက်ပါနဲ့။

ကျွန်တော်တို့အမြဲဖတ်နေကျ အကောင်းမြင်စိတ်ရှိဖို့၊ ဘဝကိုတိုးတက်စေဖို့ စတဲ့ဆောင်းပါးတွေမှာ ပါနေကျအချက်တစ်ချက်ရှိပါတယ်။ အဲဒါက အဆိုးမြင်တတ်တဲ့ပတ်ဝန်းကျင်ကို ရှောင်ပါဆိုတာပါပဲ။ အဆိုးမြင်တတ်တဲ့ပတ်ဝန်းကျင်ကို ဘာကြောင့်ရှောင်ခိုင်းရပါသလဲ။ အဆိုးမြင်တဲ့ပတ်ဝန်းကျင် ကိုယ့်အပေါ်မှာ ဘယ်လောက်တောင် လွှမ်းမိုးမှုရှိနေသလဲဆိုတာ စဉ်းစားစရာပါပဲ။ အဆိုးမြင်တဲ့ပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့အတွေးတွေက ပတ်သက်မှုရှိနေပါတယ်။


ကိုယ့်ဘဝကို တိုးတက်ပြောင်းလဲချင်တယ်ဆိုရင် ကိုယ့်ရဲ့အတွေးတွေကို အရင်ဆုံးပြောင်းလဲရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့အတွေးမှာ “ကိုယ်က အရာအားလုံးကို မဖြစ်ဖြစ်အောင်လုပ်မယ်…” ဆိုတဲ့စိတ်မျိုးနဲ့အတွေးမျိုးရှိနေရင် ဘယ်အရာမဆို ကျရှုံးမှုအကြိမ်ကြိမ်ကြုံလဲ မဖြစ်ဖြစ်အောင် လုပ်ဖို့ကြိုးစားပါလိမ့်မယ်။ ဒါပေမယ့် သင့်အတွေးမှာကိုက “ဘယ်တော့မှဖြစ်လာမှာလည်း မဟုတ်ပါဘူး…..”ဆိုတဲ့ အဆိုးမြင်အတွေးမျိုးရှိနေရင် သင်ဖြစ်ချင်တာတွေကို ဖြစ်အောင် ကြိုးစားတော့မှာမဟုတ်ပါဘူး။ တစ်ခါနှစ်ခါကြိုးစားကြည့်လို့များ အခက်အခဲအနှောင့်အယှက်နဲ့ကြုံလာခဲ့သည်ရှိသော် ထပ်ကြိုးစားဖို့ အားလျှော့လိုက်မှာပါ။ သင်ကိုယ်တိုင်ကိုက မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့အတွေးကြောင့်ပဲဖြစ်ပါတယ်။

အဲဒါကြောင့် ကိုယ်ရဲ့မဖြစ်ဖြစ်အောင် ကြိုးစားမှု၊ လဲကျလည်း အခါခါပြန်ထနိုင်ခြင်းသည် ကိုယ့်ရဲ့စိတ်ဓာတ်နဲ့တိုက်ရိုက်အချိုးကျနေပါတယ်။ အဲဒီလိုပါပဲ။ သင့်ရဲ့အတွေးအခေါ်က သင်ရောက်ရှိနေတဲ့ပတ်ဝန်းကျင်ရဲ့အတွေးအခေါ်နဲ့ အနည်းအများလွှမ်းမိုးမှု ရှိနေပြန်ပါတယ်။ သင့်ရဲ့အတွေးအခေါ်က ဘယ်လောက်ပဲ ဖြစ်အောင်လုပ်မယ်လို့ တွေးထားပေမယ့် သင့်ပတ်ဝန်းကျင်ကလူတွေက “မင်းလိုလူက….အဖြစ်ရှိအောင်လုပ်နိုင်မှာမဟုတ်ပါဘူး။” “မဖြစ်နိုင်ပါဘူးကွာ….ရယ်စရာတွေလာပြောနေတယ်။” “မင်းလားဖြစ်မှာ……” စသဖြင့် ထိုကဲ့သို့ အဆိုးမြင်တဲ့စကားမျိုးတွေနဲ့ သင့်ကိုဝိုင်းပြီး လွှမ်းမိုးနေကြမယ်ဆိုရင် ပထမတော့ သင်ခံနိုင်ရည်ရှိသလောက် တု့ံ့ပြန်ပါလိမ့်မယ်။ ဒါပေမယ့် ကြိမ်ဖန်များစွာ ထိုကဲ့သို့ မဖြစ်နိုင်ဘူးဆိုတဲ့အဆိုးမြင်စကားမျိုးတွေကိုပဲ နားရည်ဝလာတဲ့အခါမှာတော့ သင့်ကိုယ်သင် သံသယဝင်လာပါလိမ့်မယ်။ အဲဒီ့အခါ သင့်စွမ်းရည်ကို သင်မယုံမရဲဖြစ်လာတတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ သင်မျှော်မှန်းထားတာတွေက မဖြစ်လာဘူးဆိုရင် “ သူတို့ပြောသလိုများ ဖြစ်နေပြီလား။ သူတို့ပြောတာ မှန်နေတယ်ထင်တယ်။ ငါမလုပ်နိုင်တော့ဘူးထင်ပါတယ်။” စတဲ့အဖြေနဲ့ အဓိပါ္ပယ်ဆင်တူတဲ့စကားမျိုးတွေ သင့်ကိုသင်ပြောမိလာပါလိမ့်မယ်။
အဲဒါကြောင့် သင့်ပတ်ဝန်းကျင်က စကားတွေက သင့်အပေါ် အနည်းနဲ့အများတော့ လွှမ်းမိုးမှုရှိပါတယ်။ အဲဒီ့အတွက် သင့်ပတ်ဝန်းကျင်မှာ သင့်ကိုအဆိုးမြင်စိတ်နဲ့ပြောဆိုဆက်ဆံတတ်တဲ့လူတွေကို သတိထားရှောင်ရှားသင့်ပါတယ်။ မိမိကို အကောင်းမြင်စိတ်နဲ့ စိတ်ဓာတ်မြင့်တင်ပေးနိုင်တဲ့ပတ်ဝန်းကျင်မျိုးကို ရွေးချယ်သင့်ပါတယ်။ သင်ဖြစ်ချင်တဲ့ကိစ္စတစ်ခုကို သင်က အဆိုးမြင်တတ်တဲ့ပတ်ဝန်းကို ရင်ဖွင့်လိုက်မယ်ဆိုရင် အထက်ကပြောသလို ဖြစ်မှာမဟုတ်ဘူး။ မဖြစ်နိုင်ဘူး…ဆိုတဲ့စကားမျိုးတွေကိုပဲ ကြားရမှာဖြစ်ပြီး အကောင်းမြင်တတ်တဲ့ပတ်ဝန်းကျင်ကို ရင်ဖွင့်မယ်ဆိုရင်တော့ “ဟုတ်လား….လုပ်ကြည့်ပေါ့ကွာ။ မလုပ်ကြည့်ဘဲ ဖြစ်မဖြစ်မသိနိုင်ပါဘူး။ လုပ်သာလုပ်…..အားပေးတယ်။ ကောင်းတယ်ချ….” စတဲ့စကားမျိုးတွေနဲ့ အဓိပါ္ပယ်တူတဲ့စကားတွေကိုပဲ သင်ကြားရပါလိမ့်မယ်။ ဘာပဲပြောပြော သင့်ကိုအားပေးတဲ့စကားမျိုးကြားရတဲ့အခါ သင်မဝင့်မရဲဖြစ်နေတဲ့ကိစ္စမျိုးကို အကောင်အထည်ဖော်ဖို့ ခွန်အားတစ်ခုဖြစ်လာစေပါတယ်။

အဲဒါအပြင် အဆိုးမြင်စိတ်ရှိတဲ့ပတ်ဝန်းကျင်နဲ့ နေသားကျလာတဲ့အခါ ကိုယ်ပါ မသိမသာနဲ့အဆိုးမြင်တတ်တဲ့လူအဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ ဘယ်အရာကိုမဆို မကောင်းတဲ့ဘက်ကသာ မြင်တတ်ပြီး လူတစ်ယောက်ကိုမြင်ရင်လည်း အဆိုးတွေ၊ အပြစ်တွေကိုသာ မြင်လာတတ်ပါတယ်။ နောက်ဆုံးတော့ လူတွေကို အကျိုးမပေးဘဲ ဘေးပတ်ဝန်းကျင်က လူတွေကိုပါအဆိပ်အတောက်ပေးနိုင်တဲ့လူ့အဆိပ်လိုလူတွေဖြစ်လာတော့တာပါပဲ။
အဲဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ အဆိုးမြင်တတ်တဲ့လူမျိုးရှိရင် ကိုယ်ပေါင်းစိတ်ခွာဆက်ဆံပါ။ သူ့စကားတွေကို လျစ်လျူရှုသင့်တာရှုပါ။ ကိုယ့်ဖြစ်ချင်တဲ့ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ ကိုယ့်ဘဝရဲ့ကြိုးစားမှုတွေကို ထိုလူမျိုးတွေကို ရင်မဖွင့်မိပါစေနဲ့။ ကိုယ့်ပတ်ဝန်းကျင်မှာ ထိုလူမျိုးတွေများနေတယ်ဆိုရင်တော့ ထိုပတ်ဝန်းကျင်ကို ရှောင်သင့်ပါတယ်။ စွန့်ခွာသင့်ပါတယ်။ ကိုယ့်ရဲ့စွမ်းရည်တွေတိုးတက်ရာတိုးတက်ကြောင်းကိုသာ ရှာကြံကြိုးစားအားထုတ်ပါ။ အဆိုးမြင်တတ်တဲ့ပတ်ဝန်းကျင်ကို ရှောင်ဖို့ မကြောက်ပါနဲ့။ ကိုယ့်အတွက် လုံးဝအကျိုးမရှိပါဘူးလို့ တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။