အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့စိတ်ဓာတ်ကျခြင်းရဲ့လက္ခဏာများ

လူတိုင်းလိုလိုမှာ ဝမ်းနည်းခြင်းကနေ စိတ်ဓာတ်ကျခြင်းဖြစ်လာတဲ့အထိ ဆိုးဝါးသွားနိုင်ပါတယ်။ ဝမ်းနည်းခြင်းက နက်နက်ရှိုင်းရှိုင်းခံစားလာရတဲ့အခါ၊ အချိန်ကြာမြင့်စွာ ပူဆွေးသောကရောက်နေတဲ့အခါမျိုးကနေတဆင့် စိတ်ဓာတ်ကျခြင်းဆီသို့ ဦးတည်လာပါတယ်။ ထိုခံစားချက်က သင့်ကို အခြားလူတစ်ယောက်ကဲ့သို့ လုံးဝပြောင်းလဲသွားစေနိုင်ပါတယ်။


အမျိုးသမီးတွေက အမျိုးသားတွေထက်ကို စိတ်ဖိစီးမှုကို ပိုပြီး ခံစားရနိုင်ပါတယ်။ အကြောင်းအရာအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုပိုခံစားရတတ်ပါတယ်။ သားသမီးအတွက်၊ အိမ်မှုကိစ္စ၊ ငွေကြေးကိစ္စ၊ အလုပ်ကိစ္စ၊ ဆွေချိုးသားချင်းကိစ္စ၊ မိသားစုကိစ္စ၊ အမျိုးသားကိစ္စ စသဖြင့် အမျိုးမျိုးသော စိတ်ဖိစီးမှုတွေကို လက်ခံထားတတ်ကြပါတယ်။ ပူပန်တတ်ကြပါတယ်။ အဲဒါကြောင့် စိတ်ဓာတ်ကျခြင်းလက္ခဏာတွေကို ခံစားရဖို့က အမျိုးသမီးတွေက ပိုပြီး အဖြစ်များပါတယ်။

၁) အားအင်ကုန်ခမ်းနေသလိုခံစားနေရခြင်း
စိတ်ဓာတ်ကျခြင်းက မောပန်းလွယ်ပါတယ်။ စိတ်ဓာတ်ကျနေတဲ့အခါ မောပန်းတဲ့ခံစားချက်ကိုပိုပြီးခံစားလွယ်ပါတယ်။ တစ်ညလုံးအိပ်မောကျနေတယ်ဆိုရင်တောင်မှ မောချင်မောနေတတ်ပါတယ်။ စိတ်ဓာတ်ကျခြင်းက စိတ်ဖိစီးစေတဲ့အတွက် သင့်ရဲ့စွမ်းအင်ကိုတွေကို ကုန်ခမ်းလွယ်စေတာကြောင့်ပါ။

၂) အိပ်စက်ချိန်မမှန်ခြင်း
စိတ်ဓာတ်ကျတဲ့အခါဖြစ်ပေါ်တတ်တဲ့လက္ခဏာတစ်ခုကတော့ အိပ်စက်ချိန်မမှန်ခြင်းပါပဲ။ တစ်နေ့လုံး အိပ်ရာထဲမှာသာ ခွေနေတတ်ပေမယ့်အိပ်ရေးမဝဘဲ၊ အိပ်မပျော်တတ်ပါဘူး။ သူတို့ရဲ့စိတ်ထဲကခံစားချက်တွေကြောင့် အိပ်စက်ချိန်မမှန်တော့ပါဘူး။

၃) စိတ်ပျက်ဝမ်းနည်းလွယ်ခြင်း
မျှော်လင့်ချက်မဲ့နေသလိုခံစားရတတ်ပါတယ်။ အတိတ်ကအကြောင်းအရာတွေကော၊ လက်ရှိအကြောင်းအရာတွေကြောင့်ကောတွေးတောနေပြီး ဝမ်းနည်းလွယ်နေတတ်ပါတယ်။ သူတို့ိကိုယ်သူတို့ စိတ်ပိုင်းဆိုင်ရာအရ ထိန်းချုပ်နိုင်မှုအားနည်းတတ်ပါတယ်။ စိတ်ပျက်စရာတွေကို မတွေးဘဲကိုနေလို့မရဘဲဖြစ်နေတတ်ပြီး စိတ်ဆင်းရဲစရာတွေကိုသာ တွေးတောငေးမှိုင်နေတတ်ပါတယ်။

၄) စိတ်ရှုပ်၊ စိတ်တိုလွယ်ခြင်း
စိတ်ပျက်ဝမ်းနည်းလွယ်ရုံမက စိတ်ရှုပ်ဒေါသထွက်လွယ်ပါတယ်။ စိတ်ဓာတ်ကျနေတဲ့အခါ စိတ်တိုစိတ်ဓာတ်နေတတ်ပါတယ်။ စိတ်ထဲမှာ အမြဲပူပန်သောကရောက်၊ စိတ်ဆင်းရဲနေတဲ့အတွက် ဘယ်အရာကိုမှ စိတ်မရှည်တော့သလို၊ စိတ်ရှုပ်နေပြီး ဒေါသထွက်လွယ်ပါတယ်။ အဲဒါကြောင့် လူမှုဆက်ဆံရေးမှာ
အခက်အခဲတွေဖြစ်လာပါတယ်။

၅) အစာစားချင်စိတ်နည်းပါးလာခြင်း
အိပ်စက်ခြင်းကဲ့သို့ အစာစားခြင်းမှာလည်း ပုံမှန်မဟုတ်တော့ပါဘူး။ စိတ်ဓာတ်ကျနေတဲ့အခါ စိတ်ဆင်းရဲခြင်း၊ စိတ်ရှုပ်ခြင်း၊ ဒေါသထွက်ခြင်းစတာတွေဖုံးလွှမ်းနေပြီး အစာစားဖို့ ပျက်ကွက်လာတတ်ပါတယ်။ အစာစားချင်စိတ်လည်း နည်းပါးလာပါတယ်။ အစာကိုပုံမှန်စားဖို့ထက် စိတ်ဆင်းရဲစရာကိုသာတွေးတောနေတတ်ပါတယ်။

၆) စိတ်ဝင်စားမှုနည်းပါးလာခြင်း
သင့်ကို စိတ်လှုပ်ရှားမှုနဲ့ စိတ်ပါဝင်စားမှုဖြစ်စေမယ့်အရာတွေက ကြာရှည်စွာမဆွဲဆောင်ထားနိုင်ပါဘူး။ စိတ်ဝင်စားမှုနည်းပါးလာပါတယ်။ ပျော်စရာကောင်းတာတွေပဲဖြစ်ဖြစ်၊ ဘယ်လိုအနုပညာမျိုးပဲဖြစ်ဖြစ် စိတ်ပါဝင်စားမှုနည်းပါးလာပါတယ်။ ကိုယ်အရင်က အရမ်းစိတ်ပါဝင်စားတဲ့အရာတွေကိုတောင် စိတ်မဝင်စားတော့တာမျိုးဖြစ်တတ်ပါတယ်။

၇) သတ်သေမယ့်အဆင့်ထိတွေးမိနေခြင်း
စိတ်ဓာတ်ကျနေတဲ့အခါ ခံစားချက်တစ်ခုက ရှင်သန်ဖို့ရာ အဓိပါ္ပယ်မရှိတော့ဘူးလို့ခံစားရတာပဲဖြစ်ပါတယ်။ အဲဒါကြောင့် သတ်သေချင်မိလာပါတယ်။ သေလိုက်တာပဲကောင်းပါတယ်လို့တွေးတဲ့အထိ ဖြစ်လာပါတယ်။ သူတို့အတွက် ခုလက်ရှိအသက်ရှင်နေခြင်းက ဘာမှမျှော်လင့်ချက်မရှိသလို၊ ဘာမှ အဓိပ္ပါယ်မရှိဘူးလို့ တွေးနေတာမျိုးမို့ ဒီလိုငြီးငွေ့ဖွယ်ဘဝကနေ လွတ်မြောက်ဖို့က သတ်သေခြင်းပဲလို့အထင်ရောက်နေတတ်ပါတယ်။

၈) ဘာခံစားချက်မှမရှိခြင်း
ဘယ်အရာတွေပဲဖြစ်ဖြစ်၊ ဘယ်အကြောင်းအရာပဲဖြစ်ဖြစ် သူတို့မျက်လုံးထဲမှာ၊ သူတို့စိတ်ထဲမှာ ဘာမှခံစားချက်မဖြစ်ပေါ်နိုင်တော့ပါဘူး။ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ အားကျခြင်း၊ ဝမ်းသာခြင်းတွေထက် ဘာဆိုဘာမှ မဟုတ်ဘူးလို့ တွေးနေမိတတ်ပါတယ်။

၉) အာရုံစိုက်မှုအားနည်းခြင်း
သင့်ကိုယ်သင်ဘာတွေပြောလို့ပြောမိနေမှန်းမသိတော့ပါဘူး။ အခြားသူတွေဘာပြောနေသလဲ၊ ဘာလုပ်နေသလဲဆိုတာလဲ မြင်သာမြင်၊ ကြားသာကြားနေပေမယ့် ဘာမှန်းမသိတော့ပါဘူး။ စိတ်ဓာတ်ကျခြင်းက အာရုံစူးစိုက်မှု့ကို ရှု့ပ်ထွေးစေပါတယ်။ မကောင်းတဲ့အတွေးအခေါ်တွေကသာ သူ့ကိုလွှမ်းမိုးထားတဲ့အတွက် ကျန်တာကို ဘာမှကိုအာရုံမစိုက်နိုင်တော့ပါဘူး။
ထိုလက္ခဏာတွေကို သတိထားပြီး ကိုယ့်ကိုကိုယ်ဆန်းစစ်ကြည့်ပါ။ ကိုယ့်ကိုကိုယ်စိတ်ဖိစီးမှုများနေတယ်လို့ ထင်နေတယ်ဆိုရင် စိတ်ဖိစီးမှုပြေလျော့စေမယ့်လေ့ကျင့်ခန်းတွေ၊ လုပ်သင့်လုပ်ထိုက်တာတွေ၊ ကျန်းမာရေးလိုက်စားသင့်တာလိုက်စားပါ။ စိတ်ပြေလက်ပျောက်နေပါ။ စိတ်ဓာတ်ကျတဲ့လက္ခဏာတွေဖြစ်နေပြီဆိုရင်တော့ မပေါ့ဆဘဲ သက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
https://www.powerofpositivity.com/signs-of-depression-in-…/… လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။